သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တနိုင်ငံလုံးအပစ်ရပ်ရေး ၁၆ ဖွဲ့နဲ့ ကနဦးစမည်


ဆဌမအကြိမ်မြောက် တနိုင်ငံလုံးအပစ်ရပ်ရေးဆွေးနွေးပွဲမြင်ကွင်း။
ဆဌမအကြိမ်မြောက် တနိုင်ငံလုံးအပစ်ရပ်ရေးဆွေးနွေးပွဲမြင်ကွင်း။

အပစ်ခတ်ရပ်စဲရေးကို ပထမအဆင့်အနေနဲ့အစိုးရလက်ခံထားတဲ့ ၁၆ ဖွဲ့နဲ့သာ စတင်လုပ်ဆောင်သွားမယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) က အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်းက ဗီအိုအေကို ပြောပါတယ်။ ကျန်ရှိနေမယ့် တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တဲ့ AA ရက္ခိုင့်တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့စတဲ့ အဖွဲ့တွေကတော့ ‘နောက်ချန်’ အနေနဲ့ဆွေးနွေးမယ်လို့ပြောပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးဖို့အတွက်ဆိုရင် အဲဒီအဖွဲ့တွေက တိုက်ပွဲတွေရပ်ပေးဖို့လိုတယ်လို့လည်း သူက ပြောပါတယ်။ ဒီသတင်းကို ဗွီအိုအေသတင်းထောက် မေခက ပေးပို့ထားပါတယ်။

ဒီကနေ့အင်းယားလိတ်ဟိုတယ်မှာ ကျင်းပခဲ့တဲ့ ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုင်ရာ ဆွေးနွေးပွဲအပြီး ဗွီအိုအေမေးမြန်းစဉ်မှာ ဝန်ကြီး ဦးအောင်မင်းက အခုလိုပြောခဲ့တာပါ။ တိုက်ပွဲတွေဖြစ်နေဆဲဖြစ်တဲ့ AA ရက္ခိုင့် တပ်မတော်၊ TNLA တအောင်း (ခေါ်) ပလောင်တပ်ဖွဲ့တွေနဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တွေနဲ့ကတော့ နှစ်ဘက်သီးခြားဆီ တရားဝင်ဆွေးနွေးမှု မရှိသေးကြောင်း၊ အဲဒီအဖွဲ့တွေကို စောင့်ဆိုင်းပြီးမှ အပစ်ရပ်ရေး ဆောင်ရွက်ရမယ် ဆိုရင် အပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ ကြန့်ကြာလာနိုင်တယ်လို့ ဦးအောင်မင်းက ခုလိုပြောပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်း
ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းကော်မတီ (UPWC) အဖွဲ့ခေါင်းဆောင် ဝန်ကြီးဦးအောင်မင်း

“ကျနော်တို့ ပထမအဆင့်အနေနဲ့က ၁၆ ဖွဲ့နဲ့ပဲလုပ်ပါ့မယ်။ နောက်အဖွဲ့တွေကတော့ ဒုတိယအဆင့်အနေနဲ့ပဲ ကျနော်တို့သွားပါ့မယ်။ အဆင့်ခွဲထားပါတယ်။ အခု စကားပြောနေတဲ့ ၁၆ ဖွဲ့ထဲမှာ ၁၅ ဖွဲ့နဲ့က ကျနော်တို့က bilateral ရှိထားပြီးနဲ့ လက်မှတ်ရေးထိုးထားပြီးဖြစ်တယ်။ အဲဒီအဖွဲ့တွေနဲ့ တဆင့်တက်ပြီး Nationwide Ceasefire ခေါ် NC ကို ကျနော်တို့ ဆက်ပြီး ဆွေးနွေးနေတာဖြစ်ပါတယ်။ အခုနကပြောတဲ့ ကိုးကန့်အဖွဲ့၊ ပလောဝ်အဖွဲ့၊ AA အဖွဲ့က Bilateral မဆွေးနွေးရသေးပါဘူး။ Bilateral ဆွေးနွေးတဲ့အခါမှာလည်း အချက်အလက်တွေ အများကြီးထွက်လာပါတယ်။ သူတို့ကို စောင့်ပြီးခေါ်မယ်ဆိုရင် ငြိမ်းချမ်းရေး ကြာနေလိမ့်မယ်။ ဆွေးနွေးနေတဲ့ ၁၆ ဖွဲ့နဲ့ပဲ ရှေ့ကနေဆက်ပြီးတော့ ပထမအဆင့်အနေနဲ့သွားပါမယ်။ ကျန်တဲ့အဖွဲ့တွေကတော့ bilateral ဆိုတဲ့ အဆင့်ခံနေတဲ့အတွက် သူတို့က နောက် ဒုတိယအဆင့်အနေနဲ့ ကျနော်တို့က ဆောင်ရွက်ဖို့ရှိပါတယ်။”

