သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း နိုင်/ကျဉ်းတချို့ ထောင်ပေး အစားအစာလက်မခံဘဲ ဆန္ဒပြ


အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)
အင်းစိန်အကျဉ်းထောင်ဗူးဝမြင်ကွင်း။ (၂၇ ဇွန် ၂၀၁၆)

[[Zawgyi/Unicode]]

အင်းစိန်ထောင်ထဲမှာ ဖြစ်ပေါ်နေတဲ့ ဖိနှိပ်မှုတွေနဲ့ အာဏာသိမ်းစစ်ကောင်စီကို ဆန့်ကျင်တဲ့အနေနဲ့ နိုင်ငံရေးအကျဉ်းသား ၂၀၀ ကျော်ဟာ ထောင်ကပေးတဲ့ အစားအသောက်တွေကို လက်မခံဘဲ ဆန္ဒပြနေကြပါတယ်။ လာမယ့်ပြည်ထောင်စုနေ့အထိ ဒီသပိတ်ကို ဆက်လုပ် သွားဖို့ ဆုံးဖြတ်ထားကြတယ်လို့ အကျဉ်းသားတွေနဲ့ နီးစပ်တဲ့အသိုင်းအဝန်းက ဗွီအိုအေကို ပြောပါတယ်။ ရန်ကုန်က ပေးပို့တဲ့ ဒီသတင်းကို ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းမှုကို လက်မခံတာ၊ အကျဉ်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ မရတာတွေကြောင့် အခုလို အစာအငတ်ခံ ဆန္ဒပြရတာလို့ အင်းစိန်ထောင်ထဲက အကျဉ်းသားတဦးက ပြောပါတယ်။ သူ့ရဲ့သဘောထားကို ရှေ့နေတဦးရဲ့ အကူအညီနဲ့ ဗွီအိုအေကို တဆင့် ပြောပြခဲ့တာပါ။ အကျဉ်းသား အမြောက်အများက စစ်အာဏာသိမ်းတနှစ်ပြည့်တဲ့ ဖေဖော် ဝါရီလ ၁ ရက်ကနေ ၃ ရက်နေ့အထိ အစာလုံးဝမစားဘဲ ဆန္ဒပြခဲ့ကြပြီး ဒီနောက်ပိုင်းမှာတော့ ထောင်ကပေးတဲ့ အစားအသောက်မှန်သမျှကို မစားဘဲ ဆက်လက် ဆန္ဒပြနေခဲ့တာပါ။

“သူတို့တွေ အစာအငတ်ခံဆန္ဒပြတာသည် မှန်ပါတယ်၊ အခုဆိုရင် ၂၀၀ အထက်မှာရှိပါတယ်။ လူဦးရေကလေ။ ထောင်ကဟာကို လုံးဝမစားဘူး။ အခုအချိန်အထိ မစားတာ။ အဓိကအချက်ကတော့ နိုင်ငံရေးအကျဉ်းသားတွေရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေအတွက်သော်လည်းကောင်း၊ အဖမ်းခံနေရသော်ငြားလည်း ကျနော်တို့ အထဲထဲကနေ ဒီအာဏာသိမ်းတာနဲ့ ပတ်သက်ပြီးတော့မှ ကျနော်တို့လက်မခံတဲ့အတွက် ဆန္ဒပြတာ ဖြစ်ပါတယ်တဲ့။ ဒီနှစ်ချက်ကြောင့်ပါတဲ့။”

ကနဦး သုံးရက်မှာ အစာငတ်ခံဆန္ဒပြခဲ့ပြီး နောက်ပိုင်း ထောင်ကပေးတဲ့အစာကို လက်မခံဘဲ မိမိရှိပြီးသား ရိက္ခာခြောက်တွေကိုပဲ ခြွေတာစားသုံးနေကြတာကြောင့် ရိက္ခာပြတ်လပ်ပြီး စိုးရိမ် စရာရှိလာနိုင်တယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့ FPPS မှာတာဝန်ယူခဲ့ဖူးတဲ့ နိုင် ငံရေးအကျဉ်းသားဟောင်းတဦးက ပြောပါတယ်။ သူ့တို့အနေနဲ့လည်း အင်းစိန်ထောင်ထဲက နိုင်ငံရေးအကျဉ်းသားတွေ ဖိနှိပ်ခံရတဲ့ကိစ္စကို မပြတ် စောင့်ကြည့်နေတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ကျနော်တို့ နေခဲ့တုန်းကလည်း ဒီလိုပဲပေါ့၊ တဆောင်နဲ့တဆောင် ကူးစက်သွားတာတွေရှိတယ်၊ တိုက်တွေ တတိုက်နဲ့တတိုက် ကူးစက်သွားတာတွေရှိတယ်။ ငါတို့ဒါတွေလုပ်နေပြီ၊ မင်းတို့လည်းလုပ်ကြဖို့ ပြုကြဖို့ ဒီလိုကူးစက်မှုတွေက ထောင်ထဲမှာ ရှိတယ်ပေါ့ဗျာ။ ဒီထက်လည်း များနိုင်တာပေါ့။”

စစ်အာဏာသိမ်းတာကို လက်မခံကြောင်းပြသဖို့ တနိုင်ငံလုံးနီးပါး ပါဝင်တဲ့ အသံတိတ် သပိတ်ကို ၂၀၂၁ ဒီဇင်ဘာလ ၁၀ ရက်မှာ ပထမဦးဆုံးအကြိမ် ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးအကျဉ်းသား တစုကလည်း အကျဉ်းထောင်ထဲကနေ ဒီအသံတိတ်သပိတ်ကို ပါဝင်ခဲ့ကြတာပါ။ ဒီအကျဉ်းထောင် အသံတိတ်သပိတ်ကို ဦးဆောင်ခဲ့တယ်လို့ ယူဆရတဲ့ နိုင်ငံရေးအကျဉ်းသားတချို့ကို တိုက်ပိတ်ပြီး ပြင်းပြင်းထန်ထန် ရိုက်နှက်ခဲ့ကြတယ်လို့ ရှေ့နေတချို့က ပြောပါတယ်။ ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဆေးကုသခွင့်မရတဲ့သူတွေထဲမှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ (ဗကသ ဗဟို) မှာ တာဝန်ယူထားတဲ့ လူငယ်တွေလည်း ပါဝင်ခဲ့တာပါ။

နိုင်ငံတော် အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ နဲ့ အကျဉ်းကျနေတဲ့ မင်္ဂလာတောင်ညွှန့်၊ မီးရ ထားရပ်ကွက်က ကိုအောင်အောင်ဟာ ဖောဖော်ဝါရီလ ၆ ရက်နေ့မှာ အင်းစိန်ထောင်ထဲမှာပဲ သေဆုံးခဲ့ပါတယ်။ သူဟာ ထောင်ထဲမှာ ရိုက်နှက်ခံရတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သတင်းတွေထွက်ခဲ့ပေမဲ့ ထောင်အာဏာပိုင်တွေကတော့ အဆုတ်ရောဂါကို အကြောင်းပြခဲ့တယ်လို့ သူနဲ့နီးစပ်တဲ့ ရှေ့နေတချို့က ပြောပါတယ်။

ကိုဗစ်ကပ်ရောဂါကို အကြောင်းပြပြီး ထောင်တွင်းဆန္ဒပြမှုတွေကို ပြင်ပကိုမပေါက်ကြားအောင် ရှေ့နေတွေနဲ့ အကျဉ်းသားတွေကို တွေ့ဆုံခွင့်မပေးတာတွေ ရှိနေပါတယ်။

“သူတို့က ထောင်ထဲမှာ တော်တော်လေး နှိပ်ကွပ်တဲ့ကိစ္စတွေ အများကြီး ဖြစ်ပေါ်နေတယ်။ ပုံစံကတော့ သူတို့က အခုနောက်ပိုင်းက ဆေးဝါးကုသမှု အလုံအလောက်လည်း မပေးနိုင်ဘူး၊ လျစ်လျူရှုခံရတဲ့ဟာတွေရှိတယ်။ မင်းတို့သေချင်သေမယ် ဆိုတဲ့သဘောတရား ပုံစံမျိုးတွေရှိတယ်ပေါ့။ တချို့ကလည်း ရောဂါအခံတွေ ပါလာတဲ့ဟာတွေ ရှိတော့ ထောင်ထဲမှာ စနစ်တကျဘာမှ မကုသပေးဘူးပေါ့ဗျာ။”

အလားတူ မကြာသေးခင်ကလည်း နိုင်ငံရေးအကျဉ်းသား အမြောက်အမြားရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မုံရွာအကျဉ်းထောင်ထဲမှာလည်း ဖိနှိပ်မှုတွေ ရှိနေတယ်ဆိုတာကို လူ့အခွင့်အရေးရှေ့နေတချို့က သတိပေးခဲ့ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP ရဲ့ ဖောဖော်ဝါရီ ၈ ရက်နေ့ထုတ်ပြန်တဲ့ အချက်အလက်အရဆိုရင် စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံရသူအရေအတွက်ဟာ ၉,၀၃၄ ဦး ရှိသွားပြီ ဖြစ်ပါတယ်။ အဲဒီအထဲမှာ တချို့ဟာ မျက်ကွယ်ပြစ်ဒဏ်ချမှတ်ခံရသလို တချို့လည်း နှစ်ရှည်ထောင်ဒဏ်တွေနဲ့ ရပ်ဝေးအကျဉ်းထောင်တွေဆီ ပြောင်းရွှေ့ခံရပါတယ်။ စစ်ကောင်စီကတော့ AAPP ရဲ့ အချက်အလက်ကို လက်မခံဘဲ ငြင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]













==========

XS
SM
MD
LG