သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများရပ်တန့်နေ


၂၀၁၈၊ ဧပြီလအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လမ်းဖောက်လုပ်ရေးစီမံကိန်း။ (၂၀၁၈၊ ဧပြီ ၂၅)
၂၀၁၈၊ ဧပြီလအတွင်းက ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်အတွင်း လမ်းဖောက်လုပ်ရေးစီမံကိန်း။ (၂၀၁၈၊ ဧပြီ ၂၅)


[[Zawgyi/Unicode]]

ရခိုင်ပြည်နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းဈေးတွေ ၂ ဆလောက် မြင့်တက်နေတာကြောင့် ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းထားနေကြရပါတယ်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ ပြည်နယ်ထဲ တင်သွင်းခွင့်ကို ပြည်နယ်ကောင်စီက ကန့်သတ်ထားတယ်လို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေက ပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်း ဆောက်လုပ်ရေးလုပ်ငန်းတွေ အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်က လာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ စက်သုံးဆီဈေးနဲ့ ဆောက်လုပ်ရေးပစ္စည်းဈေးတွေ တက်လာတာကြောင့် ဆောက်လုပ်ရေး လုပ်ငန်းတချို့ရပ်ဆိုင်းထားရပါတယ်။ ဘိလပ်မြေလို အဓိက အိမ်ဆောက်ပစ္စည်းဈေးတွေက ၂ ဆလောက် ဈေးတွေတက်သွားတဲ့အတွက် အခက်အခဲဖြစ်နေတယ်လို့ အဆောက်အဦး ကန်ထရိုက်ဆောက်လုပ်ရေး လုပ်ငန်းရှင် ဦးစိုးလွင်က ပြောပြပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေက အမှန်တကယ်လည်း ရပ်ဆိုင်းသွားတာတွေရှိပါတယ်။ ဆောက် လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေရဲ့ ဈေးနှုန်းက အရင်တုန်းက ဘိလပ်မြေတအိတ်ကို ၆,၅၀၀ ဆိုလို့ရှိရင် အခုက တသောင်းခွဲ နီးပါးအထိ တက်သွားပါတယ်။ ဆိုတော့... တော်ရုံလူုတွေက မလုပ်နိုင်တော့ဘူး။ လုပ်လက်စလုပ်ငန်းတွေကလည်း တိုးလို့တန်းလန်းဖြစ်။ နောက်ပြီး တချို့အလုပ်သမားတွေကျတော့လည်း ပိုင်ရှင် ငွေရေးကြေးရေးအဆင်မပြေလို့ စားဝတ်နေရေး အခက်အခဲဖြစ်တာတွေ၊ လုပ်ငန်းတွေလည်းမရှိတော့ဘူးပေါ့။”

စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း ကုန်ဈေးနှုန်းတွေ ထိုးတက်ခဲ့သလို ဘဏ်တွေကနေ ငွေထုတ်ဖို့ခက်ခဲတာတွေကြောင့်လည်း ဆောက်လက်စလုပ်ငန်းတွေ ရပ်ထားကြရတာပါ။ လုပ်ငန်းတွေရပ်နေတဲ့အတွက် ဆောက်လုပ်ရေးလုပ်သားတွေ အလုပ်လက်မဲ့ဖြစ်နေကြတယ်လို့ ဦးစိုးလွင်က ပြောပါတယ်။

“အလုပ်လက်မဲ့တွေကလည်း ၁၀၀ မှာ ၇၀ လောက်အထိ ရှိသွားကြပါပြီ။ ဆောက်လုပ်ရေးအလုပ်တွေမလုပ်ဘဲ တခြားအလုပ် ပြောင်းလုပ်သူတွေ၊ အလုပ်မရှိဘဲ ထိုင်နေရတဲ့သူတွေ... သူတို့အတွက်ကတော့ စားဝတ်နေရေး အခက်အခဲတွေကြုံနေရတယ်။”

ပြည်ပက ပစ္စည်းတင်သွင်းမှုတွေလည်း ထိခိုက်နေတဲ့အတွက် ဆောက်လုပ်ရေးသုံး ပစ္စည်းတွေဈေးတက်နေတာအပြင် တချို့ ပစ္စည်းတွေဆို ပြတ်လပ်တဲ့အထိဖြစ်နေတယ်လို့ ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်ဘဏ္ဍာရေးမှူး ဦးထွန်းလှကျော်က ပြောပါတယ်။

“နိုင်ငံခြားက ပစ္စည်းတွေက နိုင်ငံရေးမတည်ငြိမ်လို့ အခုလောလောဆယ် မဝင်တာတွေလည်းရှိတယ်၊ အဝင်နည်းတာလည်းရှိတယ်၊ ပြည်တွင်းက ထုတ်ကုန်တွေကလည်းဒေါ်လာဈေးတွေတက်တော့ သူတို့ကုန်ပစ္စည်းတွေကိုလည်း ဈေးတင်ရောင်းကြတယ်၊ ဒီက ဝယ်ရောင်းသမားတွေကလည်း အဲဒီက နေဝယ်ရတာဆိုတော့ နည်းနည်းတက်ရင် များများတင်ရောင်း နေကြတယ်။”