ဒီလို ‘နောက်ချန်’ - အနေနဲ့လုပ်ဆောင်ရတာဟာ မူလပထမ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်မူကြမ်းထွက်ရှိဖို့ဆွေးနွေးစဉ်မှာ ကိုးကန့်အဖွဲ့နဲ့ တိုက်ပွဲတွေဖြစ်ခဲ့ခြင်းမရှိသလို ရက္ခိုင့်တပ်မတော်မှာလည်း ရခိုင်အဖွဲ့နဲ့ငြိမ်းချမ်းရေးယူစဉ်မှာ ALP ရခိုင်လွတ်မြောက်ရေး တပ်မတော်အနေနဲ့သာ လက်မှတ်ထိုးခဲ့တာကြောင့်လို့ သူကပြောပါတယ်။

“ကျနော်တို့အစကတည်းက NC စာချုပ်လို့ သုံးတဲ့အခါမှာ အဲဒီအချိန်တုန်းက ကိုးကန့်-ဆိုတာ မပေါ်သေးပါဘူး။ AA လည်းတကယ်တော့ ရှင်းရှင်းပြောရလို့ ရှိရင် ရခိုင်အဖွဲ့နဲ့ ကျနော်တို့ လက်မှတ်ထိုးတဲ့အခါမှာ ALP နဲ့ ထိုးထားတာပါ။ ကျနော်တို့ပြောတာ ရခိုင်အဖွဲ့ထဲမှာ ALP ပါ - မပါလာပါဘူး ALP နဲ့ပဲ ကျနော်တို့ စကားပြောပြီးတော့ စာချုပ် ချုပ်ရင်လည်း ALP နဲ့ပဲ ချုပ်ဆိုသွားမှာဖြစ်ပါတယ်။”

တိုက်ပွဲတွေဖြစ်နေတဲ့ ကိုးကန့်နဲ့ ရက္ခိုင့်တပ်မတော်တို့အနေနဲ့ ငြိမ်းချမ်းရေးရယူနိုင်ဖို့အတွက် ခုဖြစ်နေတဲ့ပဋိပက္ခတွေကိုအရင်ရပ် အောင်လုပ်ဆောင်ဖို့ လိုကြောင်း၊ ဒီလိုရပ်စဲပြီးမှသာ နိုင်ငံရေးဆွေးနွေးနိုင်မှာဖြစ်တယ်လို့သူကပြောပါတယ်။

“ပထမဦးဆုံး ပဋိပက္ခတွေဖြစ်နေတဲ့နေရာမှာ ပဋိပက္ခတွေငြိမ်းချမ်းအောင် စလုပ်ရပါမယ်။ ငြိမ်းချမ်းအောင်စလုပ်ဖို့က ဘယ်သူက စတာလဲ- ကိုးကန့်တိုက်ပွဲက။ ကိုးကန့်တိုက်ပွဲက သူတို့စတယ်ဆိုရင် သူတို့ ငြိမ်းချမ်းအောင်စလုပ်။ စလုပ်ပြီး ငြိမ်းချမ်းသွားလို့ရှိရင် နိုင်ငံရေးဆွေးနွေးပွဲတွေ ဆက်လုပ်လို့ရမယ်။ …ဒါပေါ့၊ သူတို့ဘက်က ရပ်ပေးပါ။ သူတို့ဘက်က ရပ်လိုက်ရင်ရပြီ။”

ဒီလိုထုတ်ဖော်ပြောဆိုမှုက တိုင်းရင်းသားတွေလုပ်ဆောင်ခဲ့တဲ့ ပန်ဆန်းညီလာခံမှာထုတ်ပြန်ခဲ့တဲ့ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးမှာ တိုင်းရင်းသားတိုင်း ပါဝင်ရေး ဆိုတဲ့အချက်နဲ့ လွဲချော်နေတဲ့အပေါ် ဦးအောင်မင်းက တိုင်းရင်းသားတွေဘက်ကို ညှိနှိုင်းသွားမှာဖြစ်တယ်လို့ပြောပါတယ်။

