သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမျိုးသား အောင်ပွဲနေ့ နဲ့ ယနေ့ မြန်မာ


တပ်မတော်သားဟောင်းတွေနဲ့ အမျိုးသားရေး အင်အားစုတို့ ကျင်းပနေတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား
တပ်မတော်သားဟောင်းတွေနဲ့ အမျိုးသားရေး အင်အားစုတို့ ကျင်းပနေတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

ကိုလိုနီနယ်ချဲ့လက်အောက် ပညာရေးလွတ်လပ်ခွင့်အတွက် တက္ကသိုလ်ကျောင်းသူကျောင်းသားတွေ စတင်တိုက်ပွဲဝင်ခဲ့တဲ့ တန်ဆောင်မုန်းလပြည့်ကျော် (၁၀)ရက်နေ့ကို အမျိုးသားအောင်ပွဲနေ့အဖြစ် ဂုဏ်ပြုသတ်မှတ်ခဲ့ပေမယ့် ဒီကနေ့ခေတ်မှာ တချို့ အမျိုးသားရေးလှုံဆော်သူတွေက အယူ လွဲမှားမှုတွေနဲ့ သတ်မှတ်ကျင်းပနေတာ တွေ့မြင် နေရတယ်လို့ မြန်မာ့အရေး အကဲခတ်တွေက ပြောပါတယ်။

မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်လက်တင်ဆက်မှာပါ။

ဒီဇင်ဘာလ (၂)ရက်နေ့က ကျရောက်တဲ့ (၉၈)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်အခမ်းအနားတွေကို ပေးပို့တဲ့ သမ္မတ ဦးဝင်းမြင့်ရဲ့ သဝဏ်လွှာမှာတော့- ပြည်ထောင်စု ငြိမ်းချမ်းရေးနဲ့ တိုင်းရင်းသားအားလုံး ညီညွတ်မျှတ ဖွံဖြိုးတိုးတက်ရေးဆိုတဲ့ အမျိုးသားရေးစိတ်ဓါတ်အရင်းခံပြီး စုပေါင်းအင်အားနဲ့ ကြိုးပမ်းဆောင်ရွက်ဖို့ တိုက်တွန်းထားပါတယ်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပနေတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ကျင်းပနေတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနား

အာဏာရပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က မနေ့က ထုတ်ပြန်တဲ့ အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် ကြေညာချက်မှာလည်း- တိုင်းရင်းသား၊ လူမျိုးပေါင်းစုံရှိနေတဲ့ မြန်မာနိုင်ငံမှာ သဘောထားကြီးတဲ့ နိုင်ငံရေးအမြင်၊ အမျိုးသားရေးအမြင်နဲ့ တိုင်းပြည်အကျိုးပြုတဲ့ စစ်မှန်တဲ့ အမျိုးသားရေးစိတ်ဓါတ် ရှိဖို့ လိုအပ်နေကြောင်း ဖေါ်ပြထားပါတယ်။ ရန်ကုန်မြို့ ပါတီဌာနချုပ်မှာ တနင်္ဂနွေနေ့က ကျင်းပတဲ့ အမျိုးသားအောင်ပွဲနေ့ အခမ်းအနားမှာတော့ ပါတီ ဗဟိုအမှုဆောင်ကော်မတီ၊ အတွင်းရေးမှူး ဦးဉာဏ်ဝင်းက ညီညွတ်ရေးကို အခြေခံတဲ့ အမျိုးသားအောင်ပွဲရေး စိတ်ဓါတ်နဲ့ ရည်မှန်းချက်ပန်းတိုင်ရောက်အောင်သွားဖို့ အခုလို မိန့်ခွန်းမှာ တိုက်တွန်းသွားပါတယ်။

"အမျိုးသားအောင်ပွဲနဲ့ စိတ်ဓါတ်တွေကို ကျနော်တို့ရှေ့ဆက်ပြီးတော့ ကိုင်စွဲသွားဖို့လိုနေတယ် ကျနေ်ာတို့ဟာ ပန်းတိုင်ကို မရောက်သေးပါဘူး။ ကျနော်တို့ပန်းတိုင်ကိုအားလုံးသဘောပေါက်ဖို့လိုပါတယ်။ ပန်းတိုင်ကိုရောက်ဖို့ ညီညွတ်တဲ့စိတ်ဓါတ်မျိုးနဲ့ ဆက်လက်သွားကြဖို့ လိုအပ်တဲ့အကြောင်း တိုက်တွန်းရင်း နိဂုံးချုပ်ပါတယ်။"

တဘက်မှာလည်း တပ်မတော်သားဟောင်းတွေနဲ့ အမျိုးသားရေး အင်အားစုတွေ စုပေါင်းပြီး အမျိုးသားအောင်ပွဲနေ့ အခမ်းအနားကို ရန်ကုန်မြို့ သူရဲကောင်းစစ်သည် ဗိမာန်မှာ တနင်္ဂနွေနေ့ နံနက်ပိုင်းက ကျင်းပခဲ့ပါတယ်။ ဒီကနေ့ခေတ် အမျိုးသားရေးလှုံဆော်နေသူတွေ ကြွေးကြော်နေတဲ့ အမျိုး၊ ဘာသာ၊ သာသနာ အမြင်နဲ့ တိုင်းပြည်ကာကွယ်ဖို့ဆိုတာ မဖြစ်သင့်တော့ဘူးလို့ မြင်သူကတော့ မြန်မာစာပေပညာရှင် နာမည်ကျော် ကဗျာဆရာ မောင်စွမ်းရည်က မြင်ပါတယ်။

ဒီကနေ့ ခေတ် လူမျိုး၊ ဘာသာ ပေါင်းစုံ စုဝေး နေထိုင်ပြီး လွတ်လပ်တဲ့ ပြည်ထောင်စု နိုင်ငံတနိုင်ငံအနေနဲ့ ခေတ်နဲ့အညီ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီရေး၊ ဖွံဖြိုးရေး စတဲ့ ကျယ်ပြန့်တဲ့ အမျိုးသားရေးစိတ်ဓါတ် အဖြစ် ပြုပြင်ပြောင်းလဲဖို့ လိုအပ်နေကြောင်း ကဗျာဆရာ မောင်စွမ်းရည်က ဗွီအိုအေကို ပြောပါတယ်။

"အရင်တုန်းကတော့ ဝံသာနု ရိက္ခတလို့ခေါ်တဲ့ ကြွေးကြော်သံက အမျိုး၊ဘာသာ၊ သာသနာတဲ့။ အမျိုး၊ ဘာသာ၊ သာသနာဆိုတာက အရင်တုန်းက အင်္ဂလိပ်အစိုးရလက်ထက်အောက်မှာ ကြွေးကြော်နေတာ။ အခုခေတ်တော့ အမျိုး၊ ဘာသာ၊ သာသနာဆိုတာက ခေတ်မမှီတော့ပါဘူး။ အမျိုးဆိုတာက ဘယ်အမျိုးလဲ ၊ ဘာသာဆိုတာက ဗုဒ္ဒဘာသာ အရင်တုန်းကဆိုလိုတာလေ။ သာသနာ ဆိုတာလည်း ဗုဒ္ဒသာသနာကို ဆိုလိုတာလေ ။ အခုအဲဒီတော့ ဒီတိုင်းပြည်က ပြည်ထောင်စုနိုင်ငံဖြစ်နေပြီးတော့ ဘာသာမျိုးစုံရှိနေပြီ ဗုဒ္ဒဘာသာရှိတယ်၊ ခရစ်ယာန်ရှိတယ်၊ နတ်ကိုးကွယ်သူတွေရှိတယ်။ အဲဒီတော့ ဒီခေတ်မှာ အမျိုးဘာသာ သာသနာဆိုတာခေတ်မမှီတော့ဘူး ။ ပြည်ထောင်စု စည်းလုံးရေး ဖွံ့ဖြိုးရေး ညီညွတ်ရေး ငြိမ်းချမ်းရေး အဲဒါမျိုးပဲ ခေတ်မှီတော့တာပေါ့။"

လွန်ခဲ့တဲ့ ၁၉၂၀ခုနှစ်က ရန်ကုန်တက္ကသိုလ်ကျောင်းသား (၁၁)ဦးခေါင်းဆောင်မှုနဲ့ အမျိုးသားပညာရေးနဲ့ ပတ်သက်တဲ့ လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်နဲ့ ကျောင်းသားထု အားလုံးရဲ့ ဆန္ဒသဘောထားတွေကို ကန့်သတ်ချုပ်ချယ်တဲ့ ဗြိတိသျှကိုလိုနီကျွန်ပညာရေး အပါအဝင် ရန်ကုန်တက္ကသိုလ်အက်ဥပဒေကြမ်းကို ဆန့်ကျင်ရေး သပိတ်တိုက်ပွဲကြီး မှာ ပြည်သူအများ ညီညွတ်စွာပါဝင်ခဲ့သလို ဗြိတိသျှအစိုးရက လိုက်လျောခဲ့ရတဲ့အတွက် လွတ်လပ်ရေးသမိုင်းမှာ ပထမဆုံးအောင်ပွဲအဖြစ် မှတ်တမ်းတင်ခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG