သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သေ့ဘောဘိုး စစ်ကောင်စီစခန်းကနေ စစ်သုံ့ပန်း ၆ ဦးနဲ့ စစ်လက်နက်များ သိမ်းဆည်းရမိ


နှစ် ၃၀ ကျော်ကြာ စစ်အစိုးရသိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ် နဲ့ PDF ပြည်ကာသူ့ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုဉ်ပန်း ၆ ဦးနဲ့ လက်နက်ခဲယမ်းများ။ (Photo: KNLA)
နှစ် ၃၀ ကျော်ကြာ စစ်အစိုးရသိမ်းပိုက်ထားတဲ့ သေ့ဘောဘိုးစခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ် နဲ့ PDF ပြည်ကာသူ့ကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းသိမ်းပိုက်ခဲ့ရာမှာ ဖမ်းဆီးရမိတဲ့ စစ်သုဉ်ပန်း ၆ ဦးနဲ့ လက်နက်ခဲယမ်းများ။ (Photo: KNLA)

[[Zawgyi/Unicode]]


ကရင်ပြည်နယ် မြဝတီမြို့တောင်ပိုင်း စစ်ကောင်စီတပ်စွဲထားတဲ့ သေ့ဘောဘိုးစခန်းကို KNU ကရင်အမျိုးသားအစည်းအရုံးနဲ့ ပူးပေါင်းတပ်တွေက အခု မေလ ၁၈ ရက်နေ့မှာ သိမ်းယူခဲ့ပြီးတဲ့နောက် စစ်ကောင်စီဘက်က တပ်ကြပ်ကြီးအဆင့် တာဝန်ရှိသူအပါအဝင် စစ်သုံ့ပန်း ၆ ဦးကို ဖမ်းမိခဲ့သလို စစ်လက်နက်အမြောက်အများလည်း သိမ်းဆည်းရမိခဲ့တယ်လို့ဆိုပါတယ်။ စစ်ကောင်စီဘက်ကလည်း လေကြောင်းကနေ အကြိမ် ၃၀ လောက် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနယ်စပ်ကနေ ဗွီအိုအေ သတင်းထောက် မအေးအေးမာ သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့ တောင်ဘက်က သေ့ဘောဘိုးနဲ့ ဘလယ်ဒိုကျေးရွာ အနီးမှာ စစ်ကောင်စီတပ်တွေနဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ်၊ PDF ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-စတဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၁၇ ရက်နေ့ညကတည်းက အပြင်းအထန် တိုက်ပွဲဖြစ်နေခဲ့တာပါ။ နှစ်ပေါင်း ၃၀ ကျော်ကြာ မြန်မာစစ်တပ်က ထိန်းချုပ် ထားတဲ့ သေ့ဘောဘိုစခန်းကို ပူးပေါင်းတပ်ဖွဲတွေဘက်က မေလ ၁၈ ရက်နေ့မှာ တိုက်ခိုက်သိမ်းယူခဲ့ကြပြီးတဲ့နောက် စစ်ကောင်စီဘက်က လေကြောင်းကနေ တုံ့ပြန် တိုက်ခိုက်ခဲ့ပါတယ်။ မေလ ၁၉ ရက်နေ့မှာလည်း မနက် ၂ နာရီကျော်ချိန်မျာ လေးကေ့ကော်ဘက်မှာ ဗုံးကြဲတိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

မနေ့ကဖြစ်တဲ့ သေ့ဘောဘိုး စခန်းသိမ်းတိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက် က စစ်သုံ့ပန်းတွေအပြင် လက်နက်ကြီးနဲ့ကျည်ဆံအမြောက်အများ သိမ်းဆည်းရမိတယ်လို့ KNU ကရင်အမျိုးသားအစည်းအရုံးရဲ့နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပါတယ်။

“ကျနော်ကြားသိရတာကတော့ စစ်သုံးပန့်ကတော့ ၆ ယောက်။ ရာထူးအကြီး
ဆုံးကတော့ တပ်ကြပ်ကြီးပါပဲ။ တခြားကတော့ တပ်ကြပ်လေး ဒီလောက်ပါပဲ။ စစ်လက်နက်ကတော့ အတော်များတယ်။ စာရင်းအရကတော့ ၈၈ မီလီမီတာ စိန်ပြောင်းကတလက်။ ၆၆ မီလီမီတာစိန်ပြောင်းက တလက်။ RPG က တလက်။ ၆၆ မမကွန်မန်ဒိုက တလက်။ MG 3 စက်လတ်က တလက်။ MA 2 က ၄ လက်။ MA3 က ၂ လက်။ MA 5 တို့ 6 တို့က ၂ လက်။ လက်နက်ကြီးတွေကအဲဒါပဲ။ ကျန်တာကတော့ RPG ဗုံးသီးတွေ၊ မိုင်းတွေပေါ့နော်။”

