သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်ညှိနှိုင်း ဆွေးနွေးရေး ကော်မတီ တိုင်းရင်းသား ခေါင်းဆောင် ၁၅ ဦးနဲ့ဖွဲ့


အပစ်အခတ်ရပ်စဲရေးစာချုပ် (NCA) ကို အစိုးရနဲ့နောက်ဆုံးအချောသတ်ဆွေးနွေးမယ့် ညှိနှိုင်းဆွေးနွေးရေးကော်မတီကို တိုင်းရင်းသားခေါင်းဆောင် ၁၅ ဦးနဲ့ မနေ့တုန်းက ဖွဲ့စည်းလိုက်ပါတယ်။ ဖွဲ့စည်းလိုက်တဲ့အထဲမှာ တနိုင်ငံလုံးပစ်ခတ်ရပ်စဲရေး ညှိနှိုင်းရေးအဖွဲ့ (NCCT) ကခေါင်းဆောင်တွေလည်း ပါဝင်မှာပါ။ ဒီသတင်းကို လောခီးလာမှာ ရောက်နေတဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မေခက ပေးပို့ထားပါတယ်။

မနေ့က လောခီးလာညီလာခံကနေခုလို ဆုံးဖြတ်ချက်ချ ဖွဲ့စည်းလိုက်တာပါ။ ဒီအဖွဲ့မှာ ကရင်အမျိုးသားအစည်းအရုံး(KNU)အဖွဲ့ က နော်စီဖိုးရာစိန်က အဖွဲ့ ခေါင်းဆောင်၊ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ဒေါက်တာ လဂျာက ဒုအဖွဲ့ခေါင်းဆောင်၊ ချင်းအမျိုးသားတပ်ဦး (CNF) ပူးဇင်ကျူးက ဒုအဖွဲ့ ခေါင်းဆောင်တို့ အနေနဲ့ ဖွဲ့စည်းလိုက်တာဖြစ်ပြီး ဒီအဖွဲ့ကို ဦးဆောင်သွားမှာဖြစ်ပါတယ်။ ပါဝင်မယ့်အဖွဲ့ဝင်တွေနဲ့ပတ်သက်ပြီး NCCT အဖွဲ့ ဒုခေါင်းဆောင် ဖဒိုစောကွယ်ထူးဝင်းက ခုလိုပြောပါတယ်။

“ဆွေးနွေးညှိနှိုင်းရေးအဖွဲ့ဆိုတာကို ကျနော်တို့ဖွဲ့လိုက်တယ်။ ကျန်တဲ့အချက်တွေပေါ့လေ၊ ဖြည့်စွက်ပြင်ဆင်ချင်တဲ့အချက်တွေကို အစိုးရနဲ့ညှိဖို့အတွက် ဆက်လက်ညှိနှိုင်းဖို့အတွက်ပေါ့၊ NC ကိုပြီးပြတ်တဲ့အထိပေါ့…အခုတွေ့မယ်ဆိုတဲ့အပေါ်မှာ ထပ်ညှိဖို့အတွက် ဆွေးနွေးညှိနှိုင်းရေးအဖွဲ့တဖွဲ့ကို ဖွဲ့လိုက်တာ။ ပြည်နယ်တွေကိုအခြေခံပြီး ကရင်မှာတယောက်၊ ကရင်သုံးဖွဲ့ကိုတယောက်၊ ရခိုင်သုံးဖွဲ့ကိုတယောက်-အဲလိုသဘောပေါ့နော်၊ မွန်ဆိုလည်းတယောက်၊ ရှမ်းကတော့ နည်းနည်းကျယ်တော့ တဖွဲ့သုံးယောက်နေမယ်။ သုံးယောက်။ နောက်ပြီးတော့ ကချင်ကတယောက်။ ချင်းကတယောက် အဲလိုပေါ့ ABSDF ကလည်းပါတယ်။”

ဒီလိုညှိနှိုင်းဆွေးနွေးရေးကော်မတီ အသစ်ဖွဲ့လိုက်ပေမယ့်လည်း တနိုင်ငံလုံး အပစ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့ (NCCT) က ဆက်လက်ရှိနေဦးမှာပါ။ ခု အသစ်ဖွဲ့လိုက်တဲ့ ညှိနှိုင်းရေးအဖွဲ့ဟာ အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) ကိုသာ အပြီးသတ် အချောသတ်မှာဖြစ်ပြီး နှစ်ဘက်အချောသတ် ဆွေးနွေးပြီးပါက ဒီအဖွဲ့ရဲ့ တာဝန်ပြီးဆုံးမှာဖြစ်ပါတယ်။ ဒီအဖွဲ့က မနေ့ကထွက်ပေါ်လာတဲ့ အပစ်ခတ်ရပ်စဲရေးစာချုပ် (NCA) မူကြမ်းပေါ်မှာ ထပ်မံ ပြင်ဆင်မယ့် ပြင်ဆင်ချက် ၁၅ ချက်ကို အစိုးရနဲ့တွေ့ဆုံပြီး ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

