သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုင်းလားအဖွဲ့က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတည်ထောင်ခွင့် တောင်းဆိုခဲ့



နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးစဉ် (ဇွန် ၆၊ ၂၀၂၂/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)
နိုင်ငံတော်ငြိမ်းချမ်းရေးဆွေးနွေးရေးအဖွဲနဲ့ အမျိုးသားဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA (မိုင်းလား) ဒုတိယဥက္ကဋ္ဌ ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့ ဒုတိယနေ့ တွေ့ဆုံဆွေးနွေးစဉ် (ဇွန် ၆၊ ၂၀၂၂/ ဓာတ်ပုံ-တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]


အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်အဖွဲ့ NDAA မိုင်းလားအဖွဲ့ဟာ စစ်ကောင်စီနဲ့ ၃ ရက်ကြာ ငြိမ်းချမ်းရေးဆွေးနွေးခဲ့ပြီး ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ တည်ထောင်ခွင့်ကို အဓိက တောင်းဆိုခဲ့ပါတယ်။ NDAA မိုင်းလားအဖွဲ့မတိုင်ခင်ကလည်း UWSP ဝပြည်သွေးစည်းညီညွတ်ရေးပါတီက ဝပြည်နယ် တည်ထောင်ဖို့ကို ဆွေးနွေးညှိနှိုင်းခဲ့ပါတယ်။ ဒီလို ပြည်နယ်သတ်မှတ်ရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ သတ်မှတ်ရေး ဆွေးနွေးတဲ့အပေါ် နိုင်ငံရေးသုံးသပ်သူတွေက ဘယ်လိုအမြင် ရှိပါသလဲ။ ရန်ကုန်ကလာတဲ့ ပေးပို့တဲ့သတင်း မဆုမွန်က တင်ပြပေးထားပါတယ်။

အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလားအဖွဲ့ဟာ စနေနေ့က စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံဆွေးနွေးခဲ့ပြီး နောက်ရက်တွေမှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲတို့နဲ့ ဆွေးနွေးခဲ့တာပါ။ ဒီဆွေးနွေးပွဲတွေမှာ အဓိက ဆွေးနွေးခဲ့တဲ့အချက်တွေကို ဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်ခဲ့တဲ့ NDAA မိုင်းလားအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဦးကြည်မြင့်က VOA ကို အခုလို ပြောပါတယ်။

“ အဓိက ကျနော်တို့ ဒေသဖွံ့ဖြိုးရေးနဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတခု ပေးအောင် တောင်းဆိုထားတာပါ။ သူတို့ကတော့ ပေးမယ်။ ဥပဒေနဲ့ အခြေခံ စည်းမျဉ်းဥပဒေနဲ့ .. ပြင်ရမှာပေါ့။ အရင်က အခြေခံစည်းမျဉ်းဥပဒေထဲမှာဆိုရင် ဘယ်လူမျိုး ဘယ်လောက် ဘယ်လောက် သတ်မှတ်ပြီးမှ လုပ်ပေးမယ်လေ။ ကျနော်တို့ စုပေါင်းမယ် ဆိုလို့ ရှိရင်တော့ ဥပဒေနဲ့ နည်းနည်းပြင်ရမှာပေါ့။ မပြင်ရင်တော့ .. အဲဒီမှာ ခံထားတာပေါ့။ မရဘူး။ ”

ဒေသဖွံ့ဖြိုးရေးအနေနဲ့ ဒေသတွင်း စိုက်ပျိုးလုပ်ငန်း၊ တရုတ်မြန်မာနယ်စပ်ကုန်သွယ်ရေးနဲ့ ခရီးသွားလုပ်ငန်းတွေ ဆွေးနွေးခဲ့ကြောင်း ပြောပါတယ်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က NDAA မိုင်းလားကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံစဉ် ငြိမ်းချမ်းရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးကိစ္စရပ်တွေ အပါအဝင် ပါတီစုံဒီမိုကရေစီစနစ်ကျင့်သုံးရေးနဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြောင်း စစ်ကောင်စီက ထုတ်ပြန်ထားပါတယ်။

မိုင်းလားအဖွဲ့ဟာ ၂၀၁၆ ခုနှစ်မှာကျင်းပတဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံ မှာလည်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဖွဲ့စည်းရေးအတွက် တောင်းဆိုထားတာပါ။

မေလ ၃၀ ရက်နေ့က စစ်ကောင်စီ ဥက္ကဋ္ဌနဲ့ တွေ့ဆုံစဉ် UWSA ဝပြည်သွေးစည်းညီညွတ်ရေးပါတီကလည်း ဝအမျိုးသား ပြည်နယ် တည်ထောင်ဖို့ တောင်းဆိုထားပါတယ်။

စစ်ကောင်စီဘက်ကတော့ UWSA ရဲ့ တောင်းဆိုချက်အပေါ် မူအရလက်ခံကြောင်းနဲ့ ဆွေးနွေးပြီး ရရှိထားတဲ့ သဘောတူချက်တွေကို လာမယ့် လွှတ်တော်မှာ အတည်ပြုသွားမှာဖြစ်ကြောင်း စစ်ကောင်စီရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ဒီလ ၁ ရက်နေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုထားပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ပါတီ အထွေထွေ အတွင်းရေးမှူး စိုင်းလိတ်ကတော့ ဒီလိုညှိနှိုင်းမှုမျိုးတွေအတွက် လူထုလူတန်းစားအားလုံးပါဝင်နိုင်တဲ့ စစ်မှန်တဲ့နိုင်ငံရေးဆွေးနွေးပွဲတရပ်ဖြစ်လာဖို့ လိုတယ်လို့ သူ့အမြင် ပြောပါတယ်။