အခု KNU က ပြန်လည်သိမ်းပိုက်လိုက်တဲ့ သေ့ဘောဘိုးစခန်းဆိုတာ ၁၉၈၈ ခုနှစ် အရေးတော်ပုံအပြီး ထွက်လာကြတဲ့ ကျောင်းသားအများအပြား အခြေချတဲ့ KNU ရဲ့အထင်ကရ စခန်းတခုဖြစ်ပြီး ၁၉၉၀ ခုနှစ်လောက်မှာ KNU က လက်လွှတ်လိုက်ရပြီးတဲ့နောက် အခု နှစ် ၃၀ ကျော်အကြာမှာ ပြန်လည်သိမ်းပိုက်နိုင်ခဲ့တာပါ။

ဒီစခန်းဟာ စစ်ကောင်စီအတွက်ကော KNU အတွက်ပါ အရေးပါတဲ့ ဗျူဟာကျတဲ့စခန်းဖြစ်ပါတယ်။ ဒီစခန်းကို ပြန်လည်ရယူနိုင်ဖို့ KNU ဘက်က တညနဲ့ တနေ့ တိုက်ခိုက်ခဲ့သလို အခု စစ်ကောင်စီဘက်ကလည်း
မေလ ၁၈ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု အကြိမ် ၃၀ လောက်လုပ်ခဲ့တယ်လို့လည်း ဖဒိုစောတောနီးကဆိုပါတယ်။

“အရေးပါပါတယ်။ နယ်စပ်တကြောမှာရှိတဲ့ စခန်းကြီးတွေ ဗျူဟာအရ အရေးကြီးတဲ့စခန်းတွေပါ။ သူတို့ကလည်း အဲဒီနေရာတွေ အထင်ကရ စခန်းတွေကို ထိုင်ထားတာ များတယ်။ စခန်းကိုရဖို့ကတော့ မေလ ၁၇ ရက်နေ့ တညလုံး တိုက်ပွဲဖြစ်နေတာ၊ မေလ ၁၈ ရက်နေ့တနေ့လုံး မွန်းလွဲပိုင်းမှာပဲ ၂ နာရီ ၃ နာရီလောက်မှပဲ ကျတာ။ အဲဒီမှာ ထူးခြားတာကတော့ တိုက်လေယာဉ်ကော ရဟတ်ယာဉ်ကော ပစ်တဲ့အကြိမ်က ၂၀ ကနေ ၃၀ လောက်ထိရှိတယ်။ ကျနော်တို့ဆီ သတင်းပို့လာတာကတော့ ၂၈ ကြိမ်လို့ ဆိုပါတယ်။ လေယာဉ်နဲ့ ပစ်တဲ့ အကြိမ်ပေါင်းပေါ့နော်။”

မနေ့ကဖြစ်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် စစ်ဘေးရှောင် ၃၀၀ ကျော်ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်ခဲ့ရသလို သောင်ရင်းမြစ်အနီးကိုလည်း အနီးတဝိုက် ကျေးရွာတွေက စစ်ဘေးဒုက္ခသည်တွေ ထွက်ပြေးလာကြပါတယ်။

KNU တပ်မဟာ (၆) ထိန်းချုပ်ရာဒေသတွေမှာ တိုက်ပွဲတွေပြင်းထန်နေတဲ့အတွက် ဒေသခံသောင်းနဲ့ချီပြီး စစ်ဘေးဒုက္ခသည်တွေအဖြစ် ထွက်ပြေးတိမ်းရှောင်နေရတာဟာ ၅ လကျော်ကြာပြီဖြစ်ပါတယ်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ထိပ်သီးခေါင်းဆောင်တွေနဲ့ သူကိုယ်တိုင် တွေ့ဆုံလိုတယ်လို့ စစ်ကောင်စီအကြီးအကဲ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကမ်းလှမ်းခဲ့ပေမယ့် KNU ကရင်အမျိုးသားအစည်းအရုံးကတော့ ဒီကမ်းလှမ်းချက်ကို ပယ်ချထားပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]












=============

XS
SM
MD
LG