သုံးရလွယ်ကူစေသည့် Link များ

နာဂဒေသမဲဆွယ်ပွဲ အချေအတင် ဖြစ်စရာနဲ့ကြုံ


တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အမှတ်တံဆိပ်များ။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသထဲက မြို့နယ်တစ်မြို့နယ် အပါအဝင်ဖြစ်တဲ့ လဟယ်မြို့မှာ လက်ရှိအာဏာရ ပါတီအနေနဲ့ မဲဆွယ်စည်းရုံးရေး ကာလတွေမှာ လူမျိုးရေးအကြောင်းပြ မဲဆွယ်မှုတွေ လုပ်နေတယ်လို့ NLD ပါတီဝင်တွေက ဆိုပါတယ်။ ဒါပေမဲ့လည်း ကြံ့ခိုင်ရေးပါတီ အနေနဲ့တော့ NLD ပါတီရဲ့ပြောဆိုချက်တွေဟာ မဟုတ်မှန်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အပြည့်အစုံကို ကိုယ်တိုင်သွားရောက်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးထားပါတယ်။

နာဂတိုင်းရင်းသားအများစု နေထိုင်တဲ့ လဟယ်မြို့မှာ လာမယ့်ရွေးကောက်ပွဲကြရင် အင်အားကြီး ပါတီနှစ်ခုဖြစ်တဲ့ ပြည်ထောင်စုကြံ့ခိုင်ရေး ပါတီနဲ့ NLD ပါတီတို့ ဝင်ရောက်ယှဉ်ပြိုင်ကြမှာပါ။ မဲဆွယ်စည်းရုံးကာလတွေမှာ လက်ရှိအာဏာရပါတီအနေနဲ့ လူမျိုးရေးနဲ့ ပတ်သက်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်နေတယ်လို့ လဟယ်မြို့ NLD ပါတီဝင်တွေက ဆိုပါတယ်။

“တဖက်ပါတီကနေပြီးတော့ လွှတ်တော်အမတ်လောင်းတွေက သူတို့လူတွေ လွှတ်ထားပြီးတော့ ရွာကြီးတွေမှာပေါ့နော်၊ NLD နိုင်ရင် စစ်ဖြစ်မယ်ပေါ့၊ စစ်ဆိုတာ ကျနော်တို့ဒေသတွေမှာ အင်မတန်မှ ကြောက်တာကို၊ နောက်ပြီးတော့ NLD နိုင်ရင် အာဏာလွှဲပြောင်းပေးမှာ မဟုတ်ဘူးလို့ဆိုတယ်။ သူတို့ဆိုလိုတာက ၁၉၉၀ တုန်းက ရွေးကောက်ပွဲအခြေအနေကို သူတို့အနေနဲ့ အဲဒီတုန်းကလည်း အာဏာ မလွှဲ ပေးဘူး။ အခုလည်း စစ်တပ်က အာဏာလွှဲပေးမှာ မဟုတ်ဘူးဆိုပြီးတော့၊ ဒါပေမယ့် ကျနော်တို့က ဒါကိုလည်း ပြန်ရှင်းပြပါတယ်။ ၁၉၉၀ ရွေးကောက်ပွဲအခြေအနေတုန်းကနဲ့ အခုလက်ရှိအခြေအနေ လုံးဝမတူပါဘူးလို့။ ၁၉၉၀ ရွေးကောက်ပွဲမှာ စစ်တပ်ကနေဦးဆောင်ပြီးတော့ ရွေးကောက်ပွဲဖြစ်တယ်။ အခုကျတော့ ဒါ တရားဝင် ၂၀၀၈ အခြေခံဥပဒေအရပေါ်လာတဲ့ အစိုးရတရပ်ကနေပြီးတော့ ဖွဲ့စည်းထားတဲ့ ရွေးကောက်ပွဲကော်မရှင်ကနေပြီးတော့ ကျင်းပတာဖြစ်တယ်။ အဲဒါကြောင့်မို့ လုံးဝ အာဏာလွှဲမှာဖြစ်တယ်။ အဲလိုလုပ်ခြင်းဟာ ကျနော်တို့ ပြည်သူတွေကို စော်ကားနေတာပဲဆိုပြီးတော့ ကျနော်တို့ ဒီလိုပြန်ပြောပါတယ်။”

လဟယ်မြို့ တိုင်းဒေသသကြီး (၂) မဲဆန္ဒနယ် ကိုယ်စားလှယ်လောင်း ဦးကယ်ပြောပြသွားတာပါ။

ကြံ့ခိုင်ရေးပါတီကတော့ အတိုက်အခံပါတီရဲ့ပြောဆိုချက်တွေဟာ လဟယ်မြို့ USDP ပါတီ အလုပ်အမှုဆောင် ဦးကျော့နား က မဟုတ်မှန်ကြောင်း တုံ့ပြန်ပြောဆိုလိုက်ပါတယ်။

“ကျနော် တယောက်တည်းအမြင်နဲ့ပြောရမယ်ဆိုရင် သူတို့ဟာ ယှဉ်ပြိုင်ဘက် လွှတ်တော်ကိုယ်စားလှယ်လောင်းတွေဖြစ်တာကြောင့်မို့လို့ သူတို့ရဲ့ အနိုင်အရှုံးဆိုတဲ့ ရလဒ်အပေါ်မှာ မူတည်ပြီးတော့ ကျနော်တို့ စိန်ခေါ်မှုတရပ်အနေနဲ့ တွေ့တာလည်းဖြစ်မယ်။ သို့မဟုတ် ကိုယ့်ထက် အားသာချက်တခု အနေနဲ့တွေ့ရှိတာဖြစ်ရင်လည်းဖြစ်မယ်။ ကျနော် ဒီလိုပဲခံယူတယ်။”

မေး။ ။ သူတို့ရဲ့ပြောဆို တုံ့ပြန်မှုတွေကရော တကယ်ပဲ USDP ပါတီအနေနဲ့ ငြင်းချက်ထုတ်နိုင်ရဲ့လား။

ဖြေ။ ။ ကျနော်တို့ ထုတ်နိုင်ပါတယ်။ ကျနော်တို့ပါတီရဲ့ တဦးတယောက်အနေနဲ့ပြောခဲ့ရင်တောင်မှာ ကျနော်တို့ ဥပဒေအရ ငြိစွန်းလာမယ်ဆိုရင် ပြောခဲ့တဲ့လူက တာဝန်ယူမှု တာဝန်ခံမှုရှိရပါမယ်။

မေး။ ။ USDP ပါတီအနေနဲ့ရော ဒီလိုမျိုး မဲစွယ်စည်းရုံးမှုတွေမလုပ်ဘူးဆိုတာ ပြတ်ပြတ်သားသားပြောဆိုနိုင်ရဲ့လား။

ဖြေ။ ။ ကျနော် ပြတ်ပြတ်သားသားပြောဆိုနိုင်ပါတယ်။

မဲဆွယ်စည်းရုံးစဉ်မှာ လူမျိုးရေး၊ ဘာသာရေးနဲ့ လူတစ်ဦးချင်း ဒါမှမဟုတ် လူအများကို ထိခိုက်စေနိုင်တဲ့ရေးသားဟောပြောမှုတွေ မလုပ်ရဘူးလို့ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားပါတယ်။ လဟယ်မြို့က NLD ပါတီကတော့ ကော်မရှင်က ချမှတ်ထားတဲ့ စည်းမျည်းစည်းကမ်းထက် ကျော်လွန်တဲ့ မဲဆွယ်စည်းရုံးမှုတွေကို ကော်မရှင်ထံ တိုင်ကြားသွားမယ်လို့ ဆိုပါတယ်။

လက်ရှိအခြေအနေအရတော့ အလုပ်တွေအရမ်းများနေတော့ ရွေးကောက်ပွဲ အလွန်ကာလမှာ ဖြစ်ဖို့ ပိုများမယ် ထင်တယ်။ ဒါပေမယ့် ဒီကြားထဲမှာလည်း ကျနော်တို့ အခွင့်သာရင် သာသလို ကျနော်တို့ လုပ်ဖို့ရှိပါတယ်။

လဟယ်မြို့ တိုင်းဒေသကြီး ၁ မဲဆန္ဒနယ် NLD ကိုယ်စားလှယ်လောင်းဦးလော်ယုံဖြစ်ပါတယ်။

မေး။ ။ဟုတ်ကဲ့။ ဘယ်လို ပုံစံမျိုးတွေ လုပ်ဖို့ ရှိသလဲ။

ဖြေ။ ။ ကျနော်တို့က ဥပဒေ ကြောင်းအရပဲသွားမှာပါ။ ရွေးကောက်ပွဲကော်မရှင်ကို ကျနော်တို့ တင်မှာပါ။

မဲဆွယ်စည်းရုံးရေး ရက်ပေါင်း ၆ဝ အတွင်း တစ်ချို့နေရာတွေမှာ နိုင်ငံရေးပါတီတွေရဲ့ မဲဆွယ်မှုတွေကို ဟန့်တားနှောင့်ယှက်မှုတွေ ရှိနေပေမဲ့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဘက်ကတော့ ထိထိရောက်ရောက် အရေးယူမှုတွေ သိပ်မတွေ့ရသေးပါဘူးခင်ဗျာ။

XS
SM
MD
LG