သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်း လွှတ်တော်မှာဆွးနွေးမည်


ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ပဉ္စမပုံမှန် အစည်းအဝေးတွေကို မနက်ဖြန် အောက်တိုဘာလ ၁၈ ရက်နေ့မှာ ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော် စည်းဝေးပွဲတွေကျရင် နိုင်ငံသားရင်းနှီးမြှုပ်နှံမှုဥပဒေကြမ်းကို အတည်ပြုနိုင်ဖို့ ဆွေးနွေးကြမှာ ဖြစ် သလို အတည်ပြုထားတဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေပြင်ဆင်ချက်တွေကို ဆွေးနွေးကြမှာဖြစ်တယ် လို့ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီဝင် ဒေါက်တာမြတ်ဉာဏစိုးက VOA ကိုပြောပါတယ်။ အခုလို လွှတ်တော်တွေပြန်မစခင် တရက် အလိုမှာပဲ NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ကလည်း NLD ပါတီဝင် လွှတ်တော် ကိုယ်စားလှယ်တွေ ကို တွေ့ဆုံပြီး ထုတ်ပြန်ပြီးသား ဥပဒေ၊ နည်းဥဒေတွေမှာ ဥပဒေကို ကျော်လွန် ပြဌာန်းထားတဲ့ အချက်တွေကို ဖော်ထုတ်ကြဖို့ မှာကြားခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြပေးထားပါတယ်။

စက်တင်ဘာလဆန်းမှာ ပထမအကြိမ်လွှတ်တော် စတုတ္ထအစည်းအဝေးတွေ ပြီးဆုံး ခဲ့ပြီးနောက် အောက်တိုဘာလ ၁၈ ရက်၊ ကြာသပတေးနေ့ ကျရင် ပဉ္စမပုံမှန် အစည်းအဝေးတွေ ကို ပြန်လည် စတင်တော့မှာဖြစ်ပါတယ်။ ဒီတခါ လွှတ်တော်မှာ ဆွေးနွေးကြဖို့ရှိတဲ့ ကိစ္စတွေနဲ့ ပတ်သက်လို့ အမျိုးသားလွှတ်တော်ရဲ့ ဥပဒေကြမ်းကော်မတီဝင်လည်းဖြစ်၊ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင်လည်းဖြစ်တဲ့ NLD ပါတီကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ခုလိုပြောပါတယ်။

“ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားပြီးဖြစ်တဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု ဥပဒေမှာ နိုင်ငံတော် သမ္မတကြီးကနေပြီးတော့ သဘောထား မှတ်ချက် ၁၁ ချက် ပြင်ဆင်ဖို့ ပေးပို့ထားတာ ရှိပါတယ်။ အဲဒီ သဘောထား မှတ်ချက်တွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးဖို့ ရှိပါတယ်။ အခု ပဉ္စမအကြိမ် အစည်း အဝေးမှာတော့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဥပဒေကို အတည်ပြုနိုင်မှာ ဖြစ်ပါတယ်။ တဆက်တည်း မှာပဲ နိုင်ငံသား ရင်းနှီးမြှုပ်နှံမှု ဥပဒေကြမ်းကိုလည်း လွှတ်တော်တွေ ကို ပေးပို့ထားပြီး ဖြစ်ပါတယ်။ ဒါကိုလည်း ဒီတကြိမ်မှာတော့ ဆွေးနွေးရမှာ ဖြစ်ပါတယ်။ ကျန်တဲ့ ဥပဒေကြမ်းတွေကို လွှတ်တော်ကို တင်သွင်းအုံးမလဲဆိုတာကတော့ မနက်ဖြန်နဲ့သဘက်ခါမှာကျင်းပတဲ့ လွှတ်တော် အစည်းအဝေးတွေ ကျမှပဲ သိရမှာပါ။”

၁၉၉၅ ခုနှစ်က ပြဌာန်းထားတဲ့ နိုင်ငံသားရင်းနှီးမြှုပ်ဥပဒေနေရာမှာ အစားထိုးမဲ့ ဥပဒေသစ်ထဲမှာ ရင်းနှီးမြှုပ်နှံမဲ့ နိုင်ငံသားတွေကို အကာအကွယ်ပေးတဲ့ အချက်တွေ ပါဝင်တယ်လို့ ဆိုပါတယ်။

“တိုင်းရင်းသားလုပ်ငန်းရှင်တွေကို အကာအကွယ်ပြုပေးတဲ့ ကိစ္စရပ်တွေ ပါပါတယ်။ ဥပမာ နိုင်ငံခြားက ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး တော့ ငွေချေးဖို့ ကို ကော်မရှင်ကနေ ထောက်ခံ မှုပေးနိုင်တယ်ဆိုတဲ့ဟာမျိုးတွေ ထည့်ထားတာ ရှိပါတယ်။ နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံသူတွေ ကို အခွင့်အရေးတွေ ပေးသလိုပဲ နိုင်ငံသား ရင်းနှီးမြှုပ်နှံသူတွေ အတွက် အကာအကွယ်ပြုမယ့် အခြေအနေတွေ ဒီ ဥပဒေထဲမှာ ပါပါတယ်ခင်ဗျ။”

