သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုင်းရင်းလူငယ်ညီလာခံ ဆက်လက်ကျင်းပဖို့ သဘောတူပြီ


တိုင်းရင်းလူငယ်ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေပုံ (FB-National Ethnic Youth Conference)
တိုင်းရင်းလူငယ်ညီလာခံ ကျင်းပဖို့ ပြင်ဆင်နေပုံ (FB-National Ethnic Youth Conference)

ရှမ်းပြည်နယ်တောင်ပိုင်းက သမိုင်းဝင် ပင်လုံမြို့မှာ ဒီလ ၂၇ရက်နေ့မှာ စတင်ကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်များ ညီလာခံကို ဆိုင်းငံ့ထားဖို့အတွက် ရှမ်းပြည်နယ်အစိုးရက ၂၅ရက်နေ့ညက ညွှန်ကြားခဲ့ရာမှာ လူငယ်တွေဖက်ကတော့ ဆက်လက်ကျင်းပခွင့်ပေးဖို့ ပြည်နယ်အစိုးရထံကို ဒီနေ့သွားရောက်တင်ပြရာမှာတော့ ဆက်လက်ကျင်းပဖို့ သဘောတူညီချက် ရပြီဖြစ်ကြောင်း လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီက တာဝန်ရှိသူတဦး က ပြောပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ပင်လုံမြို့မှာ ကျင်းပမယ့် တိုင်းရင်းသားလူငယ်များညီလာခံကို ဒီလ ၂၇ရက်နေ့ကနေ ၃၁ရက်နေ့အထိ ကျင်းပဖို့ ပြင်ဆင်ထားပြီး တိုင်းရင်းသားလူမျိုး ၂၆ မျိုးက ကိုယ်စားလှယ်တွေကို ဖိတ်ကြားထားတာဖြစ်ပါတယ်။

ညီလာခံ မကျင်းပမီ တစ်ရက်အလိုမှာတော့ ညီလာခံ ကျင်းပတာကို ဆိုင်းငံ့ထားဖို့အတွက် ရှမ်းပြည်နယ်အစိုးရက အကြောင်းကြားခဲ့တယ်လို့ လူငယ်ညီလာခံဖြစ်မြောက်ရေးကော်မတီဝင် မင်းနှောင်ထောက ပြောပါတယ်။

“ကျနော်တို့လည်း တင်တော့တင်ထားတာပဲ။ ခွင့်ပြုဖို့တင်ထားတာကတော့ ၃၀ ရက်နေ့ ဇွန်လ တုန်းကတော့ စပြီးတော့ တင်ထားတာပဲ။ ဒါပေမယ့်လည်း မနေ့ကမှ ကျနော်တို့က ဆိုင်းငံ့ပေးဖို့အကြောင်းကြားစာလာတယ်။ ဟုတ်ကဲ့ ကျနော်တို့တင်တာကတော့ ဒီပင်လုံကွင်းမှာလုပ်ဖို့ဆိုတော့လေ ပင်လုံကွင်းကိုအသုံးပြုခွင့်က ဒီ ညီလာခံကိုပြုလုပ်ခွင့်ပေးဖို့တင်ထားတာ။ ဒါပေမယ့် မနေ့ကမှ ကျနော်တို့က ဆိုင်းငံ့ပေးဖို့အကြောင်းကြားလာတယ်ပေါ့နော်။ ပို့တာက ဗမာတိုင်းရင်းသားရေးရာဝန်ကြီးက ရှမ်းပြည်နယ် ဝန်ကြီးချုပ်ကိုယ်စားပို့ လိုက်တာ။ ရေးထားတာကတော့ ညီလာခံလုပ်ခွင့်ကိစ္စနဲ့ ရှမ်းပြည်ဝန်ကြီးချုပ်ကိုတွေ့ဆုံခွင့်ကို ဆိုင်းငံ့တယ်ဆိုတဲ့ သဘောမျိုးပဲရေးထားတာ။ အကြောင်းပြချက်တော့ ကျနော်တို့လည်းမသိဘူး။”

တိုင်းရင်းသားလူငယ်တွေကတော့ အစိုးရဆီကို သူတို့အခက်အခဲတွေ တင်ပြပြီး ဆက်လက်ကျင်းပဖို့ ပြင်ဆင်နေကြောင်းလည်း ပြောပါတယ်။

