သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတကြေညာ


မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတကြေညာ
မြစ်ဆုံရေကာတာ စီမံကိန်းရပ်ဖို့ သမ္မတကြေညာ

ကန့်ကွက်သံတွေ ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေတဲ့ ဧရာဝတီ မြစ်ဆုံ ရေအားလျှပ်စစ်ထုတ်လုပ်ရေး စီမံကိန်းကို ရပ်ဆိုင်းဖို့ သမ္မတ ဦးသိန်းစိန်က လက်ရှိအစည်းအဝေး ကျင်းပနေတဲ့လွှတ်တော်ကို ဒီကနေ့ သဝဏ်လွှာ ပေးပို့လိုက်ပါတယ်။ ဒီလိုရပ်ဆိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကိုတော့ အများက ကြိုဆိုခဲ့ကြသလို ဧရာဝတီမြစ် ရှင်သန်ရေးအတွက်ဆိုရင် စက်ယန္တရားတွေအသုံးပြုပြီး ရွှေတူးဖော်တာတွေနဲ့ သစ်တော ပြုန်းတီးနေရတာတွေကို ဆက်လက်တားဆီးဖို့ လိုအပ်နေတယ်လို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး လှုပ်ရှားသူတွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကို ထိုင်းအခြေစိုက်သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

အခုလို မြစ်ဆုံ ဆည်စီမံကိန်းကို ရပ်ဆိုင်းမှာဖြစ်တဲ့အကြောင်း သမ္မတဦးသိန်းစိန်ရဲ့ သဝဏ်လွှာကို လွှတ်တော်အစည်းအဝေးတွေ စတင်ချိန်မှာ သက်ဆိုင်ရာ အမျိုးသားနဲ့ ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌတွေက ဖတ်ကြားပြခဲ့တာဖြစ်ပါတယ်။

သမ္မတရဲ့ သဝဏ်လွှာမှာ မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး ထည့်သွင်း ပြောကြားခဲ့တာကိုတော့ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးဖြစ်တဲ့ ဦးဖုန်းမြင့်အောင်က အခုလို ပြန်လည်ပြောပြပါတယ်။

“မြစ်ဆုံစီမံကိန်းက အဓိကကတော့ ပြည်သူလူထုဘက်က မြစ်ဆုံစီမံကိန်းနဲ့ပတ်သက်ပြီး စိုးရိမ် ကြောင့်ကြမှုတွေ ရှိပါတယ်ပေါ့လေ။ ဒါကြောင့် မြစ်ဆုံစီမံကိန်းကို လက်ရှိ အစိုးရလက်ထက်မှာ သူတို့အစိုးရလက်ထက်မှာ ရပ်ဆိုင်းထားပါမယ်တဲ့။”

သမ္မတက မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းတယ်ဆိုတာကို လက်မခံတဲ့ ကိုယ်စားလှယ်တွေ ရှိရင်တော့ လွှတ်တော်တွင်းမှာ အဆိုတင် ဆွေးနွေးရဖို့ရှိနေပြီး လက်ရှိအခြေအနေမှာတော့ ကိုယ်စားလှယ်အများစုက လက်ခံကြတဲ့အခြေအနေ ရှိတယ်လို့လည်း ပြောပါတယ်။

သဝဏ်လွှာမှာပါဝင်တဲ့ အခြားအချက်တွေကတော့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးနေတာ၊ အကျဉ်းသားတွေ လွတ်မြောက်ရေးကို ဖွဲ့စည်းပုံအခြေခံဥပဒေအတိုင်း ဆောင်ရွက်မယ်ဆိုတာနဲ့ တိုင်းပြည်တည်ငြိမ်ရေးဆိုင်ရာ အချက်တွေ ပါဝင်တယ်လို့ ပြောပါတယ်။

နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က သူ့အစိုးရလက်ထက်မှာ မြစ်ဆုံဆည် တည်ဆောက်ရေးကို ရပ်ဆိုင်း လိုက်တဲ့အပေါ် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လူအများက ကြိုဆိုခဲ့ကြပါတယ်။ ရေကာတာစီမံကိန်း တည်ဆောက်မယ့် ဒေသမှာရှိတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ရဲ့ ဒုဥက္ကဋ္ဌဟောင်း ဒေါက်တာတူးဂျာက ဒါဟာ ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းနေတယ်ဆိုတာ သက်သေပြလိုက်တာဖြစ်တယ်လို့ ပြောပါတယ်။

