သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား အောင်ပွဲနေ့  ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ချီတက်ဆန္ဒပြကြ


(၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ။
(၁၀၄)ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံ သပိတ်ဦးဆောင်ကော်မတီ။

ဒီကနေ့မှာ ကျရောက်တဲ့ (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့အထိမ်းအမှတ် မြန်မာနိုင်ငံတဝန်း ဆားလင်းကြီး၊ဖားကန့်အပါအဝင် ဒေသတချို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ ချီတက် ဆန္ဒပြကြပါတယ်။ အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံဆိုင်ရာသံရုံးတချို့က ဂုဏ်ပြုသဝဏ်လွှာတွေ ရေးသားဖော်ပြကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရအပါအဝင် နိုင်ငံရေးအင်အားစုတွေက အမျိုးသားနေ့ကို ဂုဏ်ပြုခဲ့ကြပါတယ်။ စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ အမျိုးသားနေ့သဝဏ်လွှာမှာတော့ တိုင်းရင်းသားဒေသတွေမှာ လက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေကြောင့် ကျောင်းသား၊ ကျောင်းသူတွေရဲ့ ပညာသင်ကြားဖို့ အခွင့်အလမ်းတွေ ဆုံးရှုံးနေရတယ်လို့ စွပ်စွဲလိုက်ပါတယ်။ နိုင်ငံတဝန်း အမျိုးသားနေ့လှုပ်ရှားမှုတွေအကြောင်း ရန်ကုန်က သတင်းပေးပို့ ထားတာကို မဆုမွန် တင်ပြထားပါတယ်။
ဒီနေ့ မြန်မာသက္ကရာဇ် ၁၃၈၆ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် (၁၀) ရက်၊ နိုဝင်ဘာ ၂၅ ရက်နေ့ ကတော့ (၁၀၄)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ ဖြစ်ပါတယ်။ ကိုလိုနီလက်အောက်ခံဘဝ ၁၉၂၀ ပြည့်နှစ်တုန်းက ပြဌာန်းခဲ့တဲ့ မြန်မာတွေရဲ့ပညာရေးအခွင့်အလမ်းကို ကန့်သတ်ထားတဲ့ တက္ကသိုလ် အက်ဥပဒေကို တက္ကသိုလ်ကျောင်းသားတွေကဦးဆောင်ဆန့်ကျင်ကန့်ကွက်ရာကနေ ပထမ ကျောင်းသားသပိတ်ကိုအစွဲပြုပြီး အမျိုးသားအောင်ပွဲနေ့ဆိုကာပေါ်ပေါက်လာတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ကျရောက်တဲ့ အမျိုးသားနေ့အထိမ်းအမှတ်အဖြစ် စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ကို ကချင်ပြည်နယ် ဖားကန့်မြို့ မှာ မှော်လှည့်သပိတ်စစ်ကြောင်းနဲ့ ဒေသခံပြည်သူတွေပူးပေါင်းပြီး "စစ်ကျွန်မခံ ဘူးငြင်းဆန် အမျိုးသားနေ့အဓိဋ္ဌာန်" ၊ "တော်လှန်ရေးအတွက် အနစ်နာခံ CDM ဘယ်ခါမမေ့ လေးစားဂုဏ်ပြုပါ၏" ၊ "ဖက်ဆစ်စစ်တပ် အမြစ်ဖြတ်၊ စစ်ကျွန်အောက်က လွတ်မြောက်ရေး ဒို့တမျိုးသားလုံးအရေး" စတဲ့ စာသားတွေ ကိုင်ဆောင်ပြီး ချီတက်ဆန္ဒပြခဲ့ကြ ပါတယ်။ စစ်အာဏာရှင်စနစ်ကျဆုံးတဲ့အထိ ဆန္ဒပြပွဲတွေဆက်လုပ်သွားမယ်လို့ သပိတ်အဖွဲ့ဝင်တဦးက ဗွီအိုအေကိုပြောပြပါတယ်။

"ကျနော်တို့ဖားကန့်ပြည်သူတွေက စစ်အာဏာသိမ်းကတည်းကနေ ဖားကန့်မြို့မှာလူထုသပိတ်တိုက်ပွဲ တွေလုပ်တာ ၄ နှစ်နီးပါးရှိလာပြီ။ ၄ နှစ်နီးပါးမှာ ကျနော်တို့သပိတ်အဖွဲ့တွေ အဖမ်းခံရတာ၊ သတ်ဖြတ် ခံရတာတွေလည်း ရှိတယ်။ အခက်အခဲတွေအများကြီးပေါ့။ အဲကြားထဲကနေပဲ ဖားကန့်ပြည်သူတွေက စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေ ဆက်ပြုလုပ်နေတာဖြစ်တယ်။ နွေဦးတော်လှန်ရေးမပြီးမချင်း ဒီသပိတ်တိုက်ပွဲတွေပြုလုပ်သွားဖို့ရှိပါတယ်။ နွေဦးတော်လှန်ရေးအောင်မြင်တဲ့အထိ သပိတ်တွေ ပြုလုပ်မှာဖြစ်တယ်။ တနိုင်ငံလုံးက ပြည်သူတွေကလည်းဒီနွေဦးတော်လှန်ရေးအောင်မြင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က ကူညီပေးကြပါ အားလုံးဝန်းရံပေးကြဖို့ တိုက်တွန်းချင်ပါတယ်။"

စစ်ကိုင်းတိုင်း၊ ယင်းမာပင်ခရိုင် ဆားလင်းကြီးဘက်မှာလည်း ဒီကနေ့ကျရောက်တဲ့ (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ မှာ"စစ်ကျွန်မခံ 'ဘူး' ငြင်းဆန် အမျိုးသားနေ့ အဓိဋ္ဌာန်" ဆောင်ပုဒ် ဆိုင်းဘုတ် တွေ ကိုင်ဆောင်ပြီး ယင်းမာပင်ဆားလင်းကြီးကျေးရွာ ပေါင်းစုံသပိတ်ကော်မတီနဲ့အတူ အောင်လံလွှင့်မည်ရွှေရေကြည်၊ အောင်လံလွှင့်မည်ဒေါင်းသွေးနီ ၊ အားမာန်သစ် ၊ တော်လှန်ပုန်ကန် ဒေါင်းတို့အားမာန် ၊ ကယ်တင်ရှင်မရှာ ဒို့ကျေးရွာ’ စတဲ့ သပိတ်အင်အားစုတွေကျေးရွာပေါင်းစုံက ပြည်သူတွေ ပူးပေါင်းပြီး မုံရွာ-ပုသိမ် လမ်းမထက် တွင် စစ်အာဏာရှင်စနစ် ကျဆုံးရေးအား ချီတက်တော်လှန်ခဲ့ကြတယ်လို့ ယင်းမာပင်ခရိုင် ဆားလင်းကြီးကျေးရွာပေါင်းစုံ သပိတ်ကော်မတီကလည်း ထုတ်ပြန်ထားပါတယ်။

ဒီကနေ့ကျရောက်တဲ့ (၁၀၄) နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ပေးပို့တဲ့သဝဏ်လွှာမှာ လက်ရှိ ကျောင်းနေအရွယ်ကလေးအားလုံး ပညာသင်ယူ ခွင့်ရရှိရေးနဲ့ တိုင်းရင်းသားဒေသတွေမှာ လက်နက် ကိုင်အဖွဲ့တွေရဲ့ လုပ်ဆောင်မှုတွေ ကြောင့် ကျောင်းသား၊ ကျောင်းသူ တွေရဲ့ပညာသင်ကြားဖို့အခွင့်အလမ်းတွေဆုံးရှုံးနေရတယ်လို့ သူ့သဝဏ်လွှာမှာပြောဆိုခဲ့ပါတယ်။ နောက်ပြီး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ လုပ်ဆောင်မှု တွေကြောင့် တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒေသဖွံ့ဖြိုးတိုးတက်ရေးတွေ ထိခိုက်နေရတယ်လို့လည်းသူကစွပ်စွဲပြောဆိုလိုက်ပါတယ်။

နောက်ပြီး စစ်ခေါင်းဆောင်သဝဏ်လွှာထဲမှာ ‘ပြည်ထောင်စုကြီး ငြိမ်းချမ်းဖို့ တမျိုးသားလုံး ညီညွတ်စို့’ ဆိုတဲ့ဆောင်ပုဒ်နဲ့ ညီနောင် တိုင်းရင်းသားတွေကြား စည်းလုံးညီညွတ်မှုရရှိအောင် တည်ဆောက်ပြီး ထာဝရငြိမ်းချမ်းရေး ပုံဖော်သွားမှာဖြစ်တဲ့အတွက် အထူးသဖြင့် လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ကာ ငြိမ်းချမ်းရေး ဆွေးနွေးသွားဖို့အချိန်တန်နေပြီဆိုပြီးလည်း ပြောဆိုခဲ့ပါသေးတယ်။

လက်ရှိနိုငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စာရင်းအရ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းမှုကိုဆန့်ကျင်လို့ဆို ပြီး စစ်ကောင်စီဖမ်းဆီးထားတဲ့ ကျောင်းသားအရေအတွက်ဟာ ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာ ၂၂ ရက်အထိဆိုရင် ၁,၂၀၀ နီးပါးရှိပါတယ်။ ဒီထဲမှာ သေဒဏ်ကျမှတ်ခံထားရတဲ့ ကျောင်းသားကျောင်းသူတွေလည်းပါဝင်ပါတယ်။နောက်ပြီးအကျဉ်းချခံရတဲ့ကျောင်းသားတွေထဲက အများစုဟာ အကြမ်းဖက်ပုဒ်မတွေနဲ့‌ နှစ်ရှည်ထောင်ဒဏ်တွေချမှတ်ခံထားရပါတယ်။

နိုင်ငံရေးအကျဉ်းသားဟောင်းများအဖွဲ့က ဦးထွန်းကြည်ကတော့လက်ရှိ ပညာရေးစနစ်ဟာ စစ်ကျွန်ပညာရေးစနစ် စစ်အုပ်ချုပ်ရေး သက်တမ်းရှည်ဖို့ ပံ့ပိုးပေးမယ့် ပညာရေးကိုသာ စစ်ခေါင်းဆောင်တွေကပုံဖော်နေကြတာဖြစ်တယ်လို့ဝေဖန်လိုက်ပါတယ်။ နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ စစ်ကျွန်ပညာရေးအပါအဝင် စစ်ခေါင်းဆောင်တွေကို တွန်းလှန်သွားဖို့လိုတယ်လို့ပြောဆိုလိုက်ပါတယ်။

"တကယ့်တကယ်ကတော့ ကျောင်းသားသမဂ္ဂခေါင်းဆောင်တွေကို စစ်အာဏာရှင်အဆက်ဆက်က စစ်ကြောရေးမှာသတ်ဖြတ်လိုက် တာတွေ ထောင်ထဲမှာအမျိုးမျိုးလူ့အခွင့်အရေးချိုးဖောက်ပြီးတော့ သတ်ဖြတ်ခဲ့တာတွေအများကြီးဘဲ။ ကျောင်းသားတွေအနာဓါတ်ကို ဖျက်ဆီးခဲ့တာက စစ်အာဏာရှင် အဆက်ဆက်ဘဲ။ အနာဂါတ်ကိုထုဆစ်မယ်ဆိုရင်လိုအပ်နေတာ ကျနော်တို့တိုင်းပြည် ပညာရေးစနစ်ပဲ။ ကျနော်တို့တိုင်းပြည်ကို ပညာရေးနဲ့တည်ဆောက်ရမယ်လို့ ဒီနေရာကနေပြောချင်တယ်။ တိုင်းပြည် ပညာရေးစနစ်အပါအဝင် တိုင်းပြည်ကို ကျဆုံးနိုင်ငံမဖြစ်,ဖြစ်အောင် လူငယ်တွေ၊ ကျောင်းသားတွေကို မတရားသဖြင့် ပုဒ်မတွေတပ်၊ ထောင်သွင်းအကျဉ်းချသတ်ဖြတ်နေတဲ့ ရာဇဝတ်ကောင်တွေကိုတော့ ကျနော်တို့က ထိထိရောက်ရောက် ပြတ်ပြတ်သားသား အပြစ်ပေးအရေးယူမယ်ဆိုတာ ဒီနေရာကနေ ပြောလိုက်ချင်ပါတယ်။"

ဒီကနေ့မှာ ကျရောက်တဲ့ (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ကို မြန်မာနိုင်ငံဆိုင်ရာ သံရုံး တချို့က ဂုဏ်ပြုသဝဏ်လွှာတွေ ရေးသားဖော်ပြကြသလို NUG အမျိုးသားညီညွတ်ရေးအစိုးရ အပါအဝင် နိုင်ငံရေးအင်အားစုတွေကအမျိုးသားနေ့ကို ဂုဏ်ပြုခဲ့ကြပါ တယ်။ အမျိုးသားညီညွတ်ရေး အစိုးရ NUG က အမျိုးသားနေ့ဟာ မြန်မာနိုင်ငံတနိုင်ငံလုံးဖိနှိပ်ခံဘဝကလွတ်အောင် ဆင်နွှဲခဲ့ကြတဲ့ တော်လှန်ရေးစိတ်ဓာတ်နိုးကြားစေခဲ့တဲ့နေ့ဖြစ်တာနဲ့အညီ ရဟန်းရှင်လူကျောင်းသားပြည်သူတွေနဲ့အတူ တိုင်းရင်းသားတော်လှန်ရေးတပ်ဖွဲ့တွေ တော်လှန်ရေးမဟာမိတ်တွေနဲ့ တော်လှန်ရေးအင်အားစုတွေနဲ့ အတူ NUG ရဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF တပ်ရင်းတွေနဲ့ ချိတ်ဆက်ပူးပေါင်းလက်တွဲပြီးစစ်အာဏာရှင်စနစ်ကို အပြီးတိုင်ဖြိုဖျက်ပြီး ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော်သစ် တည်ဆောက်နိုင်အောင် ကြိုးစားသွားကြမယ်လို့ (၁၀၄) ကြိမ်မြောက် အမျိုးသားအောင်ပွဲနေ့ သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ EU ဥရောပသမဂ္ဂကလည်း “ဒီကနေ့ကျရောက်တဲ့ အမျိုးသားနေ့မှာ မြန်မာပြည်သူ တွေရဲ့ စည်းလုံးညီညွတ်မှု နဲ့ ခံနိုင်ရည်ရှိမှုတို့ကို ဂုဏ်ပြုအပ်ပါကြောင်းနဲ့ မြန်မာ့သမိုင်းတလျှောက် မိမိတို့ယုံကြည်ရာအတွက်ကြီးမားတဲ့စွန့်စားမှုကို ပြုခဲ့သော၊ အပြုသဘောဆောင်တဲ့ အပြောင်း အလဲကို တွန်းအားပေးဖို့ မြန်မာပြည်သူတွေကိုအတူတကွစုစည်းစေပြီး အခက်အခဲဒုက္ခကြုံချိန် များတွင် ကြံ့ကြံ့ခံနိုင်စွမ်း သော ရဲစွမ်းသတ္တိပြည့်ဝသူများအဖြစ်အမှတ်ရလျက်ရှိ” ပါကြောင်း European Union in Myanmar လူမှုကွန်ရက် စာမျက်နှာမှာ ရေးသားဖော်ပြပါတယ်။အလားတူ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးကလည်း ဒီကနေ့ကျရောက်တဲ့ (၁၀၄) ကြိမ်မြောက် အမျိုးသားနေ့ကို လှိုက်လှဲစွာဦးညွတ်ဂုဏ်ပြုပါကြောင်း ရေးသားဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG