သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အားကောင်းတဲ့မုန်တိုင်းငယ်တခု မြန်မာနိုင်ငံမြစ်ဝကျွန်းပေါ်ဒေသကို ဦးတည်နေ


အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် Kolkata မြို့မှာ Amphan မုန်တိုင်း တိုက်ခတ်စဉ် လေအပြင်းအထန် တိုက်နေတဲ့ မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)
အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်ရဲ့မြို့တော် Kolkata မြို့မှာ Amphan မုန်တိုင်း တိုက်ခတ်စဉ် လေအပြင်းအထန် တိုက်နေတဲ့ မြင်ကွင်း။ (မေ ၂၀၊ ၂၀၂၀)


[[Zawgyi/Unicode]]

ဘင်္ဂလားပင်လယ်အော်ဘက်ကနေ မြန်မာနိုင်ငံဘက်ကို ဦးတည်နေတဲ့ အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့မတ်လ ၂၁ ရက် တနင်္လာနေ့ညမှာ ကိုကိုးကျွန်းအနီးက ဖြတ်ပြီး နက်ဖြန် အင်္ဂါနေ့ နေ့လယ်ပိုင်းမှာတော့ မြစ်ဝကျွန်းပေါ် ဒေသဘက်ကို ဖြတ်သန်းတိုက်ခတ်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက ခန့်မှန်းထားပါတယ်။ နက်ဖြန် မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းလောက်ကျရင် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၅၀ ကနေ ၅၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒီအခြေအနေကြောင့် မုန်တိုင်းလမ်းကြောင်းသင့်တဲ့ နေရာတွေမှာ သက်ဆိုင်ရာက မုန်တိုင်းသတိပေးချက်တွေ လိုက်လံသတိပေးနေတဲ့အကြောင်း ရန်ကုန်ကလာတဲ့သတင်းကို ကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။

လက်ရှိမှာ အင်အားကောင်းတဲ့ မုန်တိုင်းငယ်ဟာ ဒီနေ့ မတ်လ ၂၁ ရက် ညပိုင်းမှာ ကိုကိုးကျွန်းအနီးကနေ ဖြတ်သန်းပြီး မနက်ဖြန် မတ်လ ၂၂ ရက်နေ့လယ်ပိုင်းကျရင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဘက်ကို ဖြတ်သန်းဝင်ရောက်မှာဖြစ်ပါတယ်။ ၂၃ ရက်နေ့မှာတော့ ရခိုင်ပြည်နယ်တောင်ပိုင်း သံတွဲမြို့ဘက်ကို ဦးတည်တိုက်ခတ်မှာဖြစ်ပါတယ်။ ဒါကြောင့် မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက လက်ရှိမှာ လိမ္မော်ရောင်မုန် တိုင်းအဆင့် သတ်မှတ်ထားပါသည်။ လိမ္မော်ရောင်က ဒုတိယအဆင့်ဖြစ်ပြီး ဒီ့ထက် ပြင်းထန်ရင်တော့ အနီရောင်နဲ့ အညိုရောင်အဆင့်တွေ အသီးသီးသတ်မှတ်လေ့ရှိပါတယ်။

မနက်ဖြန် မတ်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းမှာ မုန်တိုင်းဟာ ဧရာဝတီတိုင်းဒေသကြီး၊ ဟိုင်းကြီးကျွန်းအနီးရောက်ရှိလာနိုင်ပြီး ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ အမြင့်ဆုံးလေတိုက်နှုန်း တနာရီ မိုင် ၅၀ ကနေ ၅၅ မိုင်အထိ တိုက်ခတ်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ ဒါကြောင့် ရန်ကုန်မြို့ တချို့နေရာတွေအပါအဝင် မုန်တိုင်းသက်ရောက်မှုရှိနိုင်တဲ့ နေရာတွေမှာ မုန်တိုင်းသတိပေးချက်တွေကို လမ်းတွေမှာ လိုက်လံသတိပေးနေပါတယ်။ မုန်တိုင်းအရှိန်ကြောင့် လေပြင်းတိုက် ခတ်ပြီး အပင်ပြိုလဲတာတွေအပြင် မိုးသည်းထန်စွာ ရွာသွန်းတာကြောင့် မြစ်ချောင်းတွေ ရုတ်တရက်ရေကြီးတာတွေအပြင် မြေပြိုတဲ့ အန္တရာယ်တွေ သတိထားကြဖို့ မိုးဇလ တာဝန်ရှိသူတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“မုန်တိုင်းလမ်းကြောင်းနဲ့ကပ်နေတဲ့ ဧရာဝတီတိုင်းဒေသကြီးပေါ့။ အနေအထားအရတော့ ဟိုင်းကြီးကျွန်းကနေ ကပ်ပြီးသွားမယ့် သဘောတရားရှိတဲ့အနေထားဆိုတော့ တိုင်းလုံးက သတိထားဖို့လိုတယ်။ အထူးသဖြင့်တော့ ကမ်းရိုးတန်းမှာ ပိုပြီးသတိထားရမှာပေါ့လေ။ ဘာလို့လဲဆိုတော့ သူ့မှာ လေကော မိုးကော မုန်တိုင်းဒီရေကော ရှိနိုင်တယ်။ မုန်တိုင်းနဲ့အတူပါလာတဲ့ လေတို့ မိုးတို့ ပင်လယ်ကမ်းစပ် ဆို မုန်တိုင်းဒီရေတို့ စိုးရိမ်စရာပေါ့လေ။ ၂၃ ရက်နေ့လောက်အထိပေါ့နော်။ မုန်တိုင်းကို သတိထားဖို့လိုတယ်။ ၁ နာရီကို ၄၅/၅၀ ဆိုတာကတော့ သစ်ကိုင်း သစ်ပင်ကျိုးမယ်ပေါ့နော်။ သစ်ပင်တွေက အမြစ်မခိုင်ရင်လဲမှာပေါ့။ အိမ်အမိုးလန်တာတွေဖြစ်နိုင်တယ်။ ဒါက လေနဲ့ပတ်သက်တာ။ နောက် ရေနဲ့ပတ်သက်ရင်တော့ မိုးကတော့ မုန်တိုင်းကြောင့် မိုးသည်းထန်စွာရွာတာ။ ဒါက သူ့ရဲ့ နောက်ဆက်တွဲက မြစ်ငယ်ချောင်းငယ်တွေ လျှပ်တပြက် ရေကြီးတာတွေ အချိန်တိုတွင်း မိုးသည်းထန် စွာရွာလို့ မြေပြိုတာတွေ ဒါတွေကို သတိပြုရမှာပေါ့။”

ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့က ဒေသရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကနေ မတ်လ ၁၉ ရက်လောက်က စပြီး မုန်တိုင်းသတိပေးနှိုးဆော်တာတွေရှိတဲ့အတွက် ဒေသခံတွေအနေနဲ့ ကြိုတင်ပြင်ဆင်တာတွေ ပြုလုပ်ထားကြတယ်လို့ ဟိုင်းကြီးကျွန်းမြို့ခံတဦးက အခုလိုပြောပါတယ်။

“မုန်တိုင်းလေတိုက်မယ်။ ကိုယ့်ဟာကိုယ်လုံလုံခြုံခြုံထားဖို့ ကမ်းနားကလူတွေ ကုန်းပေါ်တက်ပြီးတော့ ရိက္ခာတွေ ဝယ်ထားဖို့ အကုန်လိုက်ကြေငြာထားတယ်လေ။ တနေ့က လိုက်ကြေငြာထားတယ် အကုန် ကိုယ့်ဟာကိုယ်သိမ်းဆည်းပြီးနေကြတယ်။ သတိနဲ့တော့ နေကြတာပေါ့။ နာဂစ်မှာ ကြုံထားဖူးတော့ အကုန်လုံး အဆင်သင့်လုပ်ထားကြတယ်။”

ဧရာဝတီတိုင်းထဲ ငပုတော မြို့ အနိမ့်ပိုင်းနေထိုင်တွေသူအနေနဲ့ မုန်တိုင်း သတိပေးချက်တွေ ထွက်ပေါ်တဲ့အချိန်ကစလို့ တောင်ပေါ်တွေ ပြောင်းရွှေ့နေထိုင်တာတွေရှိတယ်လို့ ဒေသခံတဦးက ပြောပါတယ်။

“အကျီအဝတ်အစားတွေ ဆေးတွေထုတ်ထားတာလောက်ပဲ။ အရမ်းကြီးတော့ ပြင် ဆင်ထားကြတာမရှိဘူး။ အရင်တုန်းက (နာဂစ်) အထိနာတဲ့ ဘုန်းတော်ပြည့်တို့ ကျောက်ကလာပ်တောင်အောက်တို့ကကျတော့ တောင်ပေါ်ကို ပြောင်းကုန်ကြတယ်။ တောင်ပေါ်မှာ အမျိုးတွေအိမ်ရှိတဲ့သူတွေက တောင်ပေါ်ကို ရွှေ့ကြတယ်ပေါ့။ ဒီနေ့ကတော့ မိုးက ဖြောက်ဖြောက်နဲ့ တနေ့လုံးရွာနေတယ်။ မိုးအုံ့တယ်။ လေက တချက်မှ မလှုပ်ဘူး။ သစ်ရွက်တွေတောင်ငြိမ်နေတယ်။”

မုန်တိုင်းဟာ ကိုကိုးကျွန်းကနေ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းကိုဖြတ်ပြီး မတ်လ ၂၃ ရက် ဗုဒ္ဓဟူးနေ့ကျရင် ရခိုင်ပြည်နယ်တောင်ပိုင်း ကျောက်ဖြူ သံတွဲတို့ဆီ ဖြတ် သန်းဝင်ရောက်မယ်လို့လည်း မိုးလေဝသဌာနက ခန့်မှန်းထားပါတယ်။ မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်ချိန် ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင်၊ လပွတ္တာခရိုင်၊ မြောင်းမြ၊ မအူပင်၊ ဖျာပုံခရိုင်တို့ရဲ့ မြစ်ဝ၊ မြစ်လက်တက်တွေအတွင်း မုန်တိုင်း ဒီရေဟာ ၁၀ ပေကနေ ၁၄ ပေအထိ မြင့်တက်နိုင်တယ်လို့လည်း ခန့်မှန်းထားပါတယ်။ မုန်တိုင်းကြောင့် ရန်ကုန်၊ ပဲခူး၊ မွန်၊ ကရင် ပြည်နယ်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းနိုင်ပြီး ကျန်တိုင်းနဲ့ ပြည်နယ်တို့မှာလည်း နေရာကွက်ကျား မိုးရွာသွန်းနိုင် သလို ရေကြီး မြေပြိုတာတွေ သတိထားကြဖို့ တာဝန်ရှိသူတွေက သတိပေးနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

===========
[[Unicode]]












XS
SM
MD
LG