NCCT (တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးညှိနှိုင်းရေးအဖွဲ့) ရဲ့ အဖွဲ့ဝင်တဦးလည်းဖြစ် ALP ရခိုင်လွတ်မြောက်ရေး ပါတီက ဒေါ်စောမြ ရာဇာလင်းကတော့ ဦးအောင်မင်းရဲ့ပြောကြားချက်ကို တိုင်းရင်းသားတွေဘယ်လိုတုံပြန်မလဲဆိုတာကို တိုင်းရင်းသားတွေဆွေးနွေးရ ဦးမှာဖြစ်ကြောင်း၊ တိုင်းရင်းသားအားလုံး မပါဝင်ရင် တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးဆိုတဲ့အဓိပ္ပာယ်ကို ပြည့်စုံစေမှာမဟုတ်ဘူးလို့ ပြောပါတယ်။

“အစိုးရအနေနဲ့ အမြဲတမ်းပြောလာတာကတော့ ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့် လက်မှတ်ထိုးထားတဲ့ ၁၆ ဖွဲ့နဲ့ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပါ့မယ်ဆိုတာမျိုးကတော့ တောက်လျှောက်ကြီးပြောလာတာဖြစ်တယ်။ အခုပြောလာတာတော့ မဟုတ်ဘူး။ ဒါပေမယ့် တိုင်းရင်းသားအားလုံးကတော့ အားလုံးပါဝင်ရေးဆိုတာမျိုးတော့ ပြောကြတယ်။ အဲဒါတွေကို တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လို မြင်ကြမလဲ၊ ဘယ်လို ပြောကြမလဲဆိုတာလည်း အားလုံးဝိုင်းပြီးမှပဲပြန်ပြီးတော့ စဉ်းစားရမှာ ဖြစ်ပါတယ်။ အပစ်အခတ်ရပ်မယ်ဆိုတာ နှစ်ဘက်စလုံးက ‘ငါတို့ မတိုက်တော့ဘူး၊ မတိုက်ချင်တော့ဘူး’ ဆိုတဲ့ သဘောတရားက နှစ်ဘက်စလုံးမှာ ရှိဖို့ လိုအပ်တယ်။ အဲဒါမှပဲဖြစ်မယ်။ ဒီလို ကြည့်လိုက်လို့ရှိရင်တော့ အားလုံးမပါလို့ရှိရင်တော့ တနိုင်ငံလုံးချုပ်ဆိုတယ်ဆိုတာတော့ အဓိပ္ပာယ်တော့ ပြည့်စုံမှာတော့ မဟုတ်ဘူး။ ဒါပေမယ့် တနိုင်ငံလုံးပြည့်စုံအောင် သူတို့တွေက ဘယ်လို ဆက်ပြီးတော့ ပုံဖော်လာမလဲဆိုတာတော့ သူတို့နဲ့ပဲဆိုင်တယ်။”

သမ္မတကြီးက တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးစာချုပ်ကို တိုင်းရင်းသားတွေဘက်က အားလုံးပါဝင်ပြီး အမြန်ဆုံးလက်မှတ် ထိုးပေးဖို့ တိုင်းရင်းသားတွေကို တောင်းဆိုထားပါတယ်။ ဒါပေမယ့် တိုင်းရင်းသားတွေဘက်ကလည်း ပန်ဆန်းဆွေးနွေးပွဲမှာ အစိုးရတပ်နဲ့တိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေပါ အပစ်ခတ်ရပ်စဲရေးသဘောတူစာချုပ်မှာ တန်းတူရည်တူပါဝင်ဖို့ တိုင်းရင်းသားတွေကတောင်းဆိုထားပါတယ်။ တိုင်းရင်းသားတွေဘက်က ဒီလို တောင်းဆိုမှုအပေါ်မှာ ပြည်ထောင်စုငြိမ်းချမ်း ရေးလုပ်ငန်းကော်မတီ (UPWC) က အဖွဲ့ခေါင်းဆောင်ဝန်ကြီး ဦးအောင်မင်းက တရားဝင်သဘောထား ကို အခုလို ထုတ်ပြန်ပြောဆိုသွားတာဖြစ်ပါတယ်ရှင်။

XS
SM
MD
LG