“လူထုအားလုံးလိုလိုပေါ့ဗျာ ဒီချိန်ခါမှာ ဒီဟာကို ရပ်တန့်သင့်တယ်လို့ သဘောထား ပေးလာကြတယ်လေ။ ပြောဆိုလာကြတယ်ဆိုတော့ ဒါကတော့ ဆက်မလုပ်သင့်ဘူးလို့ ကျနော်တို့လည်း မြင်တယ်လေ။ ဒါကြောင့်မို့ သမ္မတကြီးအနေနဲ့ ပြည်သူလူထုရဲ့ သဘောထားဆန္ဒကို အလေးထားတဲ့အနေနဲ့ အခုလို ရပ်တန့်ထား လိုက်တယ်ဆိုတာ အင်မတန်ကောင်းတဲ့ဟာ ဖြစ်ပါတယ်။ ဒါ ဒီမိုကရေစီလမ်းကြောင်းကို တကယ် လျှောက်လှမ်းနေပါတယ် ဆိုတာကို သက်သေသာဓက ပြလိုက်တဲ့သဘောလည်း ဆောင်တယ်။ ဒါကြောင့်မို့လို့ ကျနော်တို့အနေနဲ့ကတော့ အင်မတန် ဝမ်းသာတယ်။ ကြိုဆိုတယ်။ အားလုံးကလည်း ကြိုဆိုကြလိမ့်မယ် ဝမ်းသာကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

ဒေါက်တာတူးဂျာက လက်ရှိအစိုးရအနေနဲ့ အများပြည်သူတွေ လိုလားနေတဲ့ ပြည်တွင်းငြိမ်းချမ်းရေး တည်ဆောက်ဖို့နဲ့ နိုင်ငံရေးပြဿနာတွေကို သွေးထွက်သံယိုနည်းနဲ့ မဖြေရှင်းဖို့ အကြံပြုထားပါတယ်။

FREDA ခေါ် သယံဇာတ ပတ်ဝန်းကျင်ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ထိန်းသိမ်းစောင့်ရှောက်ရေး အသင်းရဲ့ ဒုဥက္ကဋ္ဌ ဦးအုန်းကလည်း မြစ်ဆုံဆည်တည်ဆောက်ရေး ရပ်ဆိုင်းလိုက်တာကို ကြိုဆိုကြောင်း အခုလို ပြောပါပါတယ်။

“၂၀၁၁ ခုနှစ်ရဲ့ အကောင်းဆုံး မင်္ဂလာအရှိဆုံး သတင်းပဲ။ ကမ္ဘာ့ ဆည်တွေကို watch လုပ်တဲ့အဖွဲ့ကြီးက ပေ ၅၀ လောက်ရှိတဲ့ဆည်ဆိုရင် သဘာ၀၀န်းကျင် မထိခိုက်ဘူးတဲ့။ ဒီထက်ကြီးတဲ့ ဆည်အမြင့်ဆိုရင် သဘာ၀၀န်းကျင်ကို ထိခိုက်တယ်တဲ့။ အဲဒီတော့ ဆည်ကြီးတစ်ခုတည်း မဆောက်ဘဲနဲ့ ပေ ၅၀၊ ၆၀ လောက်ရှိတဲ့ ဆည်တွေ အများကြီးဆောက်မယ်ဆိုရင် သဘာ၀၀န်းကျင်လည်း မထိခိုက်ဘူး။ ကိုယ်လိုချင်တဲ့ ရေအားလျှပ်စစ်လည်း ရမယ်။ အဲဒါ အဖြေပဲလေ။”

တဆက်တည်းမှာပဲ ဦးအုန်းက ဧရာဝတီမြစ် ဆက်လက်ရှင်သန်ဖို့အတွက် အခုလို ဆက်လက် အကြံပြုထားပါတယ်။

