သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မယ့် အစီအစဉ် EU ကြိုဆို


မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မယ့် အစီအစဉ် EU ကြိုဆို
မြစ်ဆုံစီမံကိန်း ဆိုင်းငံ့မယ့် အစီအစဉ် EU ကြိုဆို

မြစ်ဆုံရေကာတာ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းထားဖို့ မြန်မာအစိုးရက ဆုံးဖြတ်လိုက်တာကို ဥရောပသမဂ္ဂ EU က ဝမ်းသာအားရ ကြိုဆိုလိုက်ပါတယ်။ ဒီစီမံကိန်း ရပ်ဆိုင်းလိုက်တဲ့အပေါ် တရုတ်အစိုးရဘက်ကရော ဘယ်လို တုံ့ပြန်လိုက်ပါသလဲ။ ဥရောပသမဂ္ဂကတော့ မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး ပေါ်လစီကို ပြန်သုံးသပ်ရာမှာ ဒီ ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်ဟာ အရေးပါမှာဖြစ်ပေမဲ့ တခြား အချက်တွေကိုလည်း ထည့်သွင်း စဉ်းစားသွားရလိမ့်မယ်လို့ ဆိုပါတယ်။ အပြည့်စုံကို ကိုဝင်းမင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံသား အများအပြားက ရပ်ဆိုင်းပေးဖို့ တောင်းဆိုခဲ့တဲ့ မြစ်ဆုံရေကာတာကိစ္စကို သမ္မတသစ် ဦးသိန်းစိန်က သူ့ရဲ့ သမ္မတ ၆ လတာ ကာလအတွင်း အခုလို လိုက်လျောဆုံးဖြတ်လိုက်တဲ့အပေါ် ပြည်တွင်းပြည်ပက လှိုက်လှိုက်လဲှလှဲ ကြိုဆိုခဲ့ကြရာမှာ ဥရောပသမဂ္ဂလည်း ပါလာပါပြီ။ သောကြာနေ့က ကြေညာချက်ထုတ်ပြန် ကြိုဆိုခဲ့တဲ့ ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးနဲ့ လုံခြုံရေး မူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ရဲ့ ရုံးက ပြောရေးဆိုခွင့်ရှိသူ Maja Kocijancic က -

“ဒီစီမံကိန်းကြီးကြောင့် သဘာဝပတ်ဝန်းကျင်နဲ့ စီးပွားရေးဆိုင်ရာ စိုးရိမ်မှုတွေအပေါ် မြန်မာအစိုးရဘက်က ဖြေရှင်းပေးဖို့ အဆင်သင့်ဖြစ်လာတဲ့အပေါ် ကျမတို့ ကြိုဆိုပါတယ်။ ဒီအကြောင်းအရာနဲ့ပတ်သက်ပြီး တနိုင်ငံလုံး အတိုင်းအတာဆောင်ကာ ပွင့်ပွင့်လင်းလင်း ဆွေးနွေးနိုင်တဲ့ ဆွေးနွေးပွဲကြီးတခုကိုလည်း အားလုံးက တလေးတစားဖြစ်အောင်လုပ်ပြီး မတူတဲ့အမြင်တွေကို နားထောင်ချင်တဲ့ဆန္ဒတွေ ရှိတာကိုလည်း ကြိုဆိုပါတယ်။”

တရုတ်နဲ့စာချုပ်ကို ပယ်ဖျက်ပြီး မြန်မာပြည်သူလူထု အများစုရဲ့ အကျိုးစီးပွားအပေါ် ဦးစားပေး ဆုံးဖြတ်လိုက်တဲ့ ဒီဆုံးဖြတ်ချက်ကြောင့် ဥရောသမဂ္ဂရဲ့ မြန်မာပြည်အပေါ် ပေါ်လစီကို စဉ်းစားရာမှာ အကျိုးသက်မှု ဘယ်လိုရှိနိုင်လဲ လို့ မေးရာမှာ ပြောခွင့်ရအမျိုးသမီးကပဲ -

“ဥရောပသမဂ္ဂ နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံအပေါ် ပေါ်လစီကို ပြန်လည်သုံးသပ်တာမှာ ဒီအချက်ကလည်း အရေးပါလာမှာပါ။ ဒါပေမဲ့ တခြား အချက်တွေအပေါ်မှာလည်း ထည့်သွင်း စဉ်းစားသွားရဦးမှာပါ။”

ဒီ အခြားအချက်တွေထဲမှာ ဘာတွေ ပါနိုင်သလဲ ဆိုတဲ့အမေးကိုတော့ ပြောခွင့်ရသူ Kocijancic က ပြည်သူအများစုရဲ့ စီးပွားရေးုလုပ်ငန်းတွေ ကောင်းလာအောင် ကြိုးပမ်းလုပ်ဆောင်ပေးတာတွေ အပြင် သူတို့အနေနဲ့ ဆက်တိုက် အရေးတကြီး တောင်းဆိုခဲ့ပြီးသား အချက်တွေပဲ ပါတာပါလို့ ပြောပါတယ်။

“ကျမတို့အနေနဲ့ အတိုက်အခံတွေ အားလုံးပါဝင်တဲ့ ဆွေးနွေးပွဲကြီးတခု ဖြစ်လာဖို့ကို တောင်းဆိုလာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေထဲမှာလည်း နိုင်ငံရေးပြစ်မှုနဲ့ ထိန်းသိမ်းခံထားရသူတွေကို ပြန်လွှတ်ပေးဖို့ ဆက်တိုက် တောင်းဆိုထားပါတယ်။”

အခုလို ဥရောပသမဂ္ဂက ကြိုဆိုလိုက်ချိန်မှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဟုန်လီ ကတော့ မြန်မာအစိုးရအနေနဲ့ မြစ်ဆုံဆောက်လုပ်ရေး စာချုပ် ချုပ်ထားတဲ့ တရုတ်ကုမ္ပဏီရဲ့ အခွင့်အရေးကို အကာအကွယ်ပေးရမယ်လို့ စနေနေ့က သတိပေးလိုက်ပါတယ်။ အခုလို အမေရိကန်ဒေါ်လာ သန်းပေါင်း ၃ ထောင်ကျော်ဖိုး စာချုပ် ချုပ်ခဲ့တဲ့ CPI လို့ အတိုခေါက်ခေါ်တဲ့ တရုတ်ဆောက်လုပ်ရေး ကုမ္ပဏီကို အကာအကွယ်ပေးရေးဆိုတာ ဘာကိုဆိုလိုပါသလဲ ဆိုတာ သိရဖို့ တရုတ်နိုင်ငံ ပေါ်လစီ သုံးသပ်သူ ဒေါက်တာလှကျော်ဇောကို မေးမြန်းကြည့်ခဲ့ပါတယ်။ ဒေါက်တာလှကျော်ဇော က -

“သူတို့က ဒီလိုစီမံကိန်းကြီးတွေ လုပ်တဲ့အခါမှာ သူတို့ နားလည်မှု စာချွန်လွှာတွေ၊ စာချုပ်တွေကို နိုင်ငံတကာအဆင့်နဲ့အမှီ သူတို့ ချုပ်ဆိုထားတာဖြစ်တယ်။ ဥပမာအားဖြင့် ကတိကဝတ် ပျက်တဲ့သူက ဘယ်လို လျော်ရမယ်တို့ ဆိုတာမျိုးပေါ့။ အဲဒါတွေကို အပြန်အလှန် ထိန်းညှိဖို့ ပြောဆိုတာဖြစ်မယ်ထင်တယ်။”

အခုလိုဖြစ်တာက တရုတ်အနေနဲ့ တခြားနိုင်ငံတွေမှာ အတွေ့အကြုံ ရှိထားပြီးသားဖြစ်တယ်လို့လည်း ဒေါက်တာ လှကျော်ဇော ကပဲ ပြောပါတယ်။

“ဒါ သူတို့ကတော့ ပြောရိုးပြောစဉ်ပေါ့။ ဥပမာ လစ်ဗျားကိစ္စမှာလည်း ဒီလိုပဲ သူ ပြောနေတာပဲ။ နောက်တက်လာတဲ့ အစိုးရအနေနဲ့ ပထမအစိုးရနဲ့ သဘောတူထားတဲ့ စာချုပ်တွေကို အသိအမှတ်ပြုပါ။ သူတို့ရဲ့ နစ်နာကြေးတွေကို လျော်ကြေးပေးပါ ဆိုပြီး ဒီလိုပဲ ပြောနေတာပဲ။”

တရုတ်နိုင်ငံက သူ့နိုင်ငံထဲမှာ အခုလို ပြဿနာမျိုးဖြစ်လာရင် ဖြေရှင်းတတ်ပုံကို ဒေါက်တာလှကျော်ဇော က အခုလို ဆက်ပြောပါတယ်။

“သူ့ နိုင်ငံမှာလုပ်လေ့လုပ်ထရှိတာကတော့ အဲလိုပြဿနာပေါ်လာရင် သူက လျှော်ကြေးပေးတာသော် လည်းကောင်း လူတွေ စိတ်ခံစားမှုပြင်းထန်နေရင် နောက်ရွေ့လိုက်ပြီးတော့ လူထုကျေနပ်လာအောင် ရှင်းပြတာတို့ပေါ့ဗျာ။ ပြီးတော့ နစ်နာတဲ့သူတွေကိုလည်း နစ်နာကြေး လုံလုံလောက်လောက်ပေးတာတို့ ကျေနပ်အောင်လုပ်ပေးတာတို့၊ တိုင်းပြည် အကျိုးစီးပွား အမျိုးသား အကျိုးစီးပွားဘက်က ဆွေးနွေးပြီးတော့ တင်ပြတာတို့ ဘာတို့လုပ်ပြီး ပြေလည်အောင်လုပ်သွားတာပဲ။”

ဒေါက်တာလှကျော်ဇော်ကပဲ မြန်မာနိုင်ငံမှာတော့ ဦးသိန်းစိန်က အခုလိုဆုံးဖြတ်လိုက်တာဟာ သူ မဖြေရှင်းပေးနိုင်တဲ့ နိုင်ငံရေး အကျဉ်းသားလွတ်မြောက်ရေးကိစ္စလို ကိစ္စမျိုး အများကြီးရှိနေတာမို့ အခုလို သူ့အပေါ် အကျိုးသက်ရောက်မှုနည်းမယ့် မြစ်ဆုံကိစ္စမျိုးကို လိုက်လျော ဆုံးဖြတ်လိုက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောပါတယ်။

XS
SM
MD
LG