သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန် ဘာသာရေးအစီရင်ခံစာအပေါ် ပြည်တွင်းတုံ့ပြန်မှု


အမေရိကန်ရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ (Crd: U.S. Embassy Rangoon)
အမေရိကန်ရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ (Crd: U.S. Embassy Rangoon)


[[Zawgyi/Unicode]]


မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဘာသာရေးလွတ်လပ်ခွင့် ပိုပြီးကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ ပြည်တွင်းက မတူကွဲပြားတဲ့ဘာသာဝင်တွေရဲ့ သဘောထားအမြင်က ဘယ်လိုရှိနေပါသလဲ။ ရန်ကုန် ကပေးပိုတဲ့ ပေးပို့တဲ့ ဒီသတင်းကို မမြသဇင်အောင်က တင်ပြပေးထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဇွန်လ ၂ ရက်၊ ကြာသပတေးနေ့တုန်းကထုတ်ပြန်လိုက်တဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ ဘာသာရေးလွတ်လပ်ခွင့်ဟာ အာဏာသိမ်းပြီးနောက်ပိုင်း ပိုပြီးကျဆင်းသွားတယ်လို့ ဖော်ပြထားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ နိုင်ငံသားတိုင်း လွတ်လပ်စွာကိုးကွယ်ခွင့်ရှိပြီး ဘာသာရေးယုံကြည်မှုအပေါ် စော်ကားပြောဆိုတာနဲ့ အသရေဖျက်ခြင်းတို့ကို တားမြစ်ထားပေမယ့်လည်း ဘာသာရေးခွဲခြားကန့်သတ်မှုတွေ နှိပ်ကွပ်မှုတွေကတော့ ရှိနေဆဲလို့ ဖော်ပြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ၂၀၂၁ ခုနှစ်၊ ဧပြီလတုန်းက ရန်ကုန်က ဗလီတခုမှာ မူဆလင်ဘာသာရေး ဆရာတဦးကို အမျိုးသမီးဝတ်စုံဝတ်၊ နှုတ်ခမ်းနီဆိုးပြီး ကြိုးဆွဲချသတ်ခဲ့တဲ့ ဖြစ်ရပ်ကိုလည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ လူမျိုးမရွေး ဘာသာပေါင်းစုံကို ပရဟိတကူညီပေးနေတဲ့ အစ္စလာမ်ဘာသာဝင်တဦးကတော့ အရင်ကတည်းက ရှိခဲ့တဲ့ ဘာသာရေးဖိနှိပ်ခံရမှုဟာ အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ပိုပြီးဆိုးလာတယ်လို့ ပြောပါတယ်။

"သူတို့တွေက ဘာသာရေးကို ဖိနှိပ်တာထက် ဘာသာရေးကို အသုံးချနေတာက ပိုများတယ်။ ဒီလိုအသုံးချလိုက်ရင် တဦးနဲ့တဦး၊ ဘာသာတခုနဲ့ တခုကို ရန်တိုက်ပေးလိုက်လို့ရှိရင် သူတို့တွေရဲ့အောင်မြင်မှုက ရလိမ့်မယ် လို့ ထင်နေတာ။ အဲလိုမျိုးလည်း သူတို့အရင်တုန်းက လုပ်တယ်။ ဘာသာအချင်းချင်း ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာတွေကို ရန်တိုက်ပေးမယ်။ အခု စကစလက်ထက်မှာလည်း ဒီအတိုင်းပဲ။ သူတို့ဘာသာရေးကို မီးမွှေးမယ်။ မီးမွှေးပြီးရင် သူတို့လိုချင်တဲ့ပုံစံမျိုးတွေကို ဖန်တီးမယ်၊ ယူမယ်။ အစ္စလာမ်ဘာသာဝင်တွေကို ဘာသာရေးဖိနှိပ်တာက အခုမှမဟုတ်ဘူး။ ကျနော်တို့ ဘိုးဘေးတွေလက်ထက်ကတည်းက ဖိနှိပ်ခံရတာ ကျမတို့အခု မျိုးဆက်သစ်အထိပဲပေါ့နော်။"

စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖျက်စီးခံရတဲ့အထဲ လူနေအိမ်ခြေတွေအပြင် ဘာသာရေးအဆောက်အဦတွေလည်း ၁၀၀ နီးပါးလောက်ရှိပါတယ်။ ကုလအဖွဲ့အစည်းတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေရဲ့ အချက်အလက်ကို ကိုးကားထားတဲ့ အာရှကက်သလစ် အသင်းတော်များသတင်လွှာ UCA ရဲ့ ထုတ်ပြန်ချက်မှာ ခရစ်ယာန်ဘာသာဝင်အများစု နေထိုင်တဲ့ ချင်းပြည်နယ်တခုတည်းမှာတင် ဘာသာရေးအဆောက်အဦ ၆၂ ခုလောက် မီးရှို့ခံရတယ်လို့ ဖော်ပြထားပါတယ်။ ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တဦးကတော့ ကိုယ်ယုံကြည်ရာ ကိုးကွယ်ခွင့်ရှိတဲ့အနေအထားဟာ အခုချိန်မှာ အများကြီးကွာခြားသွားတယ်လို့ ပြောပါတယ်။

"ကွာခြားသွားတာတော့ အများကြီးပဲပေါ့။ အရင်တုန်းကတော့ ကိုယ့်ရဲ့ဘာသာတရားအတိုင်းပဲ လွတ်လွတ်လပ်လပ် ကိုယ်ယုံကြည်ရာကို ဝတ်ပြုကိုးကွယ်ခွင့်ရတယ်၊ လုပ်ဆောင်ခွင့်ရှိတာပေါ့။ ဒီနောက်ပိုင်းက အမြဲတမ်း ကျနော်တို့ ထိတ်လန့်နေရတာပေါ့။ ဝတ်ပြုကိုးကွယ်တာတောင်မှ အရင်လိုမျိုး ပျော်ရွှင်မှုကမရှိသလောက် ခံစားမိပါတယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ အမြဲတမ်း အခြေအနေအမျိုးမျိုးကို အခုကနားစွင့်နေရတာပေါ့နော်။ ကိုယ်ယုံကြည်ရာတော့ ယုံကြည်မှုနဲ့ဝတ်ပြုတယ်။ အရင်လိုမျိုးတော့မဟုတ်၊ အများကြီးကွာဟပါတယ်။"

အမေရိကန်ရဲ့ ၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ မြန်မာစစ်တပ်အပြင် တိုင်းရင်းသားလက်နက်ကိုင်တွေထဲက ရခိုင့်တပ်မတော် AA ကလည်း သူ့ဒေသထဲက ခရစ်ယာန်ဘာသာရေး ခေါင်းဆောင်တွေကို စစ်သင်တန်း အဓမ္မတက်ခိုင်းတာ၊ အခကြေးငွေမပေးဘဲ အလုပ်ခိုင်းစေတာတွေ ရှိတယ်လို့ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာ ရေးသားရာမှာ အဓိကပါဝင်ခဲ့တဲ့ အမေရိကန် အဆင့်မြင့်သံတမန် Rashad Hussain က မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ လူနည်းစုဘာသာရေး အသိုင်းအဝိုင်းအပေါ် မကြာသေးခင်အချိန်ကာလတုန်းက လူမျိုးတုန်းသတ်ဖြတ်မှုကြီး ကျူးလွန်ခဲ့တာကို တွေ့ရတယ်လို့ပြောပါတယ်။ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း AAPP က ပြုစုထားတဲ့စာရင်းအရဆို စစ်အာဏာသိမ်းပြီးနောက်ပိုင်း ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ သံဃာတော် ၃၅ ပါးနဲ့ ခရစ်ယာန်သင်းအုပ် ဆရာတော် ၉ ဦးရှိတယ်လို့လည်း အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီး Antony Blinken က ဘာသာရေးလွတ်လပ်ခွင့်အပေါ် လေးစားအသိအမှတ်ပြုတာဟာ အခြေခံအကျဆုံး လူ့အခွင့်အရေးဖြစ်တယ်လို့ အစီရင်ခံစာ ထုတ်ပြန်ပွဲနေ့မှာ ပြောခဲ့ပါတယ်။ ဒါ့အပြင် မြန်မာစစ်တပ်ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ၂၀၁၇ ခုနှစ်တုန်းက ရိုဟင်ဂျာ အစ္စလာမ်ဘာသာဝင်တွေအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုနဲ့ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့ပြီး လူမျိုးရေး၊ ဘာသာရေး နှိမ့်ချဆက်ဆံတာတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]











===========

XS
SM
MD
LG