သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂဒေသဝက်သက်နဲ့ကူးစက်ရောဂါကြောင့် သေဆုံးသူ ၈၂ ဦးအထိတိုးလာ


နာဂဒေသဝက်သက်ရောဂါ ကူသနေစဉ်(MOI)
နာဂဒေသဝက်သက်ရောဂါ ကူသနေစဉ်(MOI)

ဝက်သက်ရောဂါနဲ့အမျိုးအမည်မဖေါ်ပြနိုင်တဲ့ကူးစက်ရောဂါဖြစ်ပွါးနေတဲ့ စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ် ခွင့်ရဒေသအတွင်းက မြို့နယ်ဒေသတွေမှာကလေးသူငယ်သေဆုံးမှုဦးရေ(၈၀)ကျော်ဖြစ်ပွါးခဲ့ပြီး ရောဂါဖြစ်ပွါးနေဆဲ အခြေအနေမှာရှိနေတယ်လို့ နာဂရေးရာတာဝန်ရှိသူတွေကအတည်ပြုပြောဆိုခဲ့ပါတယ်။

လက်ရှိမှာအစိုးရကျန်းမာရေး ဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေကနေ ကုသပေးနေတယ်ဆိုပေမယ့် လိုအပ်ချက်တွေရှိနေဆဲလို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်တွေကဆိုပါတယ်။ လက်ရှိနာဂဒေသရောဂါဖြစ်ပွါးနေမှုနဲ့ပတ်သက်ပြီး ထိုင်းအခြေစိုက် VOAသတင်းထောက်နိုင်ကွန်းအိန်ကနေ ဆက် သွယ်မေးမြန်းပြီးအခုလိုသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းက လဟယ်မြို့နယ်နဲ့နန်းယွမ်းမြို့နယ်အတွင်းမှာ ကူစက်ရောဂါဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပြီး ယနေ့အထိသေဆုံးသူဦးရေ(၈၂)ရှိနေခဲ့ပြီးလို့ နာဂအမျိုးသားရေးရာ ကောင်စီ ပြန်ကြားရေးတာဝန်ခံ ဦးကဲယုံးကVOAကိုပြောပါတယ်။

“ရောဂါဖြစ်နေတာက ကျနော်တို့ဒီ လဟယ်မြို့နယ်နဲ့ နန်းယွမ်းမြို့နယ်ထဲမှာပေါ့နော်။ ဆိုတော့ အခုလောလောဆယ် ဒီမြို့နယ် ၂ မြို့နယ်က စုစုပေါင်းသေဆုံးလူဦးရေက ၈၂ ယောက်ရှိပြီပေါ့နော်။ ၈၂ ယောက် အစိုးရဘက်ကလည်း သူတို့ သတင်းစာရှင်းလင်းပွဲမှာ ၈၀ ကျော်လို့ပြောသွားတယ်။ ဒါပေမယ့် ကျနော်တို့ ဘက်မှာ အတိအကျရထားတာကတော့ ၈၂ ယောက် ပေါ့နော်။"

အထူးသဖြင့်နန်းယွမ်းမြို့နယ်အတွင်းမှာ အမျိုးအမည်မဖေါ်ပြနိုင်တဲ့ ကူးစက်ရောဂါ ဆက်လက်ဖြစ်ပွါးနေဆဲလို့ဦးကဲယုံး က ဆက်ပြောပါတယ်။

“လဟယ်မြို့နယ်မှာကတော့ ဝက်သက်လို့ပြောတယ်။ နန်းယွမ်းမှာကတော့ ဝက်သက်ရောဂါမဟုတ်ဘူးလို့ သိရတယ်။ အခုလောလောဆယ်မှာ နန်းယွမ်းမှာ ဝက်သက်မဟုတ်ပဲနဲ့ ကူးစက်ရေဂါတမျိုး ဒါပေမယ့် ဘာရောဂါလဲဆိုတဲ့ဟာ အစိုးရက ပြောထားတာမရှိဘူး။ ကျနော်တို့ကလည်း ဘာရောဂါလဲဆိုတဲ့ဟာကို ပြောလို့မရဘူးဖြစ်နေတယ်။ ဆိုတော့ တော်တော်များများလည်း နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲမှာ အဲဒီရောဂါတွေဆက်ပြီးတော့မှ ဖြစ်နေတယ်။ လောလောဆယ်ကတော့ ဆေးဝါးကုသမှုတွေနဲ့ ဆေးဝါးလုံလုံလောက်လောက်မရှိဘူးဆိုတာကို ကျနော်တို့ သိရတယ်ပေါ့နော်။”

