အမေရိကန်ပြည်ထောင်စုမှာ ဒီဇင်ဘာ ၂၉ ရက်နေ့က ကွယ်လွန်သွားတဲ့ သမ္မတဟောင်း Jimmy Carter ရဲ့ ၆ ရက်ကြာ နိုင်ငံတော်ဈာပန အခမ်းအနားတွေကို ဒီနေ့ စတင်ကျင်းပမှာ ဖြစ်ပါတယ်။
သူ့ရဲ့မွေးရပ်ဖြစ်တဲ့ Georgia ပြည်နယ် Plains မြိုမှာ ဈာပနအခမ်းအနားကို စတင်မှာဖြစ်ပြီး မြို့သူ မြို့သားတွေ ဂါရဝပြုနိုင်ဖို့ မြို့ထဲမှာ အလောင်းကို လှည့်လည်သယ်ဆောင်မှာ ဖြစ်ပါတယ်။ သမ္မတ Carter နေထိုင်ကြီးပြင်းခဲ့တဲ့ မိသားစု မြေပဲစိုက်ခြံမှာ ရုပ်အလောင်းကို ခေတ္တရပ်နားချိန် ၃၉ ယောက်မြောက် သမ္မတ ဖြစ်ခဲ့တာကို ဂုဏ်ပြုတဲ့အနေနဲ့ ခေါင်းလောင်း ၃၉ ချက်ထိုးမှာ ဖြစ်ပါတယ်။
အဲဒီနောက် သူပြည်နယ်အထက်လွှတ်တော်တာဝန်၊ ပြည်နယ်အုပ်ချုပ်ရေးမှူးတာဝန်တွေ ထမ်းဆောင်ခဲ့ဖူးတဲ့ Georgia ပြည်နယ် မြို့တော် Atlanta မြို့ကို သူ့ရုပ်အလောင်းကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ အဲဒီမှာ ခေတ္တငြိမ်သက် ဂါရဝပြုတဲ့ အခမ်းအနား လုပ်ပြီးရင်တော့ ရုပ်အလောင်းကို Carter Presidential Center ကို သယ်ယူသွားမှာ ဖြစ်ပါတယ်။ သမ္မတာဝန်ထမ်းဆောင်ပြီးနောက်မှာ တည်ထောင်ခဲ့တဲ့ Carter Presidential Center ဟာ ကမ္ဘာတဝန်း ငြိမ်းချမ်းရေးလုပ်ငန်းတွေ၊ ဒီမိုကရေစီ အသွင်ပြောင်းရေးလုပ်ငန်းတွေ၊ ပရဟိတလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးနေတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ Carter Center မှာ သမ္မတဟောင်း Carter ရဲ့အလောင်းကို ဒီနေ့ စနေနေ့ ည ၇ နာရီကနေ အင်္ဂါနေ့ မနက် ၆ နာရီအထိ ထားရှိမှာဖြစ်တဲ့အတွက် ပြည်သူတွေ သွားရောက် နှုတ်ဆက် ဂါရဝပြုနိုင်ကြမှာဖြစ်ပါတယ်။
အင်္ဂါနေ့ ကျရင်တော့ ဝါရှင်တန်မြို့တော်က အမေရိကန်ရေတပ် အောက်မေ့ဘွယ်နေရာမှာ ပြုလုပ်မယ့် ဈာပနအခမ်းအနားအတွက် သူ့ရုပ်အလောင်းကို အထူးလေတပ်လေယာဉ်နဲ့ သယ်ဆောင်လာမှာ ဖြစ်ပါတယ်။ အဲဒီအခမ်းအနားကနေ သမ္မတဟောင်း Carter ရဲ့ ရုပ်အလောင်းကို မြင်းလှည်းနဲ့ တင်ဆောင်ပြီး အမေရိကန်လွှတ်တော်အဆောက်အဦးဆီကို သယ်ဆောင်သွားမှာ ဖြစ်ပါတယ်။ လွှတ်တော်အဆောက်အဦးထဲမှာ သူ့ရုပ်အလောင်းကို ကြာသပတေးနေ့ မနက်အထိ အများပြည်သူ လာရောက်ဂါရဝပြုနိုင်ဖို့ ထားရှိမှာ ဖြစ်ပါတယ်။ ကြာသပတေးနေ့မှာတော့ National Cathedral ဘုရာရှိခိုးကျောင်းမှာ နိုင်ငံတော် ဈာပန ဝတ်ပြုပွဲအခမ်းအနားကို ကျင်းပမှာ ဖြစ်ပါတယ်။
ဒီအခမ်းအနားကို သမ္မတ Joe Biden နဲ့အတူ သက်ရှိထင်ရှားရှိနေကြတဲ့ အမေရိကန်သမ္မတဟောင်းတွေ အားလုံး တက်ရောက်ကြမှာ ဖြစ်ပါတယ်။
Forum