ပြင်ဆင်ချက် ၁၅ ချက်အပြင် လက်ရှိမှာ အပစ်ရပ်စဲရေးစာချုပ် (NCA) မူကြမ်းရရှိချိန်ထိ အစိုးရနဲ့တိုင်းရင်းသားတွေကြားမှာ အဖြေမရနိုင်သေးတဲ့ NCA မှာ ပါဝင်လက်မှတ်ထိုးမယ့် တိုင်းရင်းသားအဖွဲ့စည်းစာရင်း၊ NCA လက်မှတ်ထိုးစဉ်မှာ သက်သေအဖြစ်ပါဝင်မယ့် နိုင်ငံစာရင်းနဲ့ NCA လက်မှတ်ထိုးစဉ်မှာ ပါဝင် လက်မှတ်ထိုးမယ့် ခေါင်းဆောင်စာရင်း စတဲ့အချက် ၃ ချက်ကိုလည်း အစိုးရနဲ့ အဖြေရတဲ့အထိ ဆွေးနွေးမယ်လို့ ညှိနှိုင်းဆွေးနွေးရေးကော်မတီ ဒုအဖွဲ့ ခေါင်းဆောင်ချင်းအမျိုးသား တပ်ဦး (CNF) က ပူးဇင်ကျူးကပြောပါတယ်။

လက်ရှိမှာ NCA လက်မှတ်ထိုးစဉ်မှာ သက်သေအဖြစ်ပါဝင်မယ့် နိုင်ငံစာရင်းနဲ့ပတ်သတ်ပြီး ပူးဇင်ကျူးက ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးနဲ့ အာဆီယံအတွင်းရေးမှူးချုပ်အပြင် နိုင်ငံပေါင်း ၇ နိုင်ငံကိုဖိတ်ကြားလိုတယ်လို့ ခုလိုပြောပါတယ်။

“ကျနော်တို့ဒီ ကမ္ဘာ့ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်ကို လာစေချင်ပါတယ်။ နောက် အာဆီယံအတွင်းရေးမှူးချုပ်ကို ကျနော်တို့လာစေချင်ပါတယ်။ နောက် အမေရိကန်ပြည်ထောင်စု၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ဗြိတိန်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ နောက်ပြီးမှ ထိုင်းနိုင်ငံ- ဒီနိုင်ငံတွေပါဝင်ဖို့ လိုအပ်တယ်လို့ ကျနော်တို့မြင်ပါတယ်။ နိုင်ငံတကာကလည်း ကျနော်တို့ကို ပံ့ပိုးနေတဲ့ အနေအထားမျိုးလည်း ရှိတယ်လို့လည်း ကျနော်တို့ ပြောလို့ရတယ်။ နောက် နိုင်ငံတော်အနေနဲ့လည်း အားလုံးရဲ့ရှေ့မှာ ပြည်သူလူထုအားလုံးသိအောင်၊ တကမ္ဘာလုံးသိအောင် ဖွင့်ပြခြင်းအားဖြင့် ယုံကြည်မှုတည်ဆောက်တဲ့ နေရာမှာလည်း တော်တော်လေးကို ကောင်းသွားမယ်။ ရှေ့လာမယ့် နိုင်ငံရေးဆွေးနွေးပွဲတွေမှာလည်း အထောက်အကူဖြစ်မယ်လို့ ကျနော်တို့ယူဆပါတယ်။”

လက်ရှိမှာ ညှိနှိုင်းရေးကော်မတီမှာ KNU (ကရင်အမျိုးသားစည်းရုံး)၊ KIO (ကချင်လွတ်မြောက်ရေးတပ်ဖွဲ့) ၊ CNF (ချင်းအမျိုးသား တပ်ဦး)၊ ALP (ရခိုင်ပြည်လွတ်မြောက်ရေးပါတီ)၊ SSPP (ရှမ်းပြည်ပြန်လည်ထူထောင်ရေးအဖွဲ့) ၊ KNPP (ကရင်နီအမျိုးသားတိုးတက်ရေး ပါတီ)၊ TNLA (တအောင်း၊ ပလောင်အဖွဲ့) NMSP (မွန်ပြည်သစ်ပါတီ)၊ ABSDF (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက် တစ်တပ်ဦး) စတဲ့အဖွဲ့တွေက ကိုယ်စားလှယ် တွေပါဝင်သလို NCCT အဖွဲ့ဝင်တွေဖြစ်တဲ့ နိုင်ဟံသာ၊ ဗိုလ်ချုပ်ဂွမ်မော်၊ ဖဒိုစောကွယ်ထူးဝင်း၊ ဆလိုင်းလျန်မှုန်းဆာခေါင်း၊ ခွန်ဥက္ကာတို့ပါဝင်တယ်လို့ သိရပေမယ့် ပါဝင်မယ့် လူစာရင်းတိကျ ထုတ်ပြန် ခြင်းမရှိသေးဘဲ ဆွေးနွေးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာမှ အသေးစိတ် ထုတ်ပြန်သွားမယ်လို့ တိုင်းရင်းသားခေါင်းဆောင်တွေက ပြောပါတယ်။ ဆွေးနွေးပွဲကို နိုင်ငံရေးမူဘောင်နဲ့ ရှေ့လုပ်ငန်းစဉ်တွေကို အပြီးသတ်ဆွေးနွေးသွားမယ်လို့ သိရပါတယ်။

XS
SM
MD
LG