“ဧရာဝတီတို့ ချင်းတွင်းတို့မှာ ရွှေထွက်တော့ အခုဟာက တနေ့ကို ရွှေပိဿာ ၃၀ လောက်ရအောင် တူးနေကြတာ။ အဲဒီလို စီးပွားရေးသောင်းကျန်းတဲ့သူတွေကို ရပ်တန်းက ရပ်ရမယ်။ ရွှေတူးတဲ့အခါမှာ မာကျူရီ သုံးတယ်။ ဆိုင်ယာနိုက်သုံးတယ်။ မြစ်ရေကို အဆိပ်ဖြစ်တယ်။ ငါးတွေ၊ ပုဇွန်တွေ၊ လိပ်တွေ၊ လင်းပိုင်တွေ အကုန်သေကုန်တယ်။ ရွှေတူးတဲ့အခါမှာ တောင်တွေဖြိုတယ်။ မြစ်ကြောင်းတွေလည်း အမျိုးမျိုး ပျက်စီးသွားတယ်။ အဲဒါတွေကို ရပ်ရမယ်။”

ဒါ့အပြင် မြေဆီလွှာမပျက်စီးအောင် သစ်တောထိန်းသိမ်းဖို့ မြစ်ကမ်းတလျောက် တည်ဆောက်ထားတဲ့ စက်ရုံအလုပ်ရုံတွေက စွန့်ပစ်ပစ္စည်းတွေကို စနစ်တကျ ထိန်းသိမ်းဖို့နဲ့ ကမ်းပါးမပြိုအောင် သဲတူး ကျောက်တူးတာတွေကိုလည်း စနစ်တကျ ဆောင်ရွက်ဖို့ကိုလည်း အကြံပြုထားပါတယ်။

ဒေါ်လာသန်းပေါင်း ၃,၆၀၀ တန်ဖိုးရှိတဲ့ မြစ်ဆုံဆည်စီမံကိန်းကို မြန်မာအစိုးရနဲ့ တရုတ် အစိုးရပိုင် China Power Investment Corporation တို့က ၂၀၀၇ ခုနှစ်က စတင်တည်ဆောက်ခဲ့တာဖြစ်ပါတယ်။ မြစ်ဆုံဆည်ဟာ အမြင့်ပေ ၅၀၀ ကျော်ရှိမှာ ဖြစ်ပါတယ်။ ဆည်တည်ဆောက် ပြီးစီးသွားရင် ရေလွှမ်းမိုးမယ့်ဧရိယာဟာ စတုရန်းမိုင် ၄၅၀ ကျော်ရှိပြီး ဒါဟာ ရန်ကုန်မြို့ထက် နှစ်ဆမက ကြီးတယ်လို့ ခန့်မှန်းကြပါတယ်။

ဆည် တည်ဆောက်မယ့်နေရာဟာ စစ်ကိုင်းငလျင် ပြတ်ရွေ့ကြောနဲ့လည်း ဆက်စပ်နေတာဖြစ်ပြီး ငလျင်ကြောင့် ဆည်ကို ထိခိုက်မယ်ဆိုရင် ဆည်အောက်ဘက်မှာရှိတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေအတွက် စိုးရိမ်စရာလည်း ရှိနေတာဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ အခြေစိုက်လှုပ်ရှားနေတဲ့ မြန်မာ့မြစ်ကြောင်းများ စောင့်ကြည့်ရေး ကွန်ယက်အဖွဲ့ကတော့ တရုတ်အစိုးရကုမ္ပဏီ CPI ကလည်း မြစ်ဆုံစီမံကိန်းအပါအဝင် မေခနဲ့ မလိခမြစ်ပေါ်က ရေကာတာ စီမံကိန်း ၇ ခုကိုရပ်ဆိုင်းကြောင်း တရားဝင် သတင်းထုတ်ပြန်ပေးဖို့ တောင်းဆိုထားပါတယ်။

တရုတ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ပြောခွင့်ရအမျိုးသမီး ဟုန်လီ က မြစ်ဆုံဆည်စီမံကိန်း ရပ်ဆိုင်းမယ်ဆိုတဲ့ သတင်းကို လေ့လာဆန်းစစ်ဖို့ လိုအပ်နေသေးတယ်လို့ ဖြေကြားထားပါတယ်။

ဒီကနေ့ လွှတ်တော်မှာဖတ်ကြားတဲ့ သမ္မတရဲ့ သဝဏ်လွှာမှာတော့ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနဲ့ ချုပ်ဆိုထားတဲ့ မြစ်ဆုံဆည်စီမံကိန်းဆိုင်ရာ စာချုပ်စာတမ်းတွေကို နှစ်နိုင်ငံ မိတ်မပျက်စေဘဲ သဘောတူ ညှိနှိုင်းဆောင်ရွက်မှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

XS
SM
MD
LG