သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွှတ်တော် ကိုယ်စားလှယ်အဖွဲ့ မြန်မာပြည်သွားမည်


အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် Nancy Pelosi
အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် Nancy Pelosi

အမေရိကန်အောက်လွှတ်တော် ဒီမိုကရက်တစ်ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ ပါတီကြီးနှစ်ရပ်တို့က လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ရဲ့ အာရှ ၅ နိုင်ငံ ခရီးစဉ်အတွင်း ဧပြီလ ၁ ရက်နေ့မှာတော့ မြန်မာနိုင်ငံကို ရောက်ရှိလာမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ စနေနေ့က အမေရိကန်အောက်လွှတ်တော် အနည်းစု ခေါင်းဆောင် နန်စီပလိုစီ ဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ စနေနေ့က ကမ္ဘောဒီးယားနိုင်ငံကို ရောက်ရှိနေပြီဖြစ်ပြီး အရေးပါတဲ့ အမေရိကန် နဲ့ အာရှဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာကိစ္စရပ်တွေကို အဓိက ထားဆွေးနွေးကြမှာလည်း ဖြစ်ပါတယ်။ မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

အမေရိကန်နဲ့ အာရှဒေသတွင်း လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ လူ့အခွင့်အရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ကိစ္စရပ်တွေလည်း ပါဝင်ပါတယ်။

လာမယ့်ဗုဒ္ဓဟူးနေ့မှာတော့ မစ္စပလိုစီ ဦးဆောင်တဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကိုရောက်မှာ ဖြစ်ပြီး နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိပါတယ်။ မြန်မာသမ္မတရ့ုး ညွှန်ကြားရေးမှူး ဦးဇော်ဌေးကလည်း မစ္စပလိုစီနဲ့ ဦးသိန်းစိန်တို့ တွေ့ဆုံမယ်ဆိုတာကို အတည်ပြု ပါတယ်။

“minority leader - ကျနော်တို့သမ္မတကြီးနဲ့တွေ့မယ်။”

မေး။ ။ ဟုတ်ကဲ့။ ဘယ်နေ့တွေ့မလဲရှင့်။

“၁ ရက်နေ့ဗျ။ ဟုတ်ကဲ့။ အဲဒါ သိရင်တော့ သတင်းထုတ်ပါမယ်ဗျ။”

အမေရိကန် အောက်လွှတ်တော် လူနည်းစုခေါင်းဆောင် နန်စီ ပလိုစီနဲ့လွှတ်တော်အမတ် ၉ ဦးပါ ကိုယ်စားလှယ် အဖွဲ့ဟာ ဧပြီလ ၁ ရက်နေ့မှာလည်း ရန်ကုန်မြို့က အမေရိကန် သံရုံးမှာ လူမှုအဖွဲ့အစည်းအသီးသီးက ကိုယ်စားလှယ်တွေနဲ့လည်းတွေ့ဆုံဖို့ စီစဉ်ထားပါတယ်။ ဒီတွေ့ဆုံပွဲကို တက်ရောက်မယ့် မမေစပါယ်ဖြူက အခုလို ပြောပါတယ်။

“ဟိုရောက်ပြီးတော့မှလေ- သူတို့ အဓိက-ဘယ်လိုခေါ်မလဲ၊ interest စစ်စစ်ပေါ့နော်။ သူတို့ဖွင့်ပေးတဲ့အပေါ်မှာမူတည်ပြီး ကျမတို့ကတော့ဆွေးနွေးမှာပါ။ ကျမကတော့ ဘာဆွေးနွေးမလဲဆိုရင် အဓိက အလုပ်လုပ်နေတာကတော့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှုပပျောက်ရေး၊ ကျား-မ တန်းတူညီမျှရေး၊ ပြီးတော့ ကချင်အရေး ဆိုပြီးတော့ ကျမကတော့ အဲဒါတွေနဲ့ပတ်သက်ပြီးတော့ ဆွေးနွေးမှာပါ။ သို့သော်လည်း ဘာတွေ အသေးစိတ်ဆွေးနွေးမလဲ ဆိုတာကတော့ သူတို့ အဓိက ဘာတွေကို interest ဖြစ်ပြီးတော့ မေးခွန်းက ဘာရှိမလဲဆိုတာပေါ်မှာ မူတည်မှာပေါ့နော်။”

အာရှ ခရီးစဉ် အစ စနေနေ့ ညနေပိုင်းမှာ Guam မှာ ရှိတဲ့ အမေရိကန် လေတပ်အခြေစိုက် စခန်းမှာ တထောက်နားစဉ်မှာ အောက်လွှတ်တော် လူနည်းစု ခေါင်းဆောင် မစ္စ Pelosi က အာရှ ခရီးစဉ်နဲ့ ပတ်သက်ပြီးအခုလို ပြောဆိုခဲ့ပါတယ်။ ကျမတို့ ကိုယ်စားလှယ် အဖွဲ့ အနေနဲ့ အာရှဒေသတွင်း နိုင်ငံတွေနဲ့ ခိုင်မာတဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု၊ အမျိုးသမီးတွေ၊ အလုပ်သမားတွေနဲ့ ကိုးကွယ်ယုံကြည်မှု မတူညီကြတဲ့ လူနည်းစုတွေနဲ့ သက်ဆိုင်တဲ့ လူ့ အခွင့်အရေးကိစ္စတွေ၊ နောက် မျှတတဲ့ ကုန်သွယ်ရေး တိုးမြှင့်ဆောင်ရွက်နိုင်ဖို့တွေကို ဆွေးနွေးကြမှာပါ။ ကျမတို့အဖွဲ့ဝင်တွေအနေနဲ့ အထူး စိတ်ဝင်စားနေတဲ့ အချက်ကတော့ လတ်တလော စေ့စပ်ညှိနှိုင်းထားပြီး ဖြစ်တဲ့ ဖစိဖိတ်ဒေသတလွှား ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက်က ဒေသတွင်း ဈေးကွက်တွေနဲ့ စီးပွားရေးအပေါ်မှာ ဘယ်လို သက်ရောက်မှုရှိမလဲ ဆိုတာတွေကို ပိုပြီးတော့ စိတ်ဝင်စားကြပါတယ်လို့လည်း အမေရိကန် အောက်လွှတ်တော် အနည်းစု ခေါင်းဆောင် Nancy Pelosi က ပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံ အပါအဝင် အာရှ ၅ နိုင်ငံ ခရီးစဉ် ကို လာရောက်ကြတဲ့ အမေရိကန်လွှတ်တော် အမတ်တွေထဲမှာတော့ အများစုက ဒီမိုကရက် လွှတ်တော်အမတ်တွေ ဖြစ်ပြီး ရီပက်ပလီကန် လွှတ်တော် အမတ် တဦးဘဲ ပါပါတယ်။ လွှတ်တော် စွမ်းအင်နဲ့ ကုန်သွယ်ရေး ၊ တရားစီရင်ရေး၊ ဘဏ္ဍာရေး၊ သယံဇာတနဲ့ လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မတီတို့က ကိုယ်စားလှယ်တွေလည်း ပါဝင်ကြပါတယ်ရှင်။

XS
SM
MD
LG