သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နာဂစ်မုန်တိုင်း ၆ နှစ်ပြည့်ပေမယ့် ပြန်လည်ထူထောင်ရေး လိုအပ်ဆဲ


၂၀၀၈ ခုနှစ်၊ မေလ ၂ ရက် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့မြင်ကွင်း။
၂၀၀၈ ခုနှစ်၊ မေလ ၂ ရက် နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရတဲ့မြင်ကွင်း။
မြန်မာနိုင်ငံ ရန်ကုန်မြို့နဲ့ ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်ဒေသတွေမှာ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့တာ ဒီကနေ့မှာ ၆ နှစ်တင်းတင် ပြည့်သွားပြီ ဖြစ်ပါတယ်။ မြန်မာ့သမိုင်းမှာ အဆိုးရွားဆုံး သဘာဝဘေးအန္တရာယ်တခုလို့ သတ်မှတ်ထားကြတဲ့ နာဂစ်မုန်တိုင်းကြောင့် လူတွေ သိန်းချီသေဆုံးခဲ့ရပြီး ဒေသခံ အများအပြားလည်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ပါတယ်။ နာဂစ်မုန်တိုင်း ဒုက္ခသည်တွေရဲ့ဘဝ ပြန်လည် ထူထောင်ရေးအတွက် ပြည်တွင်းက ကူညီရေးအဖွဲ့တွေရော ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာက ကယ်ဆယ်ရေး အဖွဲ့တွေကပါ ကူညီထောက်ပံ့ခဲ့ပေမယ့် ဒေသခံပြည်သူတွေရဲ့ နေ့စဉ်ဘဝကတော့ ထင်သလောက် အဆင်ပြေ တိုးတက်လာခြင်းမရှိဘဲ အခုချိန်ထိ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။ အပြည့်အစုံကို ကိုဉာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။

နာဂစ်မုန်တိုင်းတိုက်ခတ်မှုကြောင့် လူ့အသက်တွေ သေကြေပျက်စီးပြီး နေ့စဉ်လူမှုဘဝ ပျက်သုံးခဲ့ရတာ အခုဆိုရင် ၆ နှစ်ရှိခဲ့ပါပြီ။ ဒီကြားကာလထဲ နိုင်ငံတကာ အကူအညီတွေ ရရှိခဲ့တယ်ဆိုပေမယ့် ဒေသခံတွေအတွက်တော့ စိတ်ပိုင်း ရုပ်ပိုင်းဆိုင်ရာတွေ ပုံမှန်အနေအထား ပြန်မရောက်သေးဘူးလို့ ဆိုကြပါတယ်။ နိုင်ငံတကာ အကူအညီတွေပေါ် အခြေခံပြီး ပြည်တွင်း ကန်ထရိုက်တွေသာ ကောင်းစားသွားပေမယ့် ဒေသခံတွေ နေ့စဉ်ဘဝ ပုံမှန်အနေအထား ပြန်မရောက်သေးဘူးလို့ လပွတ္တာမြို့နယ်က ဘာသာရေးခေါင်းဆောင်တဦးဖြစ်တဲ့ ဦးသိန်းတိုးက VOA ကို ပြောပါတယ်။

“ကျနော်မြင်တာတော့ ကူညီတာတွေက ကံထရိုက်တွေနဲ့ ကူညီတဲ့ NGO အဖွဲ့တွေ ကောင်းစားသွားတာ ကျနော်တွေ့တာပေါ့နော။ ကံထရိုက်တွေ ချမ်းသာသွားတယ်။ ဒီမှာကတော့ အိမ်လေးတွေ ပေးတယ်။ အိမ်လေးတွေ စုတ်နေတယ်။ သူတို့မနေတတ်ဘူး။ စိတ်ပိုင်း ရုပ်ပိုင်းပေါ့နော်- ပြုပြင်ပြောင်းလဲမှုက သိပ်မရှိပါဘူး။ သူတို့ ကူညီပံ့ပိုးပေးတာကတော့ သိပ်မရှိပါဘူး။ ပစ္စည်းတွေလာတယ်၊ shelter တွေ ဆောက်တယ်။ သူတို့က ဒါကိုပဲ ကံထရိုက်နဲ့ပေါင်းပြီး လုပ်ပေးသွားတယ်။ လမ်းတွေလုပ်တယ်၊ ရေကန်တွေတူးတယ်။ သူတို့လိုချင်တာသူတို့ အားချင်းလုပ်ပြီး ဖန်တီးပြီး ယူသွားတာပေါ့နော်။ ဒါမျိုးတွေ ကျနော် တွေ့ရပါတယ်။ တကယ့်တကယ် ဒေသခံတွေကတော့ ထင်သလိုတော့ ထိထိရောက်ရောက် မရှိဘူးပေါ့။ အနည်းအကျဉ်းလောက်ပါပဲ။ ဥပမာ-တံတားတစ်ခုပေါ့။ ဒီတံတားကိုထိုးလိုက်တဲ့အချိန်မှာ ကျနော်ကိုယ်တိုင် ပြောတယ်။ ဒါ နာဂစ်ကြောင့်လှူတယ်၊ လှူတယ်ဆိုတာ တံတားကို ပျဉ်းကတိုးနဲ့ ဘာဖြစ်လို့ မလုပ်လဲ၊ ကုက္ကိုသားတွေနဲ့လုပ်တယ်။ ၃ နှစ်ခံရင် တော်ပြီ-တဲ့။ နောက် ရေတွင်းတွေ လိုက်ပြီးပြင်ပေးတယ်။ ရေတွင်းတွေမှာ နာမည်တွေ ထိုးပြီးတော့ သူတို့ကိုယ်တိုင်မတူးဘဲ ပထမ မူလရေတွင်းကို ဘိလပ်မြေလေး ၂ အိတ်လောက်ဖို့ပြီးတော့ နာမည်ထိုးပြီးတော့ နာမည်လေးယူသွားတယ်၊ ဓာတ်ပုံရိုက်တယ်။ ပြောမယ်ဆိုရင်တော့ အရေအတွက်နဲ့ အရည်အသွေးဆိုတော့ သူက အရေအတွက်ပဲပေါ့နော- အရေအတွက်ဆိုတာ သူတို့လိုချင်တဲ့ target ပြည့်ရင်ပြီးတာပဲလေ။ ခပ်မြန်မြန်လုပ်၊ ခပ်မြန်မြန်ပြီးရင် ပြီးရော။”

နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းမှာ အထူးသဖြင့် လပွတ္တာ အနီးတဝိုက်က ရွာသူရွာသားတွေ အများဆုံး သေဆုံးခဲ့ရသလို သက်မွေးဝမ်းကျောင်း လုပ်ငန်းတွေလည်း ပျက်စီးခဲ့ရပါတယ်။ အဲဒီအထဲမှာ ဆားလုပ်ငန်းတခုလည်း ပါဝင်ပါတယ်။ ပြင်စလူကျေးရွာက ဆားလုပ်ငန်း လုပ်နေသူ ဦးအောင်ကျော်က ဒီကနေ့မှာ ဧရာဝတီတိုင်းတခုလုံးရဲ့ ဆားလုပ်ငန်းဟာ ၂၅ % သာ ရှိတော့တယ်လို့ ဆိုပါတယ်။

“ဆားလုပ်ငန်းရှင်တွေက ဧရာဝတီတိုင်းအနေနဲ့ပြောရရင် ဒီကနေ့ ၂၅ % ပဲ လုပ်နိုင်တယ်။ လုပ်ငန်းရှင်တွေက ထွက်ရှိလာတဲ့ ဆားဈေးနှုန်းနဲ့ ရလာတဲ့အကျိုးအမြတ် ပြန်တွက်လို့ရှိရင် ထုတ်လုပ်မှုအောက်ကို ဈေးက ရောက်တဲ့အတွက် လုပ်ငန်းရှင်တော်တော်များများက ပျက်သုဉ်းသွားပြီလေ။ အခုလက်ရှိ ဒီနှစ်ဆိုလို့ရှိရင် ဧရာဝတီတိုင်း တတိုင်းလုံးနဲ့ခြုံတွက်ရင် ဆားလုပ်ငန်းရှင် ၂၅ % ပဲ လုပ်နိုင်တယ်။ ဆားလုပ်ငန်းအတွက်ဆိုပြီး ချေးငွေတွေ ပေးတယ်။ ပေးတဲ့ငွေက အားလုံးကတော့ တန်းတူညီမျှဆိုပြီးတော့ တဧက ၃ သိန်း ပေးလိုက်တာ။ ပျက်စီးမှုများတဲ့နေရာလည်း သုံးသိန်းပဲ၊ ပျက်စီးမှု နည်းတဲ့သူလည်း သုံးသိန်းပဲဆိုတော့ တန်းတူညီမျှတော့ ပေးတာ မှန်ကန်တယ်။ ပျက်စီးမှုများတဲ့ ကျနော်တို့ဘက်တွေကျတော့ သိုလှောင်ရုံအဆောက်အဦးတွေ ပြန်လည်တည်ဆောက်ရေးကာလမှာ အစစအရာရာ အကုန်လုံးပြန်လည်တည်ဆောက်ရတဲ့အခါကျတော့ သုံးစွဲမှုအားက အပြည့်အဝ မသုံးစွဲနိုင်ခဲ့ဘူး။ ကွင်းတွေ ပျက်ပြားသွားတဲ့ဟာ ပြန်ပြင်တဲ့အခါကျတော့ ကုန်ကျစရိတ်က ပိုများတယ်။ ရလာတဲ့ဈေးနှုန်းက ထုတ်လုပ်မှုအောက်ကို ရောက်တဲ့နှစ်ကများတော့ အခုအချိန်မှာတော့ လုပ်ငန်းရှင်က ၂၅ % လောက်ပဲ ကျန်တော့တယ်။”

နာဂစ်မုန်တိုင်း ကျရောက်ပြီးနောက်ပိုင်း ဧရာဝတီတိုင်းအတွင်းက ရေလုပ်ငန်းတွေ အနည်းငယ် နာလန်ပြန်ထူလာတယ်ဆိုပေမယ့် သဘာဝဂေဟစနစ် ပျက်သုဉ်းသွားတာကြောင့် အရင်လို ငါးတွေများများစားစား မရတော့ဘူးလို့ သိရပါတယ်။ နာဂစ်မုန်တိုင်းဟာ ၂ဝဝ၈ ခု မေလ ၂ ရက် နေ့မှာ အဆိုးဝါးဆုံး တိုက်ခတ်ခဲ့တာပါ။ အဲဒီနေ့က အခြေအနေကို ဦးသိန်းတိုးက ပြန်ပြောပြပါတယ်။

“လွန်ခဲ့တဲ့ခြောက်နှစ်ကဆို ကျနော်တို့ နေ့လည် ၂ ချက်တီးကျော်ကျော်လောက်ဆိုရင် မိုးတွေလေတွေ တအားတိုက်လာပြီးတော့ ညနေ ၄ နာရီကျော် ၅ နာရီလောက်ဆိုရင် လပွတ္တာမြို့ ကျနော်တို့မြို့ရဲ့ ဟိုဘက်ကမ်းမှာ ရေတွေ တအားကြီးတာပေါ့နော်။ ရေတွေတက်လာတာပေါ့။ လေပြင်းတွေ တအားတိုက်ပြီး ဟိုဘက်မြစ်မှာဆို ရေတွေက လွှမ်းလာတာပေါ့နော။ ည ၇ နာရီ၊ ၈ နာရီလောက်လည်းရောက်ကော၊ မြို့ထဲကို ရေတွေဝင်လာတာပေါ့။ မိုးလည်းလင်းရော နယ်ပေါင်းစုံက တက်လာကြတာ၊ စက်လှေတွေနဲ့ လှေတွေနဲ့ ပဲ့ထောင်တွေနဲ့ပေါ့။ သူတို့ဆီမှာ ရေ ဆယ့် လေးငါးပေ တက်တယ်။ အုန်းပင်တွေကျိုးတယ်။ လူတွေတော့ သေပြီဆိုပြီး မြို့ပေါ်ကို တခါတည်း လူတွေအများကြီးရောက်လာတယ်။ လပွတ္တာမြို့နယ်မှာရှိတဲ့ ရွာတွေအတော်များများပေါ့။ အကုန် မြို့ပေါ်တက်လာကြတာပေါ့။ တန်စောင်းတွေပြေး၊ ဘုရားတွေပြေး၊ ဘုန်းကြီးကျောင်းတွေဆီပြေး၊ ကယ်ဆယ်ရေးကလည်း ဘယ်သူမှ မရှိသေးတဲ့အချိန်ပေါ့နော်။ အရေးပေါ် ဆန်ပြုတ် ပြုတ်ရတာပေါ့။ ဒီနားမှာရှိတဲ့ ပုသိမ်တို့ မြောင်းမြတို့က - ဟာ လပွတ္တာမှာတော့ လူတွေ သေပြီ၊ ဒုက္ခသည်တွေ ဖြစ်ကုန်ပြီဆိုပြီးတော့ မော်တော်ကားတွေနဲ့ ဆင်းလာပြီးတော့ ကျနော်တို့မြို့ကို လာလှူကြတာပေါ့နော်။”

နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် ဒီကနေ့မနက်မှာ လပွတ္တာမြို့ပေါ်က သက်ကျမဟာသဘင် ဆုတောင်းပြည့်ဘုရားမှာ မြို့ပေါ် ကျောင်းပေါင်း ၄၂ ကျောင်းက သံဃာတော်တွေကို ပင့်ဖိတ်ပြီး ဆွမ်းကပ်အမျှဝေခဲ့ကြပါတယ်။ ဒီကနေ့ည ၇ နာရီကနေ ၉ နာရီအထိမှာလည်း မြန်မာနိုင်ငံလူငယ်များအဖွဲ့က ဦးစီးပြီး နာဂစ်မုန်တိုင်းအတွင်း သေဆုံးသွားသူတွေအတွက် ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်ကြမယ်လို့ သိရပါတယ်။
XS
SM
MD
LG