ပထမအကြိမ်လွှတ်တော် စတုတ္ထ ပုံမှန်အစည်းအဝေးတွေ အဆုံးမသတ်ခင်က လွှတ်တော် ကော်မတီတွေကို ပြည်ထောင်စုအဆင့် သတ်မှတ်သင့်၊ မသင့်ဆိုတာနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ အခြေခံ ဥပဒေခုံရုံးကြားမှာ အခြေအတင်ဖြစ်ပြီး အခြေခံဥပဒေခုံရုံး အဖွဲ့ဝင်တွေ အားလုံး နုတ်ထွက်သွားခဲ့ကြပါတယ်။ အခုတကြိမ် လွှတ်တော်ပဉ္စမပုံမှန်အစည်းအဝေးပြန်စရင် ခုံရုံးအဖွဲ့ဝင်တွေကို ရွေးချယ် ခန့်အပ်ဖို့ ရှိတယ်လို့လည်း အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဒေါက်တာမြတ်ဉာဏစိုးက ပြောပါတယ်။

“အခြေခံဥပဒေခုံရုံးမှာ အဖွဲ့ဝင် ကိုးဦးရှိပါတယ်။ အဲဒီ ကိုးဦးအနက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌက သုံးဦး အဆိုပြုရပါတယ်။ အမျိုးသား လွှတ်တော်ဥက္ကဋ္ဌက သုံးဦး အဆိုပြုရပါတယ်။ နိုင်ငံတော် သမ္မတ က သုံးဦး အဆိုပြုရပါတယ်။ ဒီ အဆိုပြုတဲ့ သုံးဦးစီ စုစုပေါင်းကိုးဦးကိုမှ ပြည်ထောင်စု လွှတ်တော်က အတည်ပြုရတာဖြစ်ပါတယ်။ အဲဒီ အဖွဲ့ဝင်ကိုးဦးထဲကမှ တစ်ဦးက ဥက္ကဋ္ဌအဖြစ် တာဝန် ယူပြီးတော့ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။”

ခုလို လွှတ်တော်ပုံမှန်အစည်းအဝေးတွေ ပြန်မစခင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က NLD လွှတ်တော်ကိုယ်စားလှယ်တွေကို ဒီနေ့ ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံခဲ့ ပါတယ်။ လွှတ်တော်ကိုယ်စားလှယ်တွေအနေနဲ့ ဥပဒေကို ကျော်လွန် ပြဌာန်းထားတဲ့ နည်းဥပဒေတွေ ကို ဖော်ထုတ်ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က မှာတယ်လို့ ပြောပါတယ်။

“ထုတ်ပြန်ပြီးတဲ့ ဥပဒေတွေနဲ့၊ နောက်တခါ ထုတ်ပြန်ပြီးတဲ့ နည်းဥပဒေတွေထဲမှာ ကွဲလွဲနေတာတွေ ရှိပါတယ်။ အဲဒီနည်းဥပဒေတွေဟာ ဥပဒေတွေကို ကျော်လွန်ပြီးတော့ ပြဌာန်းထားတာတွေ ရှိပါ တယ်။ ပြည်သူတွေအပေါ်မှာ ဖိစီးနေနိုင်တဲ့ နည်းဥပဒေမျိုးတွေကို ပြန်လည် ဖော်ထုတ်ပြီးတော့ စိစစ်ဖို့ဆိုတာကို လမ်းညွှန်ခဲ့ပါတယ်။ နောက်တခုကတော့ ကျနော်တို့ မြန်မာနိုင်ငံဟာ ပြုပြင်ပြောင်း လဲရေး လမ်းကြောင်းကို သွားနေတဲ့အချိန်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကိုယ်စားပြု လွှတ်တော် ကိုယ်စားလှယ်တွေအနေနဲ့ ဒီမိုကရေစီကျတဲ့၊ ဒီမိုကရေစီကျင့်စဉ်နဲ့ ညီညွတ်တဲ့ အချက်တွေကို သာ ထောက်ခံသွားဖို့ ဘယ်အဖွဲ့အစည်း၊ ဘယ်ဘက်ကပဲကြည့်ကြည့် ဒီမိုကရေစီ ကျနတဲ့ နည်းလမ်းတွေ ဘက်ကသာ ရပ်တည်သွားဖို့ လမ်းညွှန်သွားပါတယ်ခင်ဗျ။”

ပထမအကြိမ် အမျိုးသားလွှတ်တော်နဲ့ ပြည်သူ့လွှတ်တောတို့ရဲ့ ပဉ္စမပုံမှန် အစည်းအဝေးတွေ ကို အောက်တိုဘာ ၁၈ ရက် ကြာသပတေးနေ့မှာ ပြန်စမှာ ဖြစ်ပြီး ပြည်ထောင်စု လွှတ်တော် စည်းဝေးပွဲတွေကို အောက်တိုဘာလ ၂၂ ရက် တနင်္လာနေ့မှာ ပြန်လည်စတင်မှာဖြစ်ပါတယ်ရှင်။
XS
SM
MD
LG