[[Zawgyi/Unicode]]
ဒီနေ့ သင်္ကြန်အကြတ်နေ့ဖြစ်တဲ့ ဧပြီ ၁၅ ရက်နေ့မှာ မွန်ပြည်နယ်ထဲက မော်လမြိုင်အပါအဝင် မြို့ တော်တော်များများမှာ ရေကစားတာ အနည်းအကျဉ်းလောက်ပဲရှိတယ်လို့ ဒေသခံတွေက ပြောကြ ပါတယ်။ ရေကစားသူတွေ စည်ကားတဲ့ နယ်မြို့တချို့ လည်းရှိပါတယ်။ တော်လှန်သင်္ကြန် လုပ်ကြဖို့ ဆော်သြမှုတွေ၊ ဗုံးကွဲတိုက်ခိုက်မှုတွေဖြစ်မှာ စိုးရိမ်မှုတွေကြောင့် အများစုက ရေကစား မထွက်တာလို့ မွန်ဒေသခံတချို့ကပြောပါတယ်။ အစဉ်အလာအားဖြင့် စည်ကားခဲ့တဲ့ မွန်ပြည်နယ် ဘက်က သင်္ကြန်အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုရန်နိုင်က တင်ပြပေးထားပါတယ်။
မြန်မာနိုင်ငံမှာကျင်းပတဲ့ နှစ်သစ်ကူးသင်္ကြန်ပွဲတော်တွေမှာ မွန်ပြည်နယ်က မွန်ရိုးရာ သင်္ကြန်ပွဲတွေ ဟာလည်း ပုံမှန်အားဖြင့် စည်ကားတယ်လို့ နာမည်ကျော်ပါတယ်။ ထုံးစံအရ သင်္ကြန်အကြိုနဲ့ အကျ နေ့တွေမှာ ကလေးငယ်တွေ ရေကစားကြလေ့ရှိပြီး အကြတ်၊ အတက်နဲ့ နှစ်ဆန်း ၁ ရက်နေ့တွေမှာ လူကြီးတွေ ပါဝင်ရေကစားကြလေ့ရှိပါတယ်။ ဒီနှစ်မှာတော့ အကြတ်နေ့ဖြစ်တဲ့ ဒီနေ့ မော်လမြိုင်မြို့မှာ ရေကစားသူ သိသိသာသာ နည်းတယ်လို့ မွန်ညီညွတ်ရေးပါတီက လွှတ်တော်ကိုယ်စားလှယ်ဟောင်း မင်းအောင်ထူးက ပြောပါတယ်။
“လွန်ခဲ့တဲ့နှစ်ကနဲ့ အခုသင်္ကြန်ကတော့ တခြားစီပဲလေ။ ဒီနှစ်မှာကျတော့ သင်္ကြန်မှာ ရေပက်ခံတဲ့ သူတွေ၊ ရေပက်တဲ့သူတွေ သိပ်မတွေ့ဘူးပေါ့လေ။ ဒီအစိုးရကလုပ်တဲ့ မဏ္ဍပ်တွေမှာလောက်ပဲ လူတွေ နည်းနည်းပါးပါးရှိတာ တွေ့ရတယ်။ သာမန်လူထုတွေကျတော့ ရေကစားတာ သိပ်မတွေ့ရဘူးပေါ့လေ။ တချို့နေရာတွေမှာ ကလေးလေးတွေ ရေကစားတာမျိုးတော့ရှိတာပေါ့လေ။ မဏ္ဍပ်ထိုးပြီးမှ ရေပက်တာ မျိုးတော့မရှိဘူး။ ”
ခါတိုင်းနှစ်တွေမှာ သင်္ကြန်အကြတ်နေ့နဲ့ အတက်နေ့တွေဆိုရင် မော်လမြိုင်နဲ့ မုဒုံမြို့ကသင်္ကြန်ကို မွန်ပြည်နယ်ရဲ့ တခြားဒေသတွေကနေ တကူးတကလာပြီး ရေကစားကြလို့ အင်မတန် စည်ကားခဲ့ တယ်လို့ မော်လမြိုင်မြို့ခံ မမီးမီးက အရင်အခြေအနေကို ပြောပြပါတယ်။
“မော်လမြိုင်သင်္ကြန်နေ့ကတော့သတ်မှတ်ကျတာတော့အတက်နေ့မှာပေါ့။ အတက်နေ့မှာတော့ ရှိသမျှကားတွေကတော့ မော်လမြိုင်မှာဘဲ စုပြုံပြီးတော့သွားကြတာ။ ဒီကမ်းနားလမ်းတလျှောက်ပေါ့။ ကမ်းနားလမ်းမှာတော့ ရေကောင်းတယ်။ အဲဒီမှာ လမ်းလျှောက်ပြီးတော့ အပြည့်၊ မဏ္ဍပ်လည်း ရှိပါတယ်။ ဌာနဆိုင်ရာမဏ္ဍပ်လည်း ရှိတာပေါ့ ဟိုတုန်းက။ ဖျော်ဖြေရေးတွေ ပြိုင်ပွဲတွေ ပျော်ပွဲ ရွှင်ပွဲတွေ ရှိတယ်။”
ပေါင်မြို့နယ်အတွင်းမှာလည်း ကလေးရေကစားမဏ္ဍပ် ကြိုးတိုးကြဲတဲလောက်ပဲရှိတယ်လို့ ပေါင်မြို့ခံ ကိုညီညီစိုးကပြောပါတယ်။
“ဒီသင်္ကြန်အကြတ်နေ့မှာဆိုလို့ရှိရင် ပေါင်မြို့ပေါ်ရပ်ကွက်တွေနဲ့ နောက် နယ်ရွာတွေမှာ ရေကစား ကြတယ်။ ကား ထော်လာဂျီတွေနဲ့ပေါ့နော်။ ကားကြီးဆိုတာက ဟိုင်းလက်တွေ၊ ဟိုင်းဂျက်တွေနဲ့ လည်ပတ်တာ ဒီနေ့မမြင်ရဘူး။ ဒါပေမယ့် မြို့နယ်အဆင့်အနေနဲ့ ရေကစားမဏ္ဍပ်ကြီးတွေ မရှိတော့ ဘူး။ လမ်းကြိုလမ်းကြားမှာ အုန်းလက်မဏ္ဍပ်တွေပေါ့။ အဲဒါ ရေပက်ကစားကြတယ်။”
စစ်ကောင်စီအုပ်ချုပ်မှု ဆန့်ကျင်တဲ့အနေနဲ့ ဒီနှစ်သင်္ကြန်မှာ ပျော်ပွဲရွှင်ပွဲတွေ မဆင်နွဲကြဖို့ စစ်အာဏာ ရှင်ဆန့်ကျင်သူတွေက ဆော်သြတိုက်တွန်းနေကြပါတယ်။ အဲဒီတိုက်တွန်းမှုတွေကြောင့်ရော စိတ် မပျော်နိုင်တဲ့ အခြေအနေကြောင့်ပါ မွန်ပြည်နယ်ထဲမှာ အများစုက ရေမကစားကြဘူးလို့ မုဒုံမြို့ခံ မိသန္တာကပြောပြပါတယ်။
“ရေမကစားဖြစ်ပါဘူး။ ဆော့လည်းမဆော့ဖြစ်ပါဘူး။ ခုသင်္ကြန်ကပေါ့နော်၊ တော်လှန်သင်္ကြန်လို့ ပြောနေကြတာ။ အဲတာကြောင့်လဲ ပါမယ်။ နောက် လွတ်လပ်တဲ့အနေအထားမျိုး ဖြစ်မနေဘူးပေါ့နော်။ ဒီမိုကရေစီနိုင်ငံ မဖြစ်နေဘူး။ စိတ်က ပျော်ရွှင်မနေဘူးပေါ့ နော်။ လူငယ်တွေအများစုကလည်း တောထဲ ရောက်နေတာလည်း ပါတယ်။ နောက်တခါထောင်ထဲမှာလည်း ရှိနေတဲ့ အထိန်းသိမ်းခံထားရ တာလည်း ရှိတော့ သူတို့တွေကို ငဲ့ကွက်ပြီးတော့ပေါ့နော် ရေကစားချင်စိတ်လည်း မရှိပါဘူး။”
မော်လမြိုင်၊ မုဒုံ၊ သံဖြူဇရပ်၊ သထုံစတဲ့မြို့ကြီးတွေမှာ ရေကစားတာနည်းနေပေမယ့် တချို့ နယ်မြို့တွေမှာတော့ စည်ကားနေပါ တယ်။ ရေးမြို့နယ်ထဲက လမိုင်းမြို့နဲ့ နယ်ရွာတွေမှာလည်း ရေကစားတဲ့သူတွေ များတယ်လို့ မြို့ခံ မဝါစိုးက ပြောပါတယ်။
“သင်္ကြန်လည်သူတွေများတယ် အများကြီး။ လမိုင်း၊ မော့ကနင်၊ ပြီးတော့သောင်ပြင်ရွာတွေမှာ လူများတယ်။ လူစုံတယ်။ ရေပက်တာက ကြမ်းကြမ်းမပက်ဘူး။ သူတို့ဖြေးဖြေးသွားရင် ဖြေးဖြေးပဲ လောင်းပေးတယ်။”
စစ်ကောင်စီအစိုးရကနေ ကိုဗစ်ရောဂါကြောင့် လူဦးရေကန့်သတ်ထားတာကို ဖြေလျှော့ထားပြီး မြို့နယ်တိုင်းမှာ ရေကစားမဏ္ဍပ်တွေနဲ့ ရေကစားခွင့်ပြုပေမယ့် မွန်ပြည်နယ်ရဲ့ ဒီနှစ်သင်္ကြန်ဟာ တော်တော်လေး တိတ်ဆိတ်နေပါတယ်။ ယခင်ကစည်ကားခဲ့တဲ့ မွန်ပြည်နယ် သင်္ကြန် ဒီနှစ်မှာ စည်ကားမှုမရှိတဲ့အကြောင်းရင်းကိုတော့ မော်လမြိုင်မြို့ခံ ကိုမင်းမင်းက အခုလို သုံးသပ်ပါတယ်။
“ဒီနောက်ပိုင်းမှာ ကိုဗစ်ရဲ့ ကပ်ရောဂါကြောင့် လူစုလူဝေးလုပ်လို့မရတော့ဘူးဆိုတဲ့ စည်းမျဉ်း စည်း ကမ်းတွေလည်း လျော့ရဲလာတယ်။ ဒါပေမယ့် အခုလူတွေက သင်္ကြန်ပွဲတော်လိုမျိုးတွေကျတော့ သိပ်ပြီးအပြင်မထွက်ဘူးဆိုတာကတော့ ဟိုဘက် NUG တို့၊ PDF တို့ရဲ့ တော်လှန်သင်္ကြန်တို့၊ ဘာတို့ ညာတို့.. အဲဒီ ခြိမ်းခြောက်မှုတွေ ရှိလာတဲ့အနေအထားမှာ လူစုလူဝေးသွားရင် ဗုံးကွဲမှာလည်း ကြောက်ရတယ်။ နောက်ပြီးတော့ဟိုပေါ့။ နိုင်ငံတော်အစိုးရရဲ့ ကျင်းပတဲ့သင်္ကြန်ပွဲမှာ ဝင်ပြီးတော့ အားပေးတာတွေလည်း ဒီဘက်ကအုပ်စုဘက် ပူးကပ်သလိုမျိုးလည်း ယူဆတယ်လို့ ရှိကောင်းရှိနိုင်တယ်။ ”
မွန်ပြည်နယ်ဒေသခံတွေဟာ သင်္ကြန်ရက်အတွင်း စက်စဲ၊ ကဗျာဝ အစရှိတဲ့ ပင်လယ်ကမ်းခြေဘက်ကို အပန်းဖြေခရီး ထွက်ကြတာများတယ်လို့ ကိုမင်းမင်းကပြောပါတယ်။ မွန်ပြည်နယ်မှာ ပုံမှန်အားဖြင့် သင်္ကြန်အကြတ်နေ့မှာ စက်စဲ ကျိုက္ခမီ၊ အတက်နေ့မှာ မော်လမြိုင်၊ ကျိုက်မရောဘုရားနဲ့ နှစ်ဆန်း တရက်နေ့မှာ ရိုဂိုးဘုရားပွဲသွားပြီး ရေပက်ခံလေ့ရှိကြပါတယ်။ သင်္ကြန်တွင်း ရေကစားတာသာမက ဥပုသ် သီလဆောက်တည်တာ၊ သက်ကြီးရွယ်အိုတွေကို ပူဇော်ကန်တော့ ရေချိုးပေးတာ၊ သင်္ကြန်ထမင်း၊ မုန့်လုံးရေပေါ်အစရှိတဲ့ မုန့်တွေနဲ့ ရေပက်ခံသူတွေကို စတုဒီသာ ကျွေးမွေးကြပါတယ်။
ရိုးရာဓလေ့တွေကို ထိန်းသိမ်းထားတဲ့ မွန်ပြည်နယ်သင်္ကြန်ဟာ ပုံမှန်အားဖြင့် စည်စည်ကားကားနဲ့ ပျော်ရွှင်စရာကောင်းပေမယ့်အခု ၂၀၂၂ ခုနှစ်မှာတော့ စိုးရိမ်စိတ်တွေနဲ့ ခြောက်ကပ်နေပါတယ်။
===================
[[Unicode]]
============