သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားလုံးပါဝင်တဲ့နိုင်ငံရေးဆွေးနွေးပွဲဖြစ်ဖို့ မြန်မာအပစ်ရပ်အဖွဲ့တွေလိုလား


PPST အွန်လိုင်းအစည်းအဝေး ယခင်ပုံဟောင်း (ဓာတ်ပုံ-NCA S-EAO/fb)
PPST အွန်လိုင်းအစည်းအဝေး ယခင်ပုံဟောင်း (ဓာတ်ပုံ-NCA S-EAO/fb)

[[Zawgyi/Unicode]]

စစ်ကောင်စီက အပစ်ရပ်ကာလကို ဒီနှစ်ကုန်အထိ တိုးမြှင့်လိုက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆိုင်သူအားလုံးကို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့် အကောင်အထည်ဖော်ဖို့ မေတ္တာရပ်ခံထားတယ်။ ဒီအပေါ်မှာ NCA အပစ်ရပ် ၁၀ ဖွဲ့နဲ့ လက်ရှိ စစ်ကောင်စီနဲ့တိုက်ပွဲတွေဖြစ်ပွားနေတဲ့ အဖွဲ့တွေကတော့ အားလုံးပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးပွဲကျင်းပဖို့ လိုအပ်ကြောင်း တုံ့ပြန်ထားပါတယ်။ ရန်ကုန်ကနေ သတင်းပေးပို့ထားတာဖြစ်ပါတယ်။

အပစ်ရပ်ကာလ တိုးမြှင့်လိုက်တာနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ဖို့ မေတ္တာရပ်ခံချက်ကို စစ်ကောင်စီရဲ့ ကာကွယ်ရေးဦးစီးချုပ်ရုံးက ဖေဖော်ဝါရီလ ၂၈ ရက်နေ့စွဲနဲ့ ထုတ်ပြန်တာဖြစ်ပါတယ်။

ဒီကြေညာချက်မှာ ထာဝရငြိမ်းချမ်းရေးရရှိဖို့ နဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို တိုးမြှင့်အကောင်အထည်ဖော်ဖို့၊ ကိုဗစ်ကပ်ရောဂါကို ထိထိရောက်ရောက် တိုက်ဖျက်နိုင်ဖို့ အတွက် နိုင်ငံတော်ကာကွယ်ရေး၊ အုပ်ချုပ်ရေးစတဲ့ကိစ္စရပ်တွေကို ထိပါးနှောင့်ယှက်တာမှအပ တပ်မတော်ရဲ့ စစ်ရေးလှုပ်ရှားမှုတွေကို ဒီနှစ်ကုန်အထိ ရပ်ဆိုင်းကြောင်း ဖော်ပြထားပါတယ်။

တဆက်တည်းမှာပဲ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို လက်တွေ့ကျကျ တိုးမြှင့်အကောင် အထည်ဖော်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ သက်ဆိုင်သူအားလုံးကို ကိုယ်စွမ်း၊ ဉာဏ်စွမ်းရှိသမျှ ပါဝင်ဆောင်ရွက်ဖို့လည်း မေတ္တာရပ်ခံထားတာပါ။

သက်ဆိုင်သူများအားလုံးဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“သက်ဆိုင်ရာအဖွဲ့အစည်းဆိုတာက ဒါ ငြိမ်းချမ်းရေးမှာ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေရှိတယ်။ နိုင်ငံတကာကနေပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ပြီးရင် ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေ ရှိတယ်။ ဒီအဖွဲ့ အစည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။”

ဒီလို ထုတ်ပြန်ရတာဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့နဲ့ ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ တိုက်တွန်းတာတွေ ရှိခဲ့တာကြောင့် ထုတ်ပြန်တာဖြစ်တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

ဒီကြေညာချက်အပေါ် NCA အပစ်ရပ်စာချုပ်ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင် ၁၀ ဖွဲ့ရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်မျိုးဝင်းက PPST ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“အနှစ်သာရရှိတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့တော့ လိုတာပေါ့နော။ အဓိကကတော့ နိုင်ငံရေးပြဿနာ ဖြစ်တာကိုနော။ နိုင်ငံရေးပြဿာနာကို မဖြေရှင်းနိုင်ဘဲနဲ့ စစ်ရေးပဋိပက္ခကို ဖြေရှင်းဖို့ဆိုတာ ခက်မယ်လေ။ အဲတော့ အပစ်အခတ် ရပ်စဲရေး တပြိုင်တည်း ကြေညာရင်း နိုင်ငံရေးပြဿနာ ဖြေရှင်းနိုင်ဖို့အတွက် ကြိုးပမ်းဖို့လိုတာ။ နိုင်ငံရေးပြဿနာကို ဖြေရှင်းတဲ့အခါကျရင်လည်း ကျနော်တို့ PPST မူက အားလုံးပါဝင်တဲ့၊ ပါဝင်သင့် ပါဝင်ထိုက်သူအားလုံး ပါဝင်တဲ့ နိုင်ငံရေးပြဿနာဖြေရှင်းမှုမျိုးဖြစ်ဖို့ လိုတာကိုး။ နိုင်ငံရေးပြဿနာဖြေရှင်းမှုမှာ အားလုံးပါဝင်ရေးကို လက်မခံတော့ တချို့နေရာတွေမှာ စစ်ရေးပဋိပက္ခတွေက ပိုမြင့်တယ်ဆိုရင် ဘယ်လိုမှ ဖော်ဆောင်နိုင်မှာမဟုတ်ဘူးလေ။ ဒီ တတိုင်းပြည်လုံး အပစ်အခတ် ရပ်စဲရေးဆိုတာ။”

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က ပြီးခဲ့တဲ့နှစ် စစ်တပ်က အာဏာသိမ်းပြီးနောက်မှာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရပ်ဆိုင်းထားကြောင်း ထုတ်ပြန်ထားတာပါ။

ဒီလို ရပ်တန့်တာဟာ NCA ကို အခြေခံတဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေကို ရပ်ဆိုင်းတာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲအလွန် နိုင်ငံရေးပြဿနာကိုတော့ ဆွေးနွေးဖြေရှင်းရမှာဖြစ်သလို ဒီလို မဖြေရှင်းနိုင်ရင် ငြိမ်းချမ်းရေး ရမှာမဟုတ်ကြောင်း အခုလို ဆက်ပြောပါတယ်။

“ကျနော်တို့ ရပ်တယ်ဆိုတာက NCA စာချုပ်ပါအတိုင်း၊ နိုင်ငံရေးမူဘောင်အတိုင်း နိုင်ငံရေးဆွေးနွေးပွဲကို ရပ်တာ။ ဒါပေမယ့် စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ ဖြစ်ပေါ်လာတဲ့ ၂၀၂၀ ရွေးကောက်ပွဲပေါ်မှာ အခြေခံပြီး ဖြစ်ပေါ်လာတဲ့ နိုင်ငံရေး အငြင်းပွားမှုကိုဖြင့် နိုင်ငံရေးနည်းအရ တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ လိုတယ်။ အဲလို ဆွေးနွေးတဲ့အခါကျရင်တော့ ပါဝင်သင့်ပါဝင်ထိုက်သူအားလုံး ပါဝင်ပြီး ဆွေးနွေးရမယ်။ ဟိုအဖွဲ့ မပါရဘူး။ ဒီအဖွဲ့ မပါရဘူးဆို ချန်ထားလို့ မရဘူး။ အဲလို ချန်ထားမယ်ဆိုရင် နိုင်ငံရေးပြဿနာလည်း ဖြေရှင်းနိုင်မှာမဟုတ်ဘူး။ တတိုင်းပြည်လုံး အပစ်အခတ်ရပ်စဲရေးမှတဆင့် ငြိမ်းချမ်းရေးလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ဘူး။ ”

ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ နိုင်ငံခြားရေးတာဝန်ခံ ပဒိုစောတောနီးကတော စစ်တပ်က အပစ်အခတ်ရပ်စဲရေးကို အကြိမ်ကြိမ်ကြေညာခဲ့ပေမယ့် လက်တွေ့ မြေပြင်မှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေတာ၊ NCA စာချုပ်ကို လက်မှတ်ရေးထိုးပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းအရ ဖြေရှင်းဖို့ ကြိုးစားနေချိန်မှာ အာဏာသိမ်းမှု ဖြစ်ပေါ်လာတာကြောင့် တွေ့ဆုံဆွေးနွေးဖို့ ခက်ခဲကြောင်း ထောက်ပြပါတယ်။

နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် စစ်တပ်အနေနဲ့ နိုင်ငံရေးက စွန့်ခွာဖို့လိုကြောင်း ပဒိုစောတောနီးက အခုလို ဆက် ပြောပါတယ်။

“စစ်တပ်နဲ့ ကျနော်တို့ ကိုယ်တိုင် ဖြတ်ကျော်လာတဲ့ ခါးသီးတဲ့အတွေ့အကြုံတွေအရ ဒီတခါမှာ တွေ့ဆုံဆွေးနွေးပွဲတို့ နိုင်ငံရေးဆွေးနွေးပွဲတို့ ငြိမ်းချမ်းရေးဆိုတဲ့ကိစ္စပြောလာတဲ့အခါကျတော့ စစ်တပ်က ဒီပုံစံတော့ လုံးဝ ပြောလို့ မရဘူး။ အနည်းဆုံးတော့ ပြည်သူလူထုတောင်းဆိုချက်ဖြစ်တဲ့ စစ်တပ်က နိုင်ငံရေးကနေ လုံးဝ စွန့်ခွာရမယ်ဆိုတာ ကတိခံဝန်ချက် ယူရမယ်။ ဒါကလည်း တကယ်ကို ပါးစပ်နဲ့ ပြောယုံနဲ့ မရဘူး။ အချိန်ဇယား သေချာဆွဲပြီးမှ လုပ်ရမယ်ကိစ္စဖြစ်တယ်။”

အခြားအချက်တွေအနေနဲ့ကတော့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးကို လက်တွေ့ အကောင်အထည်ဖော်ဖို့၊ ဆွေးနွေးပွဲမှာ သက်ဆိုင်သူအားလုံးပါဝင်ဖို့ ၊ နိုင်ငံတကာက စောင့်ကြည့်လေ့လာဖို့နဲ့ အသွင်ကူးပြောင်းရေးဆိုင်ရာ တရားမျှတမှု Transitional Justice စတာတွေ ပါဝင်ကြောင်း ပြောပါတယ်။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူကလည်း အပစ်ရပ်ကြေညာချက်ဟာ ထူးခြားမှုရှိမယ်လို့ မမြင်ကြောင်း ပြောဆိုပါတယ်။

ဆက်လက်ပြီး အပစ်အခတ်ရပ်စဲရေး၊ နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် အားလုံးပါဝင်ဖို့ လိုမှာဖြစ်ကြောင်း သူ့အမြင်ကို အခုလို ပြောပါတယ်။

“ကျနော်တို့ မြန်မာနိုင်ငံရဲ့ တကယ့် အပစ်အခတ်ရပ်စဲရေးလုပ်မယ်၊ နိုင်ငံရေးဆွေးနွေးပွဲ လုပ်မယ်ဆိုရင်တော့ မြန်မာနိုင်ငံနဲ့ပတ်သက်တဲ့ဟာတွေ အားလုံးနဲ့ ဆွေးနွေးရမယ် ထင်ပါတယ်။ EAO အဖွဲ့နဲ့ ဆွေးနွေးပြီးမှ NUG နဲ့ မဆွေးနွေးတာမျိုးတွေ၊ ဒီအဖွဲ့နဲ့တော့ မဆွေးနွေးဘူး၊ ဟိုအဖွဲ့နဲ့တော့ ဆွေးနွေးမယ် ဆိုတဲ့ သဘောမျိုးတွေ သူတို့က အမြဲတမ်းလုပ်နေတာ။ ဒါမျိုးတွေ ဆိုရင်တော့ မြန်မာနိုင် ငံရဲ့ ငြိမ်းချမ်းရေး နိုင်ငံရေး ပဋိပက္ခတွေကတော့ ပြေလည်နိုင်မှာ မဟုတ်ဘူးလို့ ကျနော်တို့ သုံးသပ်ပါတယ်။”

စစ်ကောင်စီဘက်ကတော့ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၁ ရက်နေ့ကစတင်ပြီး ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလ ၂၈ ရက်နေ့အထိ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး ထုတ်ပြန် ချက် အကြိမ် ၂၀ လုပ်ထားကြောင်း ဖော်ပြထားပါတယ်။

ပြီးခဲ့တဲ့ စိန်ရတုပြည်ထောင်စုနေ့ အခမ်းအနားမှာလည်း ထာဝရငြိမ်းချမ်းရေးအတွက် NCA လက်မှတ်ထိုးတဲ့အဖွဲ့တွေရော၊ မထိုးတဲ့အဖွဲ့တွေကိုပါ ကြိုတင်ကန့်သတ် ချက်မပါတဲ့ ဆွေးနွေးပွဲကို သက်ဆိုင်သူတွေ အားလုံးတက်ရောက်ဖို့ မေတ္တာရပ်ခံ တိုက်တွန်းတာတွေ ရှိခဲ့ပါတယ်။

သက်ဆိုင်သူများအားလုံးဆိုတာနဲ့ပတ်သက်လို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက အခုလို ပြောပါတယ်။

“သက်ဆိုင်ရာအဖွဲ့အစည်းဆိုတာက ဒါ ငြိမ်းချမ်းရေးမှာ လုပ်ဆောင်နေတဲ့ ငြိမ်းချမ်းရေး အကျိုးဆောင်အဖွဲ့တွေရှိတယ်။ နိုင်ငံတကာကနေပြီး ငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေ ရှိတယ်။ ပြီးရင် ကျနော်တို့ ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး ကူညီဆောင်ရွက်ပေးနေတဲ့ နိုင်ငံတွေ ရှိတယ်။ ဒီအဖွဲ့ အစည်းတွေကို ဆိုလိုတာဖြစ်ပါတယ်။”

ဒီလို ထုတ်ပြန်ရတာဟာ တနိုင်ငံလုံးအပစ်အခတ်ရပ်စဲဖို့နဲ့ ကန့်သတ်ချက်မထားဘဲ ဆွေးနွေးဖို့ တိုက်တွန်းတာတွေရှိခဲ့တာကြောင့် ထုတ်ပြန်တာဖြစ်တယ်လို့ ဗိုလ် ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

#MyanmarPeaceTalks #MyanmarPolitics #PPSTMyanmar #VOABurmese #အားလုံးပါတဲ့နိုင်ငံရေးဆွေးနွေးပွဲ #အပစ်ရပ်အဖွဲ့တွေ #ဇော်မင်းထွန်း #နော်ဘူ #ရဲဘော်မျိုးဝင်း #ငြိမ်းချမ်းရေး
=============
[[Unicode]]

























=============

XS
SM
MD
LG