သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်လွှတ်တော်အမတ်များ မြန်မာသမ္မတနဲ့တွေ့ဆုံ


မြန်မာနိုင်ငံကို ရောက်နေတဲ့ အမေရိကန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ သမ္မတဦးသိန်းစိန်ကို ဒီကနေ့ နေပြည်တော်မှာ သွားရောက်တွေ့ဆုံပြီး ဒေသတွင်း လုံခြုံရေးကိစ္စ အပါအဝင် မြန်မာနိုင်ငံမှာ ကျင်းပဖို့ရှိတဲ့ ရွေးကောက်ပွဲကိစ္စ၊ လူ့အခွင့်အရေးကိစ္စတွေနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စရပ်တွေကို အမြင်ချင်း ဖလှယ်ပြီး ဆွေးနွေးခဲ့ကြပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

အာရှ ၅ နိုင်ငံကိုခရီးထွက်နေတဲ့ ဒီမိုကရက်တစ်ပါတီခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ် အဖွဲ့ဟာ ဧပြီ ၁ ရက်နေ့လည်ပိုင်းက သမ္မတ ဦးသိန်းစိန်ကို နေပြည်တော်က သမ္မတအိမ်တော်မှာ သွားရောက်တွေ့ဆုံခဲ့ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဆွေးနွေးပွဲ အကြောင်းအရာတွေနဲ့ ပတ်သက်ပြီး ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“ကျနော်တို့ဘက်ကတော့ နိုင်ငံရေး၊ စီးပွားရေး ပြုပြင်ပြောင်းလဲနေတဲ့ ကိစ္စတွေကို ရှင်းပြပါတယ်။ ဟိုဘက်ဒီဘက် ကျနော်တို့ အပြန်အလှန် ဆွေးနွေးတဲ့ ကိစ္စတွေကတော့ လူ့အခွင့်အရေးကိစ္စ၊ နောက်တခါ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးကိစ္စ၊ ဒေသတွင်း လုံခြုံရေးကိစ္စ၊ ပြီးလို့ရှိရင်တော့ ကျနော်တို့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုနဲ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု အခြေအနေတွေပေါ့၊ အဲဒါတွေနဲ့ ပတ်သက်လို့တော့ အပြန်အလှန် ဆွေးနွေးပါတယ်။ ဆွေးနွေးတဲ့အခါမှာ Nancy Pelosi တယောက်တည်းတင် မဟုတ်ဘဲနဲ့ လိုက်လာတဲ့ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကလည်း သမ္မတကြီးကို သူတို့သိချင်တဲ့ ကိစ္စလေးတွေကို မေးမြန်းပြီးတော့မှ အပြန်အလှန် ဆွေးနွေးခဲ့ပါတယ်။

ခြုံကြည့်လိုက်ရင်တော့ လွတ်လပ်ပွင့်လင်းပြီးတော့မှ အမြင်ချင်းဖလှယ်နိုင် တဲ့ ဆွေးနွေးပွဲလို့ ပြောလို့ရပါတယ်။”

မေး - မြန်မာစစ်တပ်နဲ့ အမေရိကန်စစ်တပ် ပူးပေါင်းဆောင်ရွက်ရေး ကိစ္စမျိုးတွေရော ဆွေးနွေးဖြစ်ပါသလား။

ဖြေ - “ဒေသတွင်းလုံခြုံရေး ဆွေးနွေးတဲ့ အခါမှာတော့ ရည်ညွှန်းပြောဆိုတာတော့ ရှိပါတယ်။ ဒါပေမဲ့ တိုက်ရိုက်ခေါင်းစဉ် တခုတည်းကို ဆွေးနွေးတာမျိုးတော့ မဟုတ်ပါဘူး။”

မေး - သူတို့အနေနဲ့က မြန်မာနိုင်ငံ အခုသွားနေတဲ့ လမ်းကြောင်းပေါ်မှာ ဘာတွေ စိုးရိမ်မှုရှိလဲခင်ဗျ။
ဖြေ - “ထုံးစံအတိုင်းပေါ့ဗျာ၊ တချို့ဟာတွေကတော့ ဝါရှင်တန်မှာသွားပြီး ပြောနေတာတွေ သတင်းမီဒီယာတချို့မှာ ပါတာလောက်နဲ့ သူတို့က စိုးရိမ်မှုတွေတော့ ရှိပါတယ်။ ဒါပေမဲ့ အရမ်းကြီးတော့ ရည်ညွှန်းပြီး ပြောတာမျိုးတော့ မရှိဘူး။ သမ္မတကြီးကတော့ ဘာပြောလဲဆိုတော့ မြန်မာနိုင်ငံဟာ အသွင်ကူးပြောင်းဆဲ နိုင်ငံတခုမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ မြန်မာနိုင်ငံဟာ တခြားနိုင်ငံထက်စာရင် ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ပိုပြီးတော့မှ ကောင်းကောင်းမွန်မွန် ကိုင်တွယ်နိုင်တယ် ဆိုတာကိုပြောတယ်။

နောက်တခုကတော့ မြန်မာနိုင်ငံနဲ့ ပတ်သက်လို့ရှိရင် Activists တွေရဲ့ ပြောတာတခုတည်းနဲ့ ဘယ်ဟာကိုမှ မဆုံးဖြတ်ပါနဲ့၊ ကိုယ်တိုင်လာကြည့်၊ ကိုယ်တိုင်လေ့လာပြီးတော့မှ သတင်းအချက်အလက်တွေကို ကွဲပြားခြားနားတဲ့ နေရာတွေကနေ ရယူပြီးတော့မှ ဆုံးဖြတ်ပါ။ ပြီးရင် အခုလိုလာပြီးတော့ လည်တာဟာ အခုလိုမျိုး သတင်းအချက်အလက် စုံလင်စေဖို့အတွက် အထောက်အကူ ဖြစ်စေတဲ့ အတွက်ကြောင့်မို့လို့ ကျနော်တို့ဘက်က ကြိုဆိုပါတယ်လို့ ပြောခဲ့ပါတယ်။”

မေး - သပိတ်မှောက်တဲ့ ကျောင်းသားတွေ အရေးကိစ္စ ကိုင်တွယ်တာနဲ့ ပတ်သက်ပြီးတော့ရော Nancy Pelosi တို့ဘက်က သမ္မတကြီးကို တခုခု ပြောဆိုတာရှိပါသလား။
ဖြေ - “ကျောင်းသားလေးတွေကိစ္စနဲ့ ပတ်သက်လို့ကတော့ဗျာ၊ အမြန်ဆုံး ပြန်လွှတ်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်တယ် ဆိုတာမျိုးပဲ ပြောပါတယ်။ တောင်းဆိုတာမျိုး မရှိပါဘူး။”

မေး - သမ္မတကြီးဘက်ကရော ဘယ်လို ပြန်ဖြေတာရှိပါသလဲ။
ဖြေ - “ကျနော်တို့ကတော့ အားလုံးကို ဥပဒေနဲ့အညီ ကိုင်တွယ်ဆောင်ရွက် သွားမယ် ဆိုတာပါပဲ။”

ပြန်ကြားရေးဝန်ကြီး ဦးရဲထွဋ် ဖြေကြားသွားတာပါ။ Nancy Pelosi နဲ့ အမေရိကန် ကိုယ်စားလှယ်အဖွဲ့ဟာ အခုလိုနေပြည်တော်မှာ သမ္မတနဲ့ မတွေ့ဆုံခင် လူထုအခြေပြု လူမှုအဖွဲ့အစည်း ခေါင်းဆောင် ၆ ဦးနဲ့ ရန်ကုန်မြို့ အမေရိကန်သံရုံးမှာ ဒီနေ့မနက် ၁၀ နာရီလောက်က တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲကို ကိုယ်တိုင် တက်ရောက်ခဲ့သူ ကျား/မတန်းတူညီမျှရေးကွန်ယက်အဖွဲ့ ဦးဆောင်သူ မမေစပယ်ဖြူက သူတို့ဆွေးနွေးချက်တွေကို ပြောပါတယ်။

“သူတို့ကတော့ အခုလက်ရှိ ကျမတို့ Civil Societies အနေနဲ့ Concerns ရှိတဲ့ အရာတွေပေါ့နော်၊ အဲဒါတွေကို သူတို့ သိချင်ပါတယ်တဲ့။ ကျမတို့က အဓိကပြောတာကတော့ လက်ရှိမှာ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီးတော့ လှုပ်ရှားလုပ်ဆောင်နေတဲ့ သူတွေရဲ့ Security ကို ကျမတို့ အထူးသဖြင့် Concern ဖြစ်တယ်လို့ ကျမတို့က အဲဒါလေးကိုပဲ နံပတ်တစ် အနေနဲ့ ပြောဖြစ်တယ်။ ဘာကြောင့်လဲဆိုတော့ အခုက ယူနီဖောင်းတွေကိုပဲ ကျမတို့က ကြောက်နေရတာ မဟုတ်ဘူး။ ဘယ်သူမှန်းမသိတဲ့၊ ဘယ်ကမှန်းမသိတဲ့ လူတွေကလည်း ကျမတို့ကို အန္တရာယ်ပြုနိုင်တယ် ဆိုတာက အခုလတ်တလောမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်တွေက သက်သေဖြစ်တယ်။ လက်ပတ်နီ၊ တာဝန် ဆိုပြီးတော့မှ လုပ်ထားတဲ့ သူတွေက ပြည်သူလူထုကို ဖမ်းပိုင်ခွင့်ရှိတယ်၊ ရိုက်နှက်ပိုင်ခွင့်ရှိတယ် ဆိုတဲ့အရာသည် ဒါဟာ အင်မတန်မှ စိုးရိမ်စရာ အချက်ဖြစ်တယ်ပေါ့။”

အမေရိကန် ဒီမိုကရက်တစ်ပါတီ ခေါင်းဆောင် Nancy Pelosi ဦးဆောင်တဲ့ အမေရိကန် အောက်လွှတ်တော် ကိုယ်စားလှယ်အဖွဲ့မှာ လွှတ်တော်၊ စွမ်းအင်နဲ့ ကုန်သွယ်ရေး၊ တရားစီရင်ရေး၊ ဘဏ္ဍာရေး၊ သယံဇာတနဲ့ လက်နက်ကိုင်တပ်များဆိုင်ရာ ကော်မတီတို့က ကိုယ်စားလှယ်တွေလည်း ပါဝင်ကြပါတယ်။

XS
SM
MD
LG