“ကျနော်တို့ ဒီနေ့တော့ စာပြန်ရေးတယ်ပေါ့နော်။ ကျနော်တို့ ဆိုင်းငံ့တယ်ဆိုတဲ့ကိစ္စကို အဆင်မပြေဘူးဆိုတဲ့အကြောင်းပေါ့လေ။ အကြောင်းအရင်းတွေပြောပြတာပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ညီလာခံတက်မယ့်ကိုယ်စားလှယ်တွေလည်းဆုံနေပြီ နောက်တခုက ဖိတ်ကြားထားတဲ့တခြား ဧည့်သည်တွေလည်းရောက်နေ ပြီ။ ငွေကြေးသုံးစွဲထားတဲ့အပေါ်မှာလည်း ကျနော်တို့ကအများကြီး ကျွံနေပြီပေါ့လေ။ အဲဒီတော့ ဆက်လက်ဆောင်ရွက်မယ့်အနေအထားကတော့ ကျနော်တို့အနေနဲ့ ဖိတ်ထားတဲ့အတိုင်းပဲ၊ ဖိတ်ထားတဲ့လူတွေကလည်းရောက်နေပြီဆိုတော့ ပုံမှန် အစီအစဉ်အတိုင်း ၊ ပုံမှန် Agenda အတိုင်း ကျနော်တို့ဆက်ပြီးတော့မှ လုပ်ဆောင်သွားမယ်ပေါ့။”

ဒီကနေ့ လူငယ်ညီလာခံကျင်းပရေးကော်မတီက ကိုယ်စားလှယ်တချို့ ရှမ်းပြည်နယ်အစိုးရကို သွားရောက်တွေ့ဆုံပြီး ဆက်လက်ကျင်းပမယ့်ညီလာခံမှာ အစိုးရက ပူးပေါင်းဖို့လည်း ဖိတ်ခေါ်ထားကြောင်း မင်းနှောင်ထောက ဆက်ပြောပါတယ်။

“ကျနော်တို့လုပ်မယ်ဆိုရင် ကျနော်တို့နဲ့ ပူးပေါင်းဆောင်ရွက်ပြီး ပံ့ပိုးကူညီမှုတွေလုပ်ပေးဖို့ ဒါမှလည်း ကျနော်တို့ ပြည်ထောင်စုအရေး၊ ပြည်တွင်းငြိမ်းချမ်းရေး ဒီ ၂၁ ပင်လုံအောင်မြင်ရေးကိုပါ အထောက်အကူပြုဖို့အတွက်ကို ရှမ်းပြည်အစိုးရအနေနဲ့ ဒါကို ကူညီပံ့ပိုးပူးပေါင်းပါဝင်ဖို့ ကျနော်တို့က ဖိတ်ခေါ်အကြောင်းကြားထားတာပေါ့လေ။”

ရှမ်းပြည်နယ်အစိုးရထံကိုသွားရောက်စာတင်ခဲ့ရာမှာ ပြန်လည် ခွင့်ပြုမယ်လို့တုံပြန်ကြောင်း စာတင်ရာမှာ လိုက်ပါသွားခဲ့တဲ့လူငယ်အဖွဲ့က ကိုယ်စားလှယ် မမိုင်းမိုင်က ပြောပါတယ်။

“ကျမတို့က ရှမ်းပြည်နယ်အစိုးရကို သူတို့ ဆိုင်းငံ့ထားတဲ့ စာပေါ်မှာ မူတည်ပြီးမှ ပြန်လည်သုံးသပ်ပေးပါဆိုတဲ့စာကို ကျမတို့သွားတင်ထားတယ် ဒီနေ့က။ ဒါပေမယ့် အခု ခိုင်လုံတိကျတဲ့ သတင်းရပ်ကွက်ကနေကျမတို့ကို ခွင့်ပြုမိန့်ရတယ်ဆိုတဲ့အကြောင်းကို လာကြားတယ်။ ဒါပေမယ့် လက်ထဲမှာတော့ စာမရောက်သေးဘူးပေါ့နော်။ ကျမတို့ အဖွဲ့ကိုယ်စားလှယ်တွေကတော့ သွားရောက်ဆွေးနွေးတာမရှိပေမယ့် လူကြီးတွေ အကုန်လုံးဝန်းရံပြီးမှ ဝိုင်းပြောကြတာလေ။ အကုန်လုံး ဝန်းရံပြီးမှ ပြောပေးတဲ့အတွက်ကြောင့်မို့လို့ အခုလိုမျိုးပြန်ပြီးတော့မှ ပြေလည်လာတာပေါ့နော်။”

ဒီသတင်းနဲ့ပတ်သက်ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဝန်ကြီးချုပ်နဲ့ အစိုးရအဖွဲ့ဝင်တွေ ခရီးလွန်နေကြောင်းသာ တာဝန်ရှိသူတွေက ပြန်လည်ဖြေကြားခဲ့ပါတယ်။

လာမယ့် ၂၇ရက်နေ့မှာကျင်းပမယ့် မြန်မာနိုင်ငံလုံးဆိုင်ရာ တိုင်းရင်းသားလူငယ်ညီလာခံကို ၂၀၁၂ခုနှစ်ကတည်းဖြစ်မြောက်ရေးကော်မတီဖွဲ့ပြီး စတင်ခဲ့တာဖြစ်ပါတယ်။ ဒီညီလာခံကတော့ လူငယ်တွေအကြား ညီညွတ်ရေးကနေတဆင့် ငြိမ်းချမ်းရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စုအရေးတွေ ကို ဆောင်ရွက်သွားဖို့ ရည်ရွယ်ထားတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG