သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြဝတီခရိုင်၊ ဖလူးလေးကျေးရွာသားတွေ နေရပ်ပြန်ဖို့ နယ်ခြားစောင့်တပ်တိုက်တွန်း


ကရင်ပြည်နယ်ထဲက စစ်ဘေးရှောင် မိသားတစု (ယခင် မှတ်တမ်းဓာတ်ပုံ)
ကရင်ပြည်နယ်ထဲက စစ်ဘေးရှောင် မိသားတစု (ယခင် မှတ်တမ်းဓာတ်ပုံ)


[[Zawgyi/Unicode]]

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက် သောင်ရင်းမြစ်အနီးမှာခိုလှုံနေကြတဲ့ လေးကေ့ကော်ဒေသအပါအဝင်ကျေးရွာပေါင်း ၁၀ ရွာလောက်က စစ်ဘေးဒုက္ခသည်တွေ နေရပ်ပြန်နိုင်ရေးအတွက် နယ်ခြားစောင့်တပ်ကတာဝန်ရှိသူတွေနဲ့ ကရင်ပြည်နယ်အတွင်းမှာ အခြေစိုက်ထားတဲ့ မြန်မာစစ်တပ်တာဝန်ရှိသူတွေဟာ ဇွန်လ ၅ ရက်နေ့က မြဝတီခရိုင်ထဲက ဖလူးလေးကျေးရွာမှာ လာရောက်ဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုဆွေးနွေးမူတွေရှိပေမယ့် စစ်ဘေးဒုက္ခသည်တွေကတော့ တိုက်ပွဲတွေပြန်ဖြစ်လာမှာကိုစိုးရိမ်ပြီး နေရပ်မပြန်လိုကြဘူးလို့ဆိုပါတယ် ဒီသတင်းကို ဗွီအိုအေသတင်းထောက် မအေးအေးမာကသတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသမှာ ၂၀၂၁ ခုနစ်ဒီဇင်ဘာလကစပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွါပြီး စစ်ဘေးရှောင်နေတဲ့ဒုက္ခသည်တွေဟာ သောင်းနဲ့ချီပြီး ရှိနေတာပါ။ ဒီစစ်ဘေးရှောင်များနေရပ်ပြန်နိုင်ရေးအတွက် (ကရင်ပြည်နယ်) နယ်ခြားစောင့်တပ်က ဗိုလ်မှူးကြီးစောချစ်သူ ဦးဆောင်သည့်အဖွဲ့ဟာ ဇွန်လ ၅ ရက်နေ့က ဖလူးလေးကျေးရွာမှာ လာရောက်ဆွေးနွေးခဲ့ပါတယ်။ ဆေးနွေးပွဲတက်ရောက်ခဲ့တဲ့ စစ်ဘေးဒုက္ခသည်တဦးကတော့ နေရပ်ပြန်ဖို့အတွက်စိုးရိမ်ရတဲ့အခြေအနေတွေရှိနေတယ်လို့ အခုလို ပြောပြပါတယ်။

“ပြန်မယ်၊ မပြန်ဘူးဆိုတာကတော့ ဘယ်သူကသွားပြန်ရမလဲ။ အခုပစ်ကြမယ်၊ ခတ်ကြမယ်၊ သူတို့ လေယာဉ်နဲ့ပစ်ကြတယ်။ ပြည်သူကထိမယ်ဆိုရင် ဘယ်သူကတာဝန်ယူမလဲ။ ဒီဘက်က လေးကေ့ကော်ဘက်က လူတွေ ဘယ်လိုလုပ်သွားပြန်ရဲမလဲ။ အခုစစ်ပွဲဖြစ်တော့ လေယာဉ်တွေလည်း လာမယ်။ သူပစ်ချင်တဲ့နေရာပစ်မှာပဲ။ အစည်းဝေးခေါ်တော့ ပြည်သူတွေလိုလားတဲ့အတိုင်းအတာကို အစည်းဝေးခေါ်ပြောမယ်ဆိုတော့ ကျမလည်း အစည်းဝေးမှာ တက်ပြောမယ်ဆိုပြီးသွားတာပဲ။ ကျမတို့ရွာထဲကိုလူတွေဝင်လို့မရဘူး၊ သူခိုးတွေပဲဝင်လိ့ု့ရတယ်။ အိမ်ထဲမှာလည်းဘာမှမရှိတော့ဘူး။ အဲဒါမေးမလို့။ ဘာမှ မပြောရဘူး။ သူတို့နံမည်နဲ့သူတို့ အုပ်ချုပ်ရေးမှူးတွေကချပေးတဲ့သူတွေပဲခေါ်မေးတာ။ အဲဒီတော့ သူတို့ကောင်းတာတွေပဲပြောမှာပေါ့။ အခုလောလောဆယ်ကတော့ပြန်နေဖို့ အဆင်မပြေသေးဘူး။) ချစ်သူ (BGFခေါင်းဆောင်စောချစ်သူ) ကတော့ပြောသွားတယ်ပေါ့။ အတတ်နိုင် ဆုံးကြိုးစားပေးမယ်။ ပြန်နေရအောင် ဆွေးနွေးညှိနှိုင်းပေးမယ်၊ ဆွေးနွေးညှိနှိုင်းပြီးလို့ပြန်လို့ ရတယ်ဆိုရင် ပြန်ရရင်တော့ ပြန်ပြောပေးမယ်ပေါ့။ အခုပြန်လို့ရမယ့်သူတွေက ပြန်ရမယ်။ ပြန်မရသူတွေလည်းရှိတယ်။ ပြန်လို့မရတဲ့သူတွေက လေးကေ့ကော်ကလူတွေက တထိတ်ထိတ်နဲ့နေရတာ။ ကျမတို့မှာ အစိမ်းတွေ (ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံံဖြိုးရေးပါတီဝင်တွေ) လည်းကြောက်ရတယ်။ မြန်မာ စစ်တပ်ကလူတွေကိုလည်း ကြောက်ရတယ်။”

