သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အင်းစိန်ထောင်တွင်း နိုင်/ကျဉ်းတချို့ ထောင်ပြောင်း


Insein Prison Overview
Insein Prison Overview


[[Zawgyi/Unicode]]

ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ နိုင်ငံရေးအကျဉ်းသားတချို့ကို တနင်္ဂနွေနေ့ကစပြီး နယ်အကျဉ်းထောင်တွေဆီကို ပြောင်းရွှေ့နေတယ်လို့ မိသားစုဝင်တွေနဲ့ တရားရုံးနဲ့ နီးစပ်သူတွေကပြောပါတယ်။ ပြောင်းရွှေ့တဲ့ ဦးရေဟာ ရာချီရှိနေပြီး အဲဒီထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားခေါင်းဆောင်တွေလည်း ပါဝင်ပါတယ်။ ရန်ကုန်ကလာတဲ့ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးခံရတဲ့ နိုင်ငံရေးအကျဉ်းသား အများအပြား အကျဉ်းကျနေတဲ့ ရန်ကုန် အင်းစိန်ထောင်ကနေ နိုင်ငံရေးအကျဉ်းသားတချို့ကို ဧပြီလ ၂၄ ရက်နေ့ကစပြီး နယ်ထောင်တွေကို ပြောင်းရွှေ့နေတယ်လို့ ထောင်ပြောင်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပြပါတယ်။ ထောင်ပြောင်းရွှေ့ခံရတဲ့ ဦးရေဟာ ရာချီရှိတယ်လို့ ရှေ့နေတဦးကပြောပါ တယ်။ အဲဒီထဲမှာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂက ကျောင်းသားခေါင်းဆောင်တွေလည်း ပါဝင်တယ်လို့ သူကပြောပြပါတယ်။

“ဒိုက်ဦးထောင်ကို အမျိုးသား ၁၀၀၊ အမျိုးသမီး ၃၀၊ ၁၃၀ ပြောင်းတယ်။ မနေ့က သာယာဝတီထောင်ကို အမျိုးသားအမျိုးသမီး ၁၀၀ ပြောင်းတယ်။ ဆရာတို့သိတာ အဲလောက်ပဲ။ ကျန်တာလက်လှမ်းမမှီဘူး။ အဲဒီမှာတော့ အရေးကြီးတဲ့ ၅၀၅ အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ချထားတဲ့ ကျောင်းသားသမဂ္ဂက ကိုအောင်ဖုန်းမော်အပါအဝင် ၅၀၅ အယောက် ၃၀ ပါတယ်လို့သိရတယ်။ အခြားပုဒ်မတွေကတော့ အသက် ၅၀ အထက်လူတွေ ပြောင်းတယ်ပြောတယ်။”

အင်းစိန်ထောင်ကနေ ပြောင်းရွှေ့ခံရတဲ့ နိုင်ငံရေးအကျဉ်းသားအများစုဟာ ဒိုက်ဦးထောင်၊ သာယာဝတီထောင်တွေဆီကို အပြောင်းခံရတာဖြစ်ပြီး တခြား ရပ်ဝေးထောင်တွေဆီ ပို့ခံရသူတွေလည်းရှိပါတယ်။ ခုချိန်ထိ ပြောင်းရွှေ့တဲ့နေရာအတိအကျနဲ့ စာရင်းမသိနိုင်သေးဘူးလို့ ရှေ့နေကပြောပါတယ်။ မွန်ပြည်နယ်၊ ကရင်ပြည်နယ်ဘက်ပြောင်းရွှေ့ခံရသူတချို့လည်း ရှိပါတယ်။

စစ်အာဏာသိမ်းမှုဆန့်ကျင်တဲ့ ဆန္ဒပြလှုပ်ရှားမှုတွေမှာပါဝင်ရင်း ဖမ်းဆီးခံခဲ့ရပြီး အများစုက တပ်မတော်ပြိုကွဲအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ တရားစွဲ ပြစ်ဒဏ်ချခံထားကြရပါတယ်။ ပုဒ်မ ၅၀၅-က နဲ့ သား ၂ ယောက်ကို ထောင် ၃ နှစ်စီချခံထားရတဲ့ မိခင်ဖြစ်သူတယောက်ကတော့ သားအငယ်ဖြစ်သူကို ကျိုက်မရော အကျဉ်းထောင်ကို ရုတ်တရက်ပြောင်းရွှေ့လိုက်တာမို့ အတော်လေး အခက်အခဲကြုံနေတယ်လို့ ဗွီအိုအေကိုပြောပါတယ်။

“ခက်ခဲတာပေါ့ဆရာမရယ်။ လက်လုပ်လက်စား ကြက်ဥပို့ရတာလေ။ ဘာပြောချင်လဲဆိုတော့သူတို့က မတရားလုပ်နေတာလေ။ ကျမတို့က မသတ်တာကံကောင်းတယ်လို့ မှတ်နေရတာ။ အခုလည်း အဲလို ဖြစ်မစိုးလို့ နောက်ကနေ လိုက် သွားရတာ။ မနေ့က အင်းစိန်ကနေ ၃၀၀ ကျော်တယ်။ထုတ်တာ။ ကျိုက်မရောကို ယောက်ကျားလေး ၂၂၊ မိန်းကလေး ၂၂ယောက် ခေါ်သွားတာ။”

အင်းစိန်ထောင်တွင်းမှာ နိုင်ငံရေးအကျဉ်းသားတွေအပြင် တခြားပြစ်မှုတွေနဲ့ အကျဉ်းကျခံနေရသူ ဦးရေလည်း များလာတာကြောင့် အကျဉ်းသားနဲ့ အကျဉ်းထောင်ဝင်ဆံ့နိုင်မယ့်ပမာဏ ကျော်လွန်နေတာမို့ ပြောင်းရွှေ့တာဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အကျဉ်းဦးစီးဌာနကဝန်ထမ်းတဦးကဆိုပါတယ်။ နောက်ထပ်လည်း အပြောင်းအရွှေ့တွေလုပ်ဖို့ရှိတဲ့အပြင် အင်းစိန်သာမက တနိုင်ငံလုံးကအကျဉ်းထောင်တွေမှာပါ အပြောင်းအရွှေ့လုပ်ဖို့ ပြင်ဆင်နေတယ်လို့သူက ပြောပါတယ်။

အင်းစိန်ထောင်တွင်း နိုင်ငံရေးအကျဉ်းသားတွေ များပြားလာပြီး အကျဉ်းထောင်အတွင်း ဖိနှိပ်မှုတွေကို ဆန့်ကျင်တဲ့ စုဝေးပုန်ကန်မှုတွေ ဖြစ်လာမှာစိုးရိမ်တာမို့ အခုလို နိုင်ငံရေးအကျဉ်းသားတွေကို ပြောင်းရွှေ့ တာဖြစ်နိုင်တယ်လို့ ရှေ့နေတဦးကတော့ သူ့အမြင်ကို ခုလို ဗွီအိုအေကိုပြောပါတယ်။

“လက်ရှိထောင်မှာ အဆောက်အဦးနဲ့ လူဦးရေက မမျှတဘဲ ကျပ်တည်းတယ်။ ဒါကြောင့်အဆင်ပြေအောင်ပြောင်းတယ်၊ ဒါတခုရှိတယ်။ နောက်တခုက နိုင်ငံရေးအမှုနဲ့နွယ်သူတွေကျတော့ ထောင်ထဲစုဖွဲ့လာရင်ထောင်ထဲ အုပ်ချုပ်ရတာ ခက်လာနိုင်တယ်ဆိုပြီး အဲလို နိုင်ငံရေးစုဖွဲ့မှုတွေမဖြစ်အောင် အခြားနယ်ထောင်တွေကို ပြောင်းပစ်တာ၊ ဒီအချက် ၂ ချက်ရှိပါတယ်။ ၅၀၅-က အပါအဝင် နိုင်ငံရေးပုဒ်မတွေနဲ့ ဖမ်းဆီးထားသူကော ထောင်ချထားသူကောက ၁၉၈၈ ထက်များတယ်။ ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ပေးတာလည်း တကယ်တမ်းကျတော့ ဟန်ပြသက်သက်ပဲ။ အရေးကြီးတဲ့သူတွေမပါဘူး။ နောက်ထပ်လည်း ထပ်ပြီးတော့ အကျဉ်းထောင်တွေမှာ ပြောင်းလာမယ်လို့ ဆရာတို့ယူဆတယ်။”

ရန်ကုန် အင်းစိန်အကျဉ်းထောင်ကနေ ခုလို နိုင်ငံရေးအကျဉ်းသားတွေကို ထောင်တွေ ပြောင်းရွှေ့နေပေမယ့် မန္တလေးတိုင်းအပါအဝင် တခြား အကျဉ်းထောင်တွေမှာတော့ ထောင်ပြောင်းတဲ့သတင်း မကြားရသေးဘူးလို့ အဲဒီနေရာတွေက တရားလွှတ်တော်ရှေ့နေ တွေက ဗွီအိုအေကို ပြောပါတယ်။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးချုပ်နှောင်ခံရတဲ့ထဲက အများစုဟာ အင်းစိန်အကျဉ်းထောင်မှာ ဖမ်းဆီးခံထားရပါတယ်။ အကျဉ်းသားတွေ ပြွတ်သိပ်နေထိုင်နေကြရတဲ့ အင်းစိန်ထောင်ထဲမှာ ထောင်အာဏာပိုင်တွေက အကျဉ်းထောင်လက်စွဲနဲ့ မညီတဲ့ ဖိနှိပ်မှုတွေ လုပ်ဆောင်တယ်လို့ ထောင်က ပြန်လွတ်လာသူတချို့က ပြောပြကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==========

[[Unicode]]











==========

XS
SM
MD
LG