“၂၀၀၈ အောက်မှာ စဉ်းစားနေတဲ့အချက်တွေ၊ ၂၀၀၈ ပေးထားချက်အရ သွားနေတဲ့ ကိစ္စတွေဟာ ဘယ်လိုမှ လူထုရဲ့ဆန္ဒနဲ့ တထပ်တည်းကျမှာမဟုတ်ပါဘူး။ အဲဒီအခင်းအကျင်းကို အကောင်အထည်ဖော်ဖို့ဆိုရင် လူထုလူတန်းစားအကုန်လုံး ပါဝင်နိုင်တဲ့ စစ်မှန်တဲ့ နိုင်ငံရေးဆွေးနွေးပွဲတရပ် ပေါ်ပေါက်မှ ဖြစ်မှာပါ။ အဲဒီနိုင်ငံရေးဆွေးနွေးပွဲကို မဖော်ဆောင်နိုင်ဘဲနဲ့ ရွေးကောက်ပွဲလိုဟာမျိုး၊ ဒါမှမဟုတ် ဆွေးနွေးညှိနှိုင်းမှုလို ဟာမျိုးလောက်နဲ့ မယောင်ရာဆီလူးတဲ့အဖြစ်မျိုးနဲ့ကတော့ ဖြေရှင်းလို့ မရပါဘူး။ အဲတော့ လူထုလူတန်းစား အလွှာစုံပါပြီးတော့မှ တန်းတူရည်တူ ဆွေးနွေးနိုင်တဲ့ ဆက်ဆံနိုင်တဲ့ အခင်းအကျင်းတရပ်ကို မဖော်ဆောင်နိုင်သေးသရွေ့ကတော့ ဘယ်သူ့ ဘယ်သူရဲ့ စိတ်ဆန္ဒ၊ နိုင်ငံရေးအာသီသကိုမှ ဖြည့်စွမ်းနိုင်မှာ မဟုတ်ဘူးလို့ပဲ သုံးသပ်ပါတယ်။”

ရခိုင်ပြည်နယ် မြေပုံမြို့နယ်ရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖေသန်းကလည်း အခုလို သုံးသပ်ပါတယ်။

“အမှန်က ရှမ်းပြည်နယ်ရဲ့ပြဿနာကို ရှမ်းပြည်နယ်မှာရှိတဲ့ လူမျိုးပေါင်းစုံ၊ ပါတီပေါင်းစုံ၊ တော်လှန်ရေးလက်နက်ကိုင်အဖွဲ့အစည်းတွေက အစပေါ့နော်။ ညီလာခံကျင်းပပြီးတော့မှ သူတို့ဖာသာ သူတို့ ဆုံးဖြတ်တာက အကောင်းဆုံးပဲလို့ ထင်တယ်။ အခုဖြစ်နေတဲ့ ကျနော်တို့နိုင်ငံ တနံတလျားမှာ ဖြစ်နေတာကို ထိန်းပေးဖို့။ အကုန်လုံး အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ဖြစ်သွားတဲ့ အခြေအနေမျိုးတခုကို ရောက်မှ ပြန်ပြီး ငြိမ်းချမ်းရေးအစ၊ ရွေးကောက်ပွဲ အစ အဲလို လုပ်ပေးနိုင်ရင်တော့ ပိုပြီးတော့ ကောင်းပါတယ်။ အဲလိုမဟုတ်ဘဲနဲ့ ပြဿနာကို လက်ပူတိုက်ပြီး ဖြေရှင်းမယ် ဆိုရင်တော့ ဘယ်တော့မှ အဖြေကောင်း ရလာမယ် မဟုတ်ဘူးလို့ပဲ ပြောချင်ပါတယ်။”

UWSA နဲ့ ဆွေးနွေးပွဲ အပြီးမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်ကောင်စီနဲ့ ဆွေးနွေးညှိနှိုင်း အပေးအယူလုပ်တာတွေဟာ တရားမဝင်ကြောင်းနဲ့ အသိအမှတ်ပြုလက်ခံမှာ မဟုတ်ကြောင်း ထုတ်ပြန် ခဲ့ပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးရေး အဖွဲ့ဟာ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ RCSS၊ မွန်ပြည်သစ်ပါတီ NMSP ၊ ကရင် ငြိမ်းချမ်းရေးကောင်စီ KNU/KNLA-PC ၊ ဝပြည်သွေးစည်းညီညွှတ်ရေးပါတီ UWSP နဲ့ အမျိုးသား ဒီမိုကရက်တစ်မဟာမိတ်အဖွဲ့ NDAA မိုင်းလားအဖွဲ့တို့ နဲ့ တွေ့ဆုံထားပြီး ဖြစ်ပါတယ်။ စစ်ကောင်စီဥက္ကဋ္ဌရဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှုကမ်းလှမ်းချက်ကို NCA လက်မှတ် ထိုးအဖွဲ့ ၇ ဖွဲ့နဲ့ လက်မှတ်မထိုးတဲ့အဖွဲ့ ၃ ဖွဲ့က လက်ခံထားတာပါ။

NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကျောင်းသားတပ်မတော် ABSDF နဲ့ လက်မှတ် မထိုးထားတဲ့ ကချင်လွတ် လပ်ရေးအဖွဲ့ KIO၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP တို့တော့ စစ်ကောင်စီကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ငြင်းပယ်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]


















============

XS
SM
MD
LG