သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံသားစိစစ်ရေး အစီအစဉ် လိုအပ်ပါက သက်တမ်းတိုး ဆောင်ရွက်မည်


နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်။ သတင်းဓာတ်ပုံ-MOI Webportal Myanma
နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်များဆောင်ရွက်နေစဉ်။ သတင်းဓာတ်ပုံ-MOI Webportal Myanma

နိုင်ငံသားစိစစ်မှုလုပ်ငန်းစဉ်တွေကို ရက် ၁၀၀စီမံချက်ကာလအတွင်း မပြီးပြတ်ပါက နောက်ထပ် သက်တမ်းတိုးပြီး လုပ်ဆောင်သွားဖို့ အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဝန်ကြီးဌာနက စီစဉ်နေပါတယ်။ လက်ရှိ နိုင်ငံသားစီစစ်မှုလုပ်ငန်းစဉ်တွေကို တနိုင်ငံလုံးမှာ စိစစ်နေတာမှာ အချို့သော ရခိုင်ပြည်နယ်က မြို့နယ်အချို့မှာ လက်မခံတာတွေ ရှိနေပါတယ်။ နိုင်ငံသား စိစစ်တာမှာ နိုင်ငံသားဖြစ်ကြောင်းသက်သေပြနိုင်ဖို့ လိုအပ်သူတွေရှိလာရင် အချိန်ပေးသွားမယ် လို့လည်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနကပြောပါတယ်။ ဒီသတင်း အပြည့်အစုံကို ဗွီအိုအေက မေခက စုစည်းတင်ပြထားပါတယ်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနရဲ့ ပထမ ရက်၁၀၀အတွင်း ဆောင်ရွက်ဖို့ စီစဉ်ထားတဲ့ လုပ်ငန်း ၁၃ခုအနက် ၁၉၈၂ ခုနှစ် နိုင်ငံသား ဥပဒေအရ နိုင်ငံသားစိစစ်ရေး လုပ်ငန်းတွေ ကို ဆောင်ရွက်ဖို့လဲ ပါဝင်ပါတယ်။ ရက် ၁၀၀စီမံချက်ကာလအတွင်း ဒီလုပ်ငန်းကို အပြီးမသတ်နိုင်ဘူး ဆိုရင် နောက်ထပ် သက်တမ်းတိုး လုပ်ဆောင်သွားဖို့ အဲ့ဒီဌာနက ညွှန်ကြားရေးမှုး ချုပ် ဦးမြင့်ကြိုင်ကပြောပါတယ်။

" ရက်တစ်ရာ စီမံချက် အတွင်းမှာတော့ ကျနော်တို့ ပထမဆုံး စပြီးတော့ ထင်သာမြင်သာဖြစ်အောင် လုပ်တာပေါ့လေ။ ဒီရက်တရာနဲ့မပြီးဘူးဆိုရင်တော့ ကျနော်တို့ နောက်ထပ် ထပ်ပြီး ခြောက်လစီမံချက်အနေနဲ့ ဆက်ပြီးတော့ ဆောင်ရွက် သွားမှာဖြစ်ပါတယ်။ စိစစ်တယ်ဆိုတာ နိုင်ငံသားဥပဒေထဲမှာ ပါတဲ့အထဲမှာ တချို့က လိုအပ်တဲ့အထောက်အထားတွေ ပြဖို့ ရှာဖွေဖို့အတွက်ကို သူတို့မှာ ပြန်လည်ပြီး အတည်ပြုဖို့ လိုအပ်တယ်ဆိုရင် သူတို့ကို အချိန်ပေးရမှာဖြစ်တယ်။ နိုင်ငံသားဥပဒေ အရ နိုင်ငံသားဖြစ်သွားတဲ့သူရှိသလို တချို့လည်း ဧည့်နိုင်ငံသား ဒါမှမဟုတ် သက်ဆိုင်ရာ ကဒ်ပြားတမျိုးမျိုးကို ရသွားမှာပေါ့။ ဖြစ်လာနိုင်တာကတော့ လက်ရှိအနေအထားထက်ပိုပြီးတော့ သူတို့တွေ လူ့အခွင့်အရေးတွေ ၊ နိုင်ငံသားအခွင့်အရေးတွေကို ပိုပြိးတော့ ရရှိခံစားလာရနိုင်တဲ့သဘောဖြစ်ပါတယ်။ အခုတော့ အဲ့သလို အထောက်အထားမပြည့်စုံတဲ့သူတွေကလည်း သူတို့ကိုပေးထားတဲ့ နိုင်ငံသားစိစစ် သက်သေခံကဒ်ပြားပေါ့ verification ကဒ်ပေါ့ ဒီကဒ်ပြားကို ဆက်ကိုင်ထားပြီး သူတို့အထောက်အထားတွေ ပြည့်စုံအောင် ရှာပြီး ပြန်အစစ်ခံရမှာဖြစ်ပါတယ် ။ "

လက်ရှိ နိုင်ငံသားစိစစ်တာနဲ့ပတ်သတ်ပြီး မြေပုံမြို့နယ်က IDP စခန်းအတွင်းက စခန်းကော်မတီ အဖွဲ့ဝင်တဦးဖြစ်တဲ့ ဦးအောင်လွင်က အခုလို ပြောပါတယ်။

" ကျနော်တို့က စိတ်ပူတာက အခုစစ်ပြီးတော့ နော်ကတခါ ဘယ်တော့ ခင်ဗျားတို့လာပြန်စစ်မယ်ဆိုတာလည်း ကျနော်တို့ကို ဘာမှလည်း မပြောသွားဘူးလေ။ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဒီမှတ်ပုံတင်လုပ်ဖို့ကိစ္စ ကျနော်တို့ကိုပြောတယ်။ ပြောတဲ့အတွက်ကြောင့် ကျနော်တို့လုပ်တယ်။ ပြီးတဲ့အခါမှာ ကျနော်တို့ဆီ ဘယ်သူမှလည်း မလာတော့ဘူး။ အခွင့်အရေးဆိုတာလည်း ဘာလဲဆိုတာလည်း ကျနော်တို့မသိဘူး။ ကျနော်တို့ကို မျက်နှာလွှဲခဲပစ်ပုံစံမျိုးနဲ့ လုပ်ထားခဲ့တယ်။ အခုအစိုးရသစ်လက်ထက်မှာလည်း ကျနော်တို့ အဲ့ဒီ့ကိစ္စကို ပြန်တင်ပြတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်ဦးညီပုက အစိုးရအဟောင်းလုပ်သွားတဲ့ ကိစ္စကို ကျနော်တို့ကို မပြောပါနဲ့ ကျနော်တို့ကို ယုံကြည်ပါ။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ကမ္ဘာက လေးစားတဲ့ခေါင်းဆောင်ဖြစ်တယ်။ သူဦးဆောင်ပြီး လုပ်တဲ့ကိစ္စဖြစ်တဲ့အတွက်ကြောင့် ဒီကိစ္စအပေါ်မှာ ယုံကြည်ပါ ကျနော်တို့အစိုးရကို ယုံကြည်ပါလို့ပြောတယ်။ ကျနော်တို့ကလည်း ယုံကြည်ပါတယ်။ ကျနော်တို့ အခု ကဒ်တွေ ရပြီးပြီ။ ရပြီးတဲ့အခါမှာ ကျနော်တို့ကို ဘာမှ မပြောတော့ဘူး။ ဒါတွေကို ဘယ်လိုလုပ်ရမယ်ဆိုတာကိုလည်း ကျနော်တို့ကို မပြောဘူး။ သူတို့လည်း မလာတော့ဘူး။ စစ်ဆေးတဲ့အခါမှာ လူတွေက ဒါတွေကို ယုံကြည်မှု ကင်းမဲ့လာကြတယ်။"

ပြီးခဲ့တဲ့နှစ်အတွင်းက White Card ခေါ် ယာယီသက်သေခံလက်မှတ်တွေ သက်တမ်းကုန်ဆုံးပြီဖြစ် တာကြောင့် ဧပြီလ၁ရက်နေ့ကနေမေလ ၃၁ရက်နေအတွင်း ပြန်လည်အပ်နှံဖို့ အစိုးရက ကြေညာသတ်မှတ်ခဲ့တယ်။

ဒီနှစ်ဇွန်လဆန်းမှာတော့နိုင်ငံသားစိစစ်ဖို့ အစိမ်းရောင်ကဒ်တမျိုး ထပ်မံ ထုတ် ပေးခဲ့တာပါ။ ဒီအစိမ်းရောင် ကဒ်ရှိသူတွေဟာ နိုင်ငံသားလျှောက် ထားခွင့်ရရှိကြောင်း အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။ အစိမ်းရောင် ကဒ်ပြားသစ်ဟာ နေထိုင်ခွင့် အတွက် အာမခံပြီး နိုင်ငံသားလျှောက်ထားပြီးနောက် စိစစ်ချက်အရ နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူ စတဲ့ သတ်မှတ်ချက် အပေါ် မူတည်ပြီး ဥပဒေအရ ခံစားခွင့်ရမှာဖြစ်ပါတယ်။

လူအများစုကတော့ အစိမ်းရောင်ကဒ်ဟာ နေထိုင်ခွင့်ပြုတဲ့လက်မှတ်ဖြစ်ပြီး White Card ခေါ် သက်သေခံလက်မှတ်ထက် အဆင့်နိမ့်တယ်လို့ ယူဆပြီး လာရောက်လဲလှယ်ဖို့ လာမထုတ်ယူတာတွေ ရှိနေပါတယ်။ လက်ရှိချိန်ထိ ပုဏ္ဍားကျွန်းမြို့နယ်မှာ နိုင်ငံသား စိစစ်တာနဲ့ပတ်သတ်ပြီး လက်မခံ တာ ကြောင့်အစိမ်းရောင်ကတ်တွေ လာရောက်လဲ လှယ်ဖို့ အချိန်ယူစဉ်းစားဖို့ အတွက် အချိန်ပေးဖို့ တောင်းဆိုထားတာတွေရှိတယ်လို့ အစိုးရပိုင်းဘက်က တာဝန်ရှိသူတဦးက ပြောပါတယ်။

ရက်၁၀၀စီမံကိန်းအရ တပြည်လုံးက လိုအပ်တဲ့ဒေသတွေမှာ ဆောင်ရွက်မှာရှိသလို ရှမ်းပြည်နယ် နဲ့ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဘက်တွေမှာ လည်း ဆောင်ရွက်နေပြီ လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

" အခုအချိန်အထိ ကျနော်တို့ စစ်ဆေးဆောင်ရွက်ဆဲအနေအထားမှာတော့ တခြားနိုင်ငံက ခိုးဝင်လာတဲ့သူတွေကတော့ အခု ကျေျနာ်တို့စစ်ဆေးနေဆဲ ကမ့်တွေ နေရာဌာနတွေမှာတော့ မတွေ့ဘူးခင်ဗျ။။ ဝင်ဖို့ကြိုးစားနေတာတွေကိုပဲ ဖမ်းဆီးရမိတယ်ခင်ဗျ။ ကမ့်တွေထဲမှာ ပြည်တွင်းမှာ ခိုးဝင်လာတဲ့သူတွေကတော့ လောလောဆယ် မတွေ့ပါဘူး။"

လက်ရှိတွင် မြန်မာနိုင်ငံသား ဟုတ်မဟုတ် မစိစစ်နိုင်တာကြောင့် ယာယီ သက်သေခံကဒ် ထုတ်ပေးထားသူမှာ ၆သိန်းနီးပါးရှိနေပြီး ဒီထဲမှာ ရခိုင်ဒေသတခု ထဲမှာတင် ယာယီသက်သေခံကဒ် လေးသိန်းကျော် ထုတ်ပေးထားတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG