သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဥကရစ်ထတိုက်ပွဲ ပြင်းပြင်းထန်ထန် ဆက်ဖြစ်ပွား


KNU
KNU

[[Zawgyi/Unicode]]

ထိုင်း-မြန်မာနယ်စပ် ကရင်ပြည်နယ် မြဝတီခရိုင်ထဲက စစ်ကောင်စီရဲ့ ဥကရစ်ထ စခန်းကိုသိမ်းပိုက်နိုင်ဖို့၊ စစ်ကောင်စီဘက်ကလည်း စခန်းမကျဖို့အတွက် စစ်ကောင်စီတပ်တွေနဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်စတဲ့ပူးပေါင်းတပ်ဖွဲ့တွေကြား နှစ်ဘက်တိုက်ပွဲတွေ ဆက်ဖြစ်နေပါတယ်။ ဥကရစ်ထစခန်း မကျသေးကြောင်း နှစ်ဘက်လုံးကပြောပါတယ်။ ဒီသတင်းကိုဗွီအိုအေသတင်းထောက်မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တွေနဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ မြန်မာစစ်တပ်နဲ့ ခြောက်ရက် ဆက်တိုက် ပြင်းထန်တဲ့တိုက်ပွဲတွေဖြစ်နေပြီး စစ်ကောင်စီဘက် ကလည်း လေကြောင်းတိုက်ခိုက်မှုတွေနဲ့အတူ ဥကရစ်ထစခန်းကိုမကျရေးအတွက် လေကြောင်းကကော မြေပြင်ကပါ စစ်ကူတွေစေလွှတ်နေပါတယ်။

ဇူလိုင်လ ၁ ရက်နေ့မှာလည်း နှစ်ဘက်တိုက်ပွဲတွေဆက်ဖြစ်နေပြီး ဥကရစ်ထစခန်းကုန်းကိုတော့ မသိမ်းပိုက်နိုင်သေးပေမယ့် အဲဒီအနီးတဝိုက်က စစ်ကောင်စီ တပ်စွဲထားတဲ့ရွာနေရာထိတော့ ပူးပေါင်းတပ်ဖွဲတွေ တိုက်ခိုက်ပြီး နေရာယူထားတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ခေါင်းဆောင်တဦးဖြစ်တဲ့ကိုစောမွန်က ပြောပါတယ်။

“ဥကရစ်ထမှာလည်း ထိတ်တိုက် ရင်ဆိုင်တိုက်ပွဲတွေဖြစ်နေတုန်းပဲ။ ဥကရစ်ထကတော့ ပြောရရင် သူတို့ရဲ့ ကုန်းလေးတကုန်းရှိတယ်။ အောက်မှာတော့ ရွာရှိတယ်။ အဲဒီမှာ ရွာကိုတော့ ကျနော်တို့သိမ်းလိုက်နိုင်တယ်။ ကုန်းကိုတော့မသိမ်းထားနိုင်သေးဘူး။ ရွာဆိုတာကတော့ ဥကရစ်ထရွာကို သူတို့ကအခြေခံတပ်စွဲပြီးရွာမှာ ကတုပ်ကျင်းတို့၊ ဘန်ကာတို့ှလုပ်ထားတယ်။ အဲဒီနေရာကိုတော့ ကျနော်တို့ သိမ်းလိုက်နိုင်ပြီ။ ပြီးခဲ့တဲ့လ၂၉ ရက်နေ့ကတည်းက သိမ်းလိုက်နိုင်ပြီ။ကုန်းကိုတော့ ဆက်တိုက်နေတုန်းပဲ။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ ဇူလိုင်လ ၁ ရက်နေ့မှာလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ အခုလိုပြောသွားပါတယ်။

“ဥကရစ်ထစခန်းဟာ ကရင်ပြည်နယ် မြဝတီမြို့အတွင်း တရားဥပဒေစိုးမိုးရေး၊ နယ်မြေအေးချမ်းတည်ငြိမ်ရေးအတွက် လုံခြုံရေးဆောင်ရွက်နေတဲ့စခန်းဖြစ်ပါတယ်။ အဲဒီစခန်းကို ဇူလိုင် ၂၆ ရက်နေ့က နယ်ဒါးမြ၊ စောစလုံးနဲ့ စောအယ်စေးဝါး PDF တို့ ပူးပေါင်းပြီး သာလွန်အင်အားနဲ့ အသုံးပြုပြီးနေ့စဉ်အကြိမ်ကြိမ် လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့ပါတယ်။ စခန်းသိမ်းပိုက်နိုင်ခြင်းမရှိသေးဘဲနဲ့ အကျအဆုံးများစွာရှိတဲ့အကြောင်းကို သူတို့ဘက်ကတင်တဲ့သတင်း၊ မြေပြင်သတင်း၊ နယ်စပ်ဒေသကနေပို့တဲ့သတင်းတွေအရ သိရပါတယ်။”

နှစ်ဘက်အကျအဆုံးတွေရှိကြောင်း ထုတ်ဖော်ပြောဆိုကြပေမယ့် အရေအတွက်အတိအကျကိုတော့ ပြောကြားခြင်းမရှိသေးပါဘူး။ ပူးပေါင်းတပ်ဖွဲ့တွေဘက်ကတော့ ၂၀ ထက်မနည်း ဒဏ်ရာတွေရကြတယ်လို့ပြောပါတယ်။ စစ်ကောင်စီဘက်ကတော့ လေကြောင်းပစ်ကူသုံးပြီး ဥကရစ်ထစခန်းမကျအောင် တိုက်ခိုက်နေသလို ပူးပေါင်းတပ်ဖွဲ့တွေဘက်ကလည်း ဒီစခန်းကိုစစ်ကူလာတဲ့စစ်ကြောင်းကို မနေ့က ကြားဖြတ်တိုက်ခိုက်နေတဲ့အတွက် စစ်ကောင်စီတပ်ဘက်က ကျဆုံးတာအပြင် လက်နက်ခဲယမ်းအတော်များများ သိမ်းဆည်းမိခဲ့တဲ့အကြောင်းကိုလည်း ကိုစောမွန်ကပြောပါတယ်။

“လေကြောင်းလမ်းကနေ ဒီနေ့လည်းလာသေးတယ်။ သူတို့က မိုးလေဝသ သာတာနဲ့ရောက်လာတာပဲ။ ဥကရစ်ထစခန်းကိုစစ်ကူပို့တာ။ ကောဟတ်စကီးနဲ့ ပို့တာပေါ့။ လက်နက်ခဲယမ်းတွေ၊ ရိက္ခာပို့တာလည်း သူတို့က ဟတ်စကီးနဲ့ပဲပို့တော့တယ်။ ဥကရစ်ထစခန်းကိုစစ်ကူလာတဲ့ တပ်မ ၄၄ ကွန်မန်ဒို မိခင်တပ်ရင်းတော့ မသိဘူး။ တပ်မ ၄၄ လာတော့ ကျနော်တို့ KNDO/ KNLA /PDF ပူးပေါင်းတပ်ဖွဲ့တွေနဲ့တိုက်တာပဲ။ ကြားဖြတ်တိုက်တော့ သူတို့ အတုံးအရုံး အကျအဆုံးများတယ်။ အရှင်လည်းမိတယ်။”

တိုက်ပွဲတွေအတွင်းမှာ မြန်မာဘက်က တိုက်လေယာဉ်တွေဟာ ထိုင်း မြန်မာနယ်စပ် ထိုင်းနယ်နမိတ်ဖြစ်တဲ့ ဖွတ်ဖရ မြို့နယ်ထဲကကျေးရွာပေါ်ကို ဖြတ်သန်းတာကြောင့် ထိုင်းပြည်သူတွေ အထိတ်တလန့်ဖြစ်နေကြောင်း၊ ဒီအတွက် ထိုင်းလေတပ်က F16 တိုက်လေယာဉ် နှစ်စင်းကို နယ်စပ်ကိုစေလွှတ်ခဲ့ရကြောင်း ထိုင်းတော်ဝင်လေတပ်ရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ပရာဝတ်စွန်ကျိုင်ဒီကလည်း ဇွန်လ ၃၀ ရက်နေ့က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ဥကရစ်ထစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီဘက်ကလေကြောင်းသုံးတိုက်ခိုက်ခဲ့ရာမှာ စခန်းအနီးက ဒေသခံကျေးရွာသားတွေလည်း ဘေးလွတ်ရာကိုထွက်ပြေးခဲ့ရသလို ထောင်ဂဏန်းလောက်ရှိတဲ့ တချို့ ဒုက္ခသည်တွေဟာ ထိုင်းဘက်ကမ်းထိ ထွက်ပြေးတိမ်းရှောင်ခဲ့ရပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့်ကော၊ နှစ်ဘက်တိုက်ပွဲတွေအတွင်း လက်နက်ကြီးကျည်ဆံတွေကျတဲ့အတွက်ပါ အရပ်သားတွေ ထိခိုက်သေဆုံးတာ၊ ဒဏ်ရာရတာတွေလည်း ရှိနေပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==============

[[Unicode]]












XS
SM
MD
LG