စစ်ဘေးကြောင့်ထွက်ပြေးတိမ်းရှောင်နေရတဲ့ ကျေးရွာတွေကပြည်သူတွေဟာ သူတို့အိမ်တွေကို သွားရောက်ကြည့်ရှုတဲ့အခါမှာ ဆန်နဲ့စားစရာတွေအပြင် အိမ်သုံးပစ္စည်းတွေ ဘာမှ မရှိတော့တွေလည်း ကြုံနေရတယ်လို့လည်းဆိုပါတယ်။

“ဘာမှ မရှိတော့ဘူး အမရေ။ ပြီးခဲ့တဲ့ ၃၀ ရက်နေ့တုန်းက ပြန်တုန်းကတောင် ဆိုဖာ ၃ လုံးနဲ့ ဘီရိုတွေရှိသေးတယ်။ ၂ ရက်နေ့ကပြန်တော့ ဘာမှ မကျန်တော့ဘူး။ သူခိုးတွေယူသွားကုန်ပြီ။ သူတို့တွေ လေးကေ့ကော်နဲ့ မယ့်ထော်သလေးလမ်းဆုံမှာသူတို့ပိတ်ထားတယ်။ အဲဒီလမ်းဆုံမှာ BGF ကော၊ ဗမာစစ်တပ်တွေက ပိတ်ထားတယ်၊ ဝင်လို့မရဘူး။”

လေးကေ့ကော်မှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေတိုက်ခိုက်တာ၊ လက်နက်ကြီးတွေနဲ့ပစ်ခတ်တာတွေနဲ့ နှစ်ဘက်တိုက်ပွဲကြောင့်ပါ နေရပ်မပြန်နိုင်တဲ့အတွက် အသက်မွေးဝမ်းကျောင်းလုပ်ငန်းတွေလည်းရပ်နားထားရသလို လူနေအိမ်တွေလည်း ပျက်စီးတာတွေရှိနေတာပါ။ ဒီအတွက်နေရပ်ပြန်တဲ့အခါမှာ အခက်အခဲတွေရင်ဆိုင်ရမှာဖြစ်တယ်လို့လည်း စစ်ဘေးဒုက္ခသည်တွေကပြောပါတယ်။

“အခုက အိမ်တလုံးဆောက်ဖို့ဆိုတော နှစ်ပေါင်းများစွာ ရုန်းကန်ပြီဆောက်ထားရတယ်၊ အိမ်ပြီးတော့ ၃လ လောက်ပဲရှိသေးတယ်၊ ကြေပျက်ကုန်ပြီ။ အခုက ပြန်ဖို့ကတော့ဖြစ်နိုင်ခြေ မရှိဘူး။ ဘာလို့ မဖြစ်နိုင်လဲဆိုတော့ တာဝန်ယူ တာဝန်ခံသူတွေက မရှိဘူးလေ။ အခုက ထောက်ပံ့တာလေးတွေနဲ့ အထောက်အကူလေးတွေရတာ။ အဲဒါလေးတွေပဲ မှိန်းပြီးစားနေရတယ်။ အခုက ရွာထဲပြန်မယ်ဆိုရင် ဘာနဲ့သွားစားမလဲ။ အခုပြန်ရင် လေယာဉ်ကြဲထားတဲ့အိမ်တွေကပြိုနေမယ်၊ ဖာရမယ် ပြင်ရမယ်ဆိုလည်း ဘာမှမှ မရှိတာ။”

စစ်ဘေးဒုက္ခသည်တွေဟာ တောတောင်တွေထဲနဲ့သောင်ရင်းမြစ်အနီးမှာ နေထိုင်နေရတဲ့အတွက် အခု မိုးရာသီအချိန်မှာ အခက်အခဲတွေရင်ဆိုင်နေရပြီး မြစ်ရေကိုပဲသုံးနေရတာကြောင့် သောက်သုံးရေမသန့်ရှင်းတဲ့အတွက် ကလေး လူကြီး ဝမ်းပျက်ဝမ်းလျောရောဂါတွေနဲ့ ရာသီတုပ်ကွေး ဖျားနာတာတွေလည်းဖြစ်ပေါ်နေပါတယ်။ အခုဆိုရင် နေရပ်မပြန်နိုင်တာ ၆ လ နီးပါးရှိပြီဖြစ်တဲ့အတွက် နေရပ်ပြန်ချင်ကြပေမယ့် တိုက်ပွဲတွေ ထပ်ဖြစ်လာမှာကိုစိုးရိမ်ပြီး နေရပ်ကိုမပြန်နိုင်ဘဲ ဖြစ်နေကြပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

==================
[[Unicode]]










==================

XS
SM
MD
LG