သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 မြစ်ဆုံစီမံကိန်း အများပြည်သူသိခွင့်ရရေး အရှိန်မြှင့်လှုပ်ရှားမည် 


မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အများပြည်သူသိအောင် ချပြဖို့ တောင်းဆိုခဲ့ပေမဲ့ မြန်မာအစိုးရ တာဝန်ရှိသူတွေဖက်က တုံ့ပြန်မှု မရှိတဲ့အတွက် နောက်တဆင့် အနေနဲ့ လှုပ်ရှားမှုတွေ တိုးမြှင့်သွားမယ့်အကြောင်း တက်ကြွလှုပ်ရှားသူတွေက ပြောဆိုလိုက်ကြပါတယ်။ စာချုပ်ကို ပြည်သူတွေကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့ တောင်းဆိုခဲ့ပေမယ့် အခုချိန်ထိ မထုတ်ပြန်ပေးလို့ လက်ကမ်းစာစောင် ကမ်ပိန်း လုပ်ဖို့ စီစဉ်နေကြပါတယ်။ ဒါ့အပြင် မြစ်ဆုံစာချုပ်ကို ချမပြ တာဟာ အကျိုးအမြတ်အတွက်ကြောင့်လားဆိုတဲ့ ယူဆချက်တွေလည်း ရှိပါတယ်။ ဒီအကြောင်းကို ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်ခန့်က သတင်းပေးပို့ထားပါတယ်။

မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ သဘောတူထားတဲ့ အချက်တွေကို ပြည်သူကို ပွင့်လင်းမြင်သာစွာ ထုတ်ပြန်ပေးဖို့နဲ့ စာချုပ်ကို တရားဝင် မိတ္တူကူးယူခွင့်ပြုဖို့ ပြီးခဲ့တဲ့လ ၂၈ ရက်နေ့က နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံစီမံကိန်း အပြီးတိုင်းဖျက်သိမ်းရေး အဖွဲ့က တောင်းဆိုခဲ့ပေမယ့် အခုချိန်အထိ တာဝန်ရှိသူတွေဘက်က တုံ့ပြန်မှုမရှိတဲ့အတွက် နောက်တဆင့်တိုး လှုပ်ရှားဖို့ စီစဉ်နေကြတာပါ။

နောက်တဆင့်အနေနဲ့ အများပြည်သူ ပါဝင်နိုင်တဲ့ လှုပ်ရှားမှုတွေနဲ့ အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့လည်း နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံစီမံကိန်း အပြီးတိုင်ဖျက်သိမ်းရေးအဖွဲ့က ပြောရေး ဆိုခွင့်ရှိသူ ဦးခင်စိုးက ပြောပါတယ်။

"ကျွန်တော်တို့ဒီမှာ လောလောဆယ်အနေအထားပေါ့နော်။ အခုမြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်တဲ့စာချုပ်ကို ပြည်သူလူထုကို သက်ဆိုင်ရာအစိုးရက ချမပြဘူးဆိုရင် ကျွန်တော်တို့က pamphlet တွေရယ် နောက် သဘာ၀ ပညာရှင်တွေ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ပြောထားတဲ့ မြစ်ဆုံနဲ့ ပတ်သက်တဲ့ စာသားအချက်အလက် တွေကို ပြည်သူလူထုကို ဖြန့်ဝေဖို့ စီစဉ်ထားပါတယ်ခင်ဗျ။ ပြည်သူလူထုအများကို သိစေချင်တဲ့အတွက် ကျွန်တော်တို့ ပြည်သူလူထုကို အသိပညာပေးရင်း ကန့်ကွက်တာလည်း ပါရင်းပေါ့ အကိုရယ်။ အဲ့ဒါလေးကို ဖြန့်ဝေမှာပါခင်ဗျ။ ပိုပြီးတော့လည်း တတိုင်းပြည်လုံး တက်တက်ကြွကြွ ပါဝင်နိုင်အောင်ပေါ့ခင်ဗျာ။"

ဒီလှုပ်ရှားမှုကိုတော့ လာမယ့် ၁ ရက်နေ့ကနေစပြီး ရန်ကုန်မန္တလေး မြို့ကြီးတွေမှာ စတင်ဖို့စီစဉ်ထားကြပါတယ်။ ပတ်ဝန်းကျင်နဲ့ ဒေသခံလူမှုအသိုင်းအဝန်းကို ထိခိုက်မှာ စိုးရိမ်မှုတွေကြောင့် ကန့်ကွက်မှုတွေနဲ့အတူ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက်မှာ ခေတ္တရပ်ဆိုင်းခဲ့တာပါ။ စီမံကိန်းအတွက် သဘောတူညီမှု ယူခဲ့ချိန်မှာလည်း ပွင့်လင်းမြင်သာမှု မရှိခဲ့တဲ့အပေါ် ဝေဖန်မှုတွေ ထွက်ပေါ်နေတာပါ။

နိုင်ငံလုံးဆိုင်ရာ မြစ်ဆုံစီမံကိန်း ဖျက်သိမ်းရေး အဖွဲ့ရဲ့ အကြံပေး တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်ကတော့ စီမံကိန်းနဲ့ ပတ်သက်တဲ့ သဘောတူစာချုပ်ကို အများပြည်သူ သိရှိခွင့်ရှိသင့်တယ်လို့ ပြောပါတယ်။

"မြစ်ဆုံစီမံကိန်းစာချုပ်ကြီးကို ချပြလိုက်လေ။ အဲ့စာချုပ်ကြီးကို ကြည့်လိုက်တာနဲ့ အဲ့စာချုပ်က နိုင်ငံတကာ ဥပဒေနဲ့ မညီတာတွေ ဒီလိုဥပဒေတွေနဲ့ မညီဘဲ တွေ့ကရာလျှောက်ချုပ်ထားပြီးတော့ ပျက်နေတဲ့ စာချုပ်ကြီး ဖြစ်နေတာကို မချပြရဲသာသည်ပင်လျှင် သူဟာ အကျိုးအမြတ်တခုကို ယူချင်လို့ လုပ်နေတယ်လို့ မှန်းဆတယ်။ အဲ့စေတနာ သူ့အကျိုးပေးမှာပဲလေ။"

ဒီမြစ်ဆုံစီမံကိန်းကို ၂၀၀၆ ခုနှစ် စစ်အစိုးရလက်ထက်မှာ အမှတ် ၁ လျှပ်စစ် စွမ်းအားဝန်ကြီးဌာနနဲ့ တရုတ်နိုင်ငံ CPI ကုမ္ပဏီတို့ စာချုပ် ချုပ်ဆိုခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း သဘာဝပတ်ဝန်းကျင်နဲ့ ဒေသခံပြည်သူတွေရဲ့ လူမှုဘဝရှင်သန် ရပ်တည်မှုတွေအပေါ် ဆိုးကျိုးတွေဖြစ်နိုင်တာကြောင့် မြစ်ဆုံစီမံကိန်းကို ဆက်မလုပ်ဖို့ ပြည်သူ လူထု တရပ်လုံးက ဆန့်ကျင် ကန့်ကွက်နေတာဖြစ်ပါတယ်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်ကတော့ မြစ်ဆုံစီမံကိန်းနဲ့ ပတ်သက်လို့ အစိုးရအနေနဲ့ ဆုံးဖြတ်ချက် ချတဲ့အချိန် ကျရင် ဘာကြောင့် ဘယ်လိုဆုံးဖြတ်ချက် ချတယ်ဆိုတာကို ပွင့်လင်းမြင်သာမှုရှိရှိ တင်ပြသွားမယ်လို့ ပြောဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG