သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါ


သာကေတထူပါရုံရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာများကို ကုသပေးရန် ခေါ်ဆောင်နေစဉ် (ဇူလိုင် ၇၊ ၂၀၂၄)
သာကေတထူပါရုံရပ်ကွက်အတွင်း ဝမ်းပျက်ဝမ်းလျှော လူနာများကို ကုသပေးရန် ခေါ်ဆောင်နေစဉ် (ဇူလိုင် ၇၊ ၂၀၂၄)

မိုးရာသီဝင်လာချိန် ရန်ကုန် မြို့နယ်တချို့မှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ကူးစက်မှတွေ ပြင်းထန်လာချိန်၊ အသက်အန္တရာယ် မရှိအောင် လုပ်ဆောင်သင့်တာကို ကျန်းမာရေးပညာရှင်တွေက အကြံပြုသတိပေး ပြောကြားနေပါတယ်။

ဝမ်းပျက်ဝမ်းလျှောရောဂါ (Diarrhea) တွေထဲ ကာလဝမ်းရောဂါ (Cholera) က ပြင်းထန်တတ်ပြီး၊ အသက်အန္တရာယ်ဖြစ်စေတဲ့ အကြောင်းရင်းက ရေဓါတ်ဆားဓါတ် ရုတ်တရက် အများကြီး ဆုံးရှုံးသွားလို့ပါ။ အခုလို ကာလဝမ်းရောဂါဒဏ်ကို လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အာရှအပါအဝင် ကမ္ဘာ့နိုင်ငံတချို့မှာ ကပ်ရောဂါအသွင် ခံစားခဲ့ရပြီး၊ မကြသေးခင် နှစ်တချို့အတွင်းကလည်း ဟေတီနိုင်ငံမှာ ပြင်းပြင်းထန်ထန် ခံစားသေဆုံးခဲ့ရပါတယ်။ ဝမ်းပျက်ဝမ်းလျှောကြောင့် အူက ရေမစုပ်နိုင်တော့ဘဲ ရေနဲ့အတူ ဆားဓါတ်ပါ ဆုံးရှုံးရတာမှာ၊ ကာလဝမ်းရောဂါကတော့ သေဆုံးမှုနှုန်း များတတ်ပါတယ်။

ဒီရောဂါတွေကြောင့် အသက်အန္တရာယ် မဖြစ်အောင် ရေဓာတ်ဆားဓါတ်ကို အမြန်ဆုံးပြန်ဖြည့်ဖို့ အရေးကြီးဆုံးပါ။ ပြင်းထန်တဲ့ ဝမ်းပျက်ဝမ်းလျှောဒဏ် ပိုခံစားရလေ့ရှိသူတွေကတော့ ကိုယ်ခံအားနည်းသူတွေပါ။ အသက်ငယ်သူတွေနဲ့ ကြီးသူတွေမှာ လူလတ်ပိုင်းတွေလောက် ကိုယ်ခံအား မကောင်းတာမို့ ပိုပြင်းထန်နိုင်ပါတယ်။ ဓာတ်ဆားထုတ် ဝယ်မသောက်နိုင်လျှင်လည်း၊ အိမ်က ဆားနဲ့သကြားကို ကျိုထားတဲ့ ရေနွေးနွေးလေးနဲ့ဖျော်ပြီး ဝမ်းသွားချိန် ဆုံးရှုံးသွားတဲ့ ရေပမာဏနဲ့အညီ ချက်ချင်းသောက်သင့်ပါတယ်။ ပိုပြင်းထန်လာလျှင်တော့ ဆေးရုံဆေးခန်းသွားပြီး အမြန်ဆုံး ဓါတ်ဆာရည် သွင်းပါ။

တကယ်လို့ ရေဓါတ်ဆားဓါတ် အမြန်ပြန်မဖြည့်ပေးနိုင်လျှင်တော့ သေဆုံးမှု ဖြစ်နိုင်တဲ့ နောက်ဆက်တွဲတွေ ချက်ချင်းဖြစ်လာပါလိမ့်မယ်။ ရေဓါတ် ခမ်းသွားတာကြောင့် ကျောက်ကပ် အလုပ်မလုပ်တော့ဘဲ၊ အညစ်အကြေးတွေ မထုတ်နိုင်တော့ကာ စုပုံလာပါတယ်။ ဒါ့အပြင် ရေဓါတ် ဆားဓါတ် ဆုံးရှုံးမှုကြောင့် သွေးပေါင်ချိန် အလွန်ကျဆင်းလာပါတယ်။ တချိန်ထဲမှာ ကိုယ်ခန္ဓာအားအတွက်လိုတဲ့ ဓါတ်ဆားတွေ (ဥပမာ ဆိုဒီယမ်နဲ့ ပိုတက်ဆီယံစတာ) ကုန်ခမ်းသွားပြီး အသက်အန္တရာယ် ကြီးလာတာပါ။ နောက်ဆုံး မေ့မျောတဲ့အဆင့်ထိ ဖြစ်တတ်ပါတယ်။

မိုးရာသီနဲ့ ယင်ကောင်တွေ ပေါများလာချိန် ရေ၊ အစာ၊ အိမ်သာနဲ့ လက်မသန့်တာကြောင့် ဝမ်းလျှောဖို့ ဖြစ်လွယ်တာကို ပြင်ဆင်ကာကွယ်ထားသင့်ပါတယ်။ ဝမ်းလျှောလာလျှင် ချက်ချင်းသတိပြုမိပြီး၊ ကုသမှု အမြန်ခံယူသင့်ပါတယ်။ သိနိုင်ဖို့ အဓိက လက္ခဏာကတော့ ဝမ်း အကြိမ်ကြိမ် သွားတာပါ။ ဝမ်းသွားတဲ့ ပမာဏနဲ့ အကြိမ်များလာတာနဲ့အမျှ မလှုပ်ရှားချင်ဘဲ နုံးချိ့လာတတ်ပါတယ်။ တကယ်လို့ အစာမှားပြီး ဝမ်းသွားလျှင်တော့၊ ဝမ်းပိတ်ဆေး မသောက်ဘဲ၊ အစာအဆိပ် ကုန်သွားအောင် လွှတ်ထားပေးကာ၊ ဆုံးသွားတဲ့ ရေဓါတ်ဆားဓါတ်ကိုသာ အမြန် ပြန်သောက်ပေးသင့်ပါတယ်။

ဒီရောဂါအကြောင်း ပိုမိုသိရှိနားလည်ဖို့ ကိုဝင်းမင်းက နယူးယောက်မြို့ Wyckoff Heights ဆေးရုံက အထွေထွေရောဂါကုဌာန ဒုဆေးရုံအုပ်ကြီးနဲ့၊ မြန်မာလူနာတွေကိုလည်း အင်တာနက်ဖုန်းကတဆင့် ကူညီကုသပေးနေခဲ့တဲ့၊ ကူးစက်ရောဂါအထူးကု ဒေါက်တာဇေယျာသက် ကို ဆက်သွယ်မေးမြန်း တင်ပြလိုက်ပါတယ်။

Forum

XS
SM
MD
LG