ရခိုင်ပြည်နယ် အုပ်ချုပ်ရေးကောင်စီက ရခိုင်ပြည်နယ်ထဲကို ဆောက်လုပ်ငန်းရေးပစ္စည်းအပါအဝင် ကုန်ပစ္စည်းတချို့ တင်သွင်းခွင့်ကို ကန့်သတ်ထားတာကြောင့်လည်း အခက်အခဲကြုံနေကြရတာဖြစ်ပါတယ်။

“တော်တော်များများတော့ ပါတယ်။ ပြည်မဘက်တင်လာမယ်။ ကားပေါ်တင်မယ်ဆိုရင် အရောင်းဆိုင်ကလည်း မှတ်ပုံတင်နဲ့ နယ်လုံဝန်ကြီးရဲ့ ခွင့်ပြုချက်တင်ရတယ်လေ၊ အဲဒီခွင့်ပြုချက်ရမှပဲ အဲဒါကို သယ်လာလို့ရတယ်။”

ရခိုင်ပြည်နယ်ဟာ နဂိုကတည်းက ဖွံ့ဖြိုးတက်တက်မှုအနည်းဆုံးပြည်နယ်တခုဖြစ်လို့ အခုလို ဆောက်လုပ်ငန်းရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတာဟာ ပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှုကိုတွေကို ထိခိုက်စေနိုင်တယ်လို့လည်း ဆောက်လုပ်ရေးလုပ်ငန်းရှင်တွေကပြောပါတယ်။ ရခိုင်ပြည်နယ်အတွင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ပြန်ပြီးတော့ လည်ပတ် လာနိုင်အောင် အစိုးရနဲ့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းတို့ ဆွေးနွေးတိုင်ပင် အဖြေရှာရသင့်တယ်လို့လည်း ရခိုင်ပြည်နယ်ဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း တွဲဖက်ဘဏ္ဍာရေးမှူး ဦးထွန်းလှကျော်က ပြောပါတယ်။

“ဆောက်လုပ်ရေးလုပ်ငန်းတွေ လည်ပတ်ဖို့ဆိုတာကတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းနဲ့ အစိုးရအဖွဲ့အစည်းတွေနဲ့ဆွေးနွေးပြီးတော့ အဖြေရှာမှပဲ စည်းနဲ့ကမ်းနဲ့ အဖြေပေါ်လာမှာပေါ့၊ အခုက တင်ဒါ ဈေးနှုန်းတွေမှာလည်း ဒီနေ့ဈေးနှုန်းနဲ့ နောက်လ ဈေးနှုန်းတွေက ကွာဟမှုတွေများနေတော့ လုပ်မယ့်သူတွေက စိုးရိမ်ကြောင့်ကြမှုကြောင့် မလုပ်ရဲကြဘူးလေ။ ... ဆိုတော့ ဈေးနှုန်းတက်တဲ့အပေါ် ကုမ္ဗဏီတွေကို ဘယ်လို ဖြေလျော့ရမလဲ၊ ကုမ္ဗဏီရဲ့အကျိုးအမြတ်နဲ့ နိုင်ငံခြား Infrastructure တွေကို အမြန်ဆုံး ဖော်ဆောင်နိုင်အောင်ဘယ်လို လုပ်မလဲဆိုပြီးတော့ ဆောက်လုပ်ရေးလုပ်ငန်းရှင်အသင်းနဲ့ အစိုးရအဖွဲ့အစည်းတွေအနေနဲ့မကြာမကြာ အစည်းအဝေးလုပ်ပြီး ညှိနှိုင်းလိုက်ရင်တော့ အဖြေထွက်လာမယ်လို့ထင်တယ်။”

ရခိုင်ပြည်နယ်မှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေတာနဲ့ပတ်သက်ပြီး ပြည်နယ်ကောင်စီက ဘာတွေအရေးယူ လုပ်ဆောင်နေသလဲဆိုတာသိရဖို့ ပြည်နယ်ကောင်စီပြောခွင့်ရ ဦးလှသိန်းကို ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုခြင်း မရှိခဲ့ပါဘူး။ စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံရေးမတည်ငြိမ်မှုတွေကြောင့် တချို့ ပြည်ပရင်း နှီးမြှုပ်နှံမှုတွေ ပြန်ရုပ်သိမ်းသွားသလို ဆက်ပြီးမလည်ပတ်နိုင်ဘဲ ရပ်ထားရတဲ့ လုပ်ငန်းတွေလည်း ရှိနေတာပါ။ စက်သုံးဆီဈေးတွေနဲ့ ကုန်ဈေးနှုန်းတွေ မြင့်တက်လာနေတာကြောင့် တခြားသယ်ယူပို့ဆောင်ရေးနဲ့ တနိုင်တပိုင်လုပ်ငန်းတွေလည်း ပုံမှန်လည် ပတ်နိုင်တဲ့ အခြေအနေမှာမရှိတော့ဘူးလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

တိုက်ရိုက် လင့်ခ်

==========
[[Unicode]]















==========

XS
SM
MD
LG