နာဂဒေသမှာ ဇွန်လပထမအပတ်လောက်ကတည်းကစပြီး လဟယ်မြို့နယ်အပြင် နန်းယွန်းမြို့နယ် ဒုံဟီးမြို့နယ်ခွဲ က ကျေးရွာတွေမှာ ကူးစက်ရောဂါဖြစ်ပွားလာခဲ့ပြီးသြဂုတ်(၂၄)အထိကလေးငယ် (၆၈) ဦးသေဆုံးသွားခဲ့ရာကနေ အခု (၈၂)ဦးထိ သေဆုံးမှုတိုးပွါးလာခဲ့တာပါ။

အစိုးရကျန်းမာရေးဌာနရောဂါတိုက်ဖျက်ရေးအဖွဲ့တွေအနေနဲ့ ရောဂါဖြစ်ပွါးရာ နာဂဒေသက လဟယ်မြို့နယ်မှာသာ ဆေးဝါးကုသနေခဲ့ပြီးတော့ နန်းယွန်းမြို့နယ်ထဲမကုသနိုင်သေးတဲ့အတွက် ကဲဆန်ဆာလင်နဲ့ ကဲဆန်ကားလန် ကျေးရွာမှာ ရောဂါအခြေအနေဆိုးဝါးနေဆဲလို့ ဦးကဲယုံးကပြောပါတယ်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာဖြစ်ပွါးနေတဲ့ဲ ကူးစက်ရောဂါထိန်းချုပ်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနဆေးဝန်ထမ်း ညွှန်ကြားရေးမှူးရုံးရဲ့စီစဉ်မှုနဲ့ နေပြည်တော် ခန္တီးတပ်မတော်ဆေးရုံကအထူးကုဆရာဝန်တွေ၊ နေပြည်တော်ကူးစက် ရောဂါတိုက်ဖျက်ရေးဌာနအဖွဲ့နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကူးစက်ရောဂါတိုက်ဖျက်ရေးအဖွဲ့တို့ကနေ သြဂုတ်လဒုတိ ယအပါတ်ကစလို့ ကွင်းဆင်းကုသမှုကြောင့် အသေပျောက်နည်းပါးလာခဲ့ပေမဲ့ နန်းယွန်းမြို့နယ်ထဲမှာတော့ ရောဂါ ဆန်းတမျိုးဆက်လက်ဖြစ်ပွါးနေဆဲဖြစ်ပါတယ်။

လက်ရှိရောဂါဖြစ်ပွါးရာဒေသအတွင်းကျန်းမာရေးစောင့်ရှောက်မှုအနေအထားအပေါ် အားရမှုမရှိဘူးလို့ တိုင်းဒေသ ကြီးလွှတ်တော်ကိုယ်စားလှယ် ဦးစိန်းမောင်ကပြောပါတယ်။

“ဘယ်လိုအားနည်းချက်ရှိသလဲဆိုရင်တော့ သူတို့က ဆရာဝန်၊ ဆရာမတွေလာရင်လည်း ရွာတစ်ရွာကို ၁ နာရီ-၂ နာရီ လောက်ပဲ အချိန်ပဲပေးပြီးတော့မှ တရွာပြီးတရွာ ကျော်ကျော်သွားတယ်ပေါ့နော်။ ပြီးလို့ရှိရင် ရွာ အရေအတွက် ပြီးသွားတာနဲ့ ပြန်ပြန်သွားတာ။ ပြန်သွားတဲ့အခါကျတော့ တကယ့်တကယ်ဖြစ်နေတဲ့ဟာက သူတို့ရောဂါအခြေအနေ ၊ ကလေးတွေဖျားနာမှုကို သူတို့ အသေးစိတ် မသိနိုင်ဘူးခင်ဗျ။ ကုသမှုနေရာမှာကလည်း သူတို့က စားဆေးအပြားလေးတွေပေးပြီးတော့မှ ဒီအတိုင်းပဲ ကျော်ကျော်သွားတယ်ခင်ဗျ။ ကျနော်တို့လိုချင်တာက အဲဒီလိုမဟုတ်ဘူး ရွာတိုင်းရွာတိုင်းကိုပေါ့ ၁ ရွာမှာ အနည်းဆုံး ၇ ရက် - ၁၀ ရက် အဲဒီလောက်နေပြီးတော့မှ အခြေချပြီးတော့မှ ကူသစေချင်တယ်ခင်ဗျ။”

ဗဟိုကျန်းမာရေးဌာနရဲ့စစ်ဆေးတွေ့ရှိချက်အရကတော့ နာဂဒေသမှာဖြစ်ပွါးတဲ့ရောဂါဟာ ဝက်သက်ရောဂါအများစု ဖြစ်ပြီး တခြားကျန်တဲ့အသက်ရှုလမ်းကြောင်းနဲ့ဆက်စပ်တဲ့ရောဂါဖြစ်သလို ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန အဖွဲ့တွေကိုစေလွှတ်နေပေမဲ့ လိုအပ်ချက်ရှိနေတယ်လို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်သူ ဟန်ထွန်းကပြောပါတယ်။

“ဓါတ်ခွဲစမ်းသပ်တဲ့ အခြေအနေအရကတော့ ဒါက ၅ ယောက်မှာ - ၃ ယောက်က Positive ကိုတွေ့တာပေါ့နော်။ အဲဒီတော့ တခြားအသက်ရှုလမ်းကြောင်းဆိုင်ရာတွေပဲဖြစ်ပါလိမ့်မယ်။ အများစုဖြစ်နေတာကတော့ ဝက်သက် ဟုတ်ပါတယ်။ သူတို့က တောင်ပေါ်ဒေသဆိုတော့ အသက်ရှုလမ်းကြောင်းဆိုင်ရာတွေလည်းဖြစ်မှာ သူတို့ဆီမှာ ရွာတွေရဲ့ လူနေမှုပုံစံတွေဟာ သိပ်ပြီးတော့ မကောင်းဘူးပေါ့ဗျာ။ ကျနော်တို့ ဆရာဝန်အဖွဲ့တွေကိုတော့ တဖွဲ့ပြီး တဖွဲ့လွှတ်ပေးနေတာပဲဗျ။ ထောက်ပံ့ရေးပစ္စည်းတွေကိုလည်း ပို့ဆောင်ပေးနေပါတယ်။ စဖြစ်တဲ့ရောဂါကလည်း ကာကွယ်ဆေးမထိုးနိုင်လို့ ဖြစ်ကြတာကို အဲဒီမှာက ဆရာ၊ ဆရာမ အင်အားက နည်းတယ်၊ လမ်းပန်းဆက်သွယ်ရေးခက်တယ်။ အဲလိုအချက်အလက်တွေကြောင့် ကူးစက်ရောဂါက မပျံ့နှံ့သင့်ပဲနဲ့ ၊ မဆိုးသင့်ပဲနဲ့ ဆိုးသွားတာပေါ့နော်။"

နာဂဒေသမှာ ကျန်းမာရေးဝန်ထမ်းတွေ ချို့တဲ့နေတဲ့အနေအထားကြောင့် အစိုးရအနေနဲ့ မူလတန်းနဲ့ အလယ်တန်း အောင်မြင်ထားတဲ့ ဒေသခံတွေကို “လူထုကျန်းမာရေးလုပ်သား” အဖြစ် အကောင်ထည်ဖော်ဖို့စီစဉ်နေကြောင်း နေပြည်တော်ကူးစက်ရောဂါတိုက်ဖျက်ရေးဌာန(ဗဟို)မှ ဒုညွှန်ချုပ် ဒေါက်တာသန်းထွန်းအောင်ကပြောပါတယ်။

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ စာရင်းအရကျန်းမာရေးဝန်ထမ်းဦးရေ ၃၀၉ ဦးရှိပေမဲ့ လက်ရှိမှာ (၉၀)ဦးသာ တာဝန်ထမ်းဆောင်နေကြပြီး ၂၁၉ နေရာလစ်လပ်နေတယ်လို့ နာဂဦးစီးအဖွဲ့တာဝန်ရှိသူတွေကနေပြောပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီးအတွင်းက နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဟာ မဖွံ့ဖြိုးသေးတဲ့ဒေသတခုဖြစ်ပြီး လမ်းပမ်း ဆက်သွယ်ရေးခက်ခဲမှု ဒေသခံတွေကလဲ ကျန်းမာရေးအသိပညာချို့တဲ့မှု ကျန်းမာရေးဝန်ထမ်းမလုံလောက်မှု စတဲ့ ပြဿနာတွေရှိနေဆဲဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG