သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဘယ်သူတွေက ငြိမ်းချမ်းရေးကို လိုလားသလဲ၊ ဘယ်သူတွေက မလိုလားဘူးလဲ


21st century Pinlong conference pre talks with Daw Aung San Suu Kyi and Ethnic Armed groups leaders
21st century Pinlong conference pre talks with Daw Aung San Suu Kyi and Ethnic Armed groups leaders
တိုက်ရိုက် လင့်ခ်

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရက ကြီးမှူးကျင်းပတဲ့ ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ကျင်းပပြီးသွားပေ မယ့် ငြိမ်းချမ်းရေးဆွေးနွေး ပွဲတွေကတော့ ရပ်တန့်မသွားသေးပါဘူး။ အစည်းအဝေးပွဲတွေ ခပ်စိတ်စိတ် ကျင်းပပြီး ရှေ့ဆက်သွားနေဆဲပါ။ ခုဆိုလည်း ရန်ကုန်မှာ “ နိုင်ငံရေး ဆွေးနွေး မှုဆိုင်ရာ မူဘောင် သုံးသပ်ခြင်း” ခေါင်းစဉ်နဲ့ အစည်းအဝေး တစ်ခု ကျင်းပနေ ပါတယ်။ ဒီအစည်းအဝေးမှာ အစိုးရ၊ တပ်မတော်၊ လွှတ်တော်ဘက်က ကိုယ်စား လှယ်တွေ၊ နိုင်ငံရေးပါတီက ကိုယ်စားလှယ်တွေ၊ အပစ်ရပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေက ကိုယ်စားလှယ်တွေတင်မက အပစ်ရပ်မထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေက ကိုယ်စားလှယ်တွေပါ တက်နေကြတော့ အတော်လေးကို စုံစုံညီညီ တက်နေကြတဲ့ အစည်းအဝေး လို့ ပြောနိုင်ပါတယ်။ ဒီလို ဘက်ပေါင်းစုံက ကိုယ်စားလှယ်တွေ ပါဝင်တဲ့ အစည်း အဝေးပွဲကြီးတွေ ကျင်းပနေပေမယ့် အခြားတစ်ဖက်မှာတော့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ဘက်မှာ တိုက်ပွဲတွေ ဖြစ်လိုက်၊ နားလိုက် ရှိနေဆဲပါ။ အခု အစည်းအဝေးပွဲ ပြီးသွားရင်လည်း နောက်ထပ် ခေါင်းစဉ် အမျိုးမျိုး နဲ့ ငြိမ်း ချမ်းရေး ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပကြပါဦးမယ်။ ငြိမ်းချမ်းရေး ခရီး လမ်းကြောင်းမှန်ပေါ် ရောက်နေပြီလား၊ ငြိမ်းချမ်းရေးရဖို့ မျှော်လင့်နိုင်တဲ့ အခြေအနေ ရှိနေပါပြီလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းက အစိုးရဟာ အဆင့် (၇) ဆင့်ပါတဲ့ “အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး မူဝါဒ” တစ်ရပ် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ စကားလုံး အားဖြင့် ကွဲပြားပေမယ့် ဒီ ငြိမ်းချမ်းရေး မူဝါဒဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ ချမှတ်ခဲ့တဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ သိပ်ပြီး ကွဲပြားခြားနားမှု ရှိတာတော့ မဟုတ်ပါဘူး။ မူဝါဒထဲမှာ ပါဝင်သင့် ပါဝင်ထိုက်တဲ့သူတွေ အားလုံးပါ လို့ ရအောင် နိုင်ငံရေး ဆွေးနွေးပွဲ မူဘောင် ကို ပြန်သုံး သပ်မယ်၊ ပြန်ပြင်ဆင်မယ်၊ အဲဒီ မူဘောင်နဲ့အညီ ၂၁ ရာစု ပင်လုံညီလာခံကို ထပ်ပြီး ကျင်းပမယ်၊ ညီလာခံကနေ ချမှတ်လိုက်တဲ့ သဘောတူညီချက်တွေ ကို ပြည်ထောင်စု သဘောတူ စာချုပ် အဖြစ် ဆွေးနွေးသူတွေက လက်မှတ် ထိုးကြမယ်၊ အဲဒီ သဘောတူ စာချုပ်နဲ့အညီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ကို ပြင်ဆင်ရေးဆွဲ အတည်ပြုရမယ်၊ အတည်ပြုထားတဲ့ ဖွဲ့စည်းပုံ အသစ်ကို အခြေခံပြီး ပါတီစုံ အထွေထွေ ရွေးကောက်ပွဲလုပ်၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်မယ် ဆိုပြီးဖြစ်ပါတယ်။ ဒါက မူဝါဒပိုင်းပါ။

အခု အဲဒီ မူဝါဒကို အကောင်အထည်ဖော်တဲ့အနေနဲ့ နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပဖို့ ပြင်ဆင်နေတဲ့ ကာလ ဖြစ်ပါတယ်။ နိုင်ငံရေး ဆွေးနွေးပွဲ ဆိုရာမှာလည်း တိုင်းနဲ့ ပြည်နယ် အနှံ့မှာ ကျင်းပမယ့် နိုင်ငံရေး ဆွေးနွေးပွဲနဲ့ ပြည်ထောင်စု အဆင့်မှာ လုပ်မယ့် နိုင်ငံရေး ဆွေးနွေးပွဲဆိုပြီး နှစ်ပိုင်း ရှိပြန်ပါတယ်။ ဘယ်လိုပဲရှိရှိ အရေးကြီးတာက နိုင်ငံရေး ဆွေးနွေးပွဲတိုင်းမှာ ပါဝင်သင့် ပါဝင်ထိုက်သူတွေ ပါဝင်နိုင်ရေးပါ။

လောလောဆယ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရက အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ သမ္မတ ဦးသိန်းစိန် လက်ထက် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ပူးပေါင်းရေးဆွဲ၊ သဘောတူခဲ့ကြတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA အပေါ်မှာ အခြေခံထားတာပါ။ NCA စာချုပ်အရ အပစ်ရပ် လက်မှတ် ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေသာလျင် နိုင်ငံရေးဆွေးနွေးပွဲမှာ ပါဝင်ခွင့်ရကြမှာပါ။ ပြသနာက အဲဒီနေရာမှာ ရှိနေပါတယ်။ လောလောဆယ် တိုင်းရင်းသား လက်နက်ကိုင်တွေထဲမှာ KNU ဦးဆောင်တဲ့ အဖွဲ့ (၈) ဖွဲ့က လက်မှတ်ထိုးထားပြီး KIA ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင် စီ အဖွဲ့ဝင်တွေက လက်မှတ် ထိုးမထားကြပါဘူး။ ဒီအတွက် လာမယ့် နိုင် ငံရေးဆွေးနွေးပွဲတွေမှာ လက်နက်ကိုင် အဖွဲ့အားလုံးပါဝင်နိုင်ရေး အ ခက်တွေ့နေကြတာ ဖြစ်ပါတယ်။

အဲဒီအတွက် ပြသနာဟာ အရင်က ကြုံခဲ့ရတဲ့ အခြေအနေဟောင်း ကို ပြန် ဆိုက်ရောက်သွားစေ ပါတယ်။ အဲဒါကတော့ KIA ဦးဆောင်တဲ့ UNFC အဖွဲ့ဝင်တွေ၊ ၀ လို မိုင်းလားလို အဖွဲ့မျိုးတွေ NCA စာချုပ်ထဲ လက်မှတ်ထိုးလာဖို့ ညှိကြ နှိုင်းကြ၊ ကြိုးစားကြတာပါ။ ဒီနေရာမှာလည်း KIA ဦးဆောင်တဲ့ တိုင်းရင်းသား လက်နက် ကိုင်တွေက NCA စာချုပ်ကို လက်မှတ်ထိုးမယ်ဆိုရင် ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့ အပါအဝင် အားလုံး ပါဝင်ခွင့်ရမှ လက်မှတ်ထိုးမယ်၊ ဒီလိုမှ မဟုတ်ရင် မထိုးနိုင်ဘူး ဆိုတဲ့ မူ စွဲကိုင်ထားဆဲမို့ အခက်တွေ့နေကြတာ ဖြစ်ပါတယ်။

ဒါနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့တွေကို ဒီအခြေအနေ အတိုင်း NCA စာချုပ်မှာ ပါဝင် လက်မှတ်ထိုးဖို့ ခွင့်မပြုပါဘူး။ အဲဒီ သုံးဖွဲ့အနေနဲ့ လက်နက်ကိုင် လမ်းစဉ်ကို စွန့် လွှတ်ကြောင်း ကြေငြာချက် တစ်ခု ထုတ်ပြန်ပြီးမှ NCA စာချုပ်မှာ လက်မှတ် ထိုးခွင့်ပြုမယ် ဆိုတဲ့မူ ကိုင်စွဲထားလို့ ဖြစ်ပါတယ်။ အဲဒီ ပြသနာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေ အကြိမ်ပေါင်းများစွာ ကျင်းပပေမယ့် သိသာထင်ရှားတဲ့ တိုးတက်မှု ရလာဒ် မရနိုင် ဖြစ်နေကြတာပါ။ ဒီအတွက် တပ်မတော်နဲ့ KIA သဘောထားချင်း မတိုက်ဆိုင်တဲ့ အဲဒီ အချက်ကို အရင်ဦးဆုံး အဓိကထား ညှိကြရမှာ ဖြစ်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ရှေ့ဆက် တိုးချင်တယ် ဆိုရင် လုပ်ကိုင်ဆောင်ရွက်လို့ ရမယ့် နည်းလမ်း နှစ်ခုတော့ ရှိပါတယ်။ ပထမ နည်းလမ်းကတော့ KIA နဲ့ UNFC အဖွဲ့ဟာ ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့ သုံးဖွဲ့မပါပဲ NCA စာချုပ်မှာ လက်မှတ်ရေးထိုးလိုက်တာပါ။ ဒီအတွက် အဲဒီ သုံးဖွဲ့နဲ့ ပတ်သက်ပြီး အစိုးရနဲ့ တပ်မတော်ဘက်က ဘယ်လို သဘောထားပါ၊ ဘယ်လို အကောင်အ ထည် ဖော်ပေးပါ ဆိုပြီး ကတိစကား၊ သဘောတူညီချက် တစ်ရပ်ရပ် တောင်းဆို လုပ်ကိုင်ဆောင်ရွက်တာမျိုး ဖြစ်ပါတယ်။ နောက်ထပ်နည်းလမ်း တစ်ခုကတော့ တပ်မတော်နဲ့ ကိုးကန့်၊ ပလောင်၊ AA ရခိုင်တပ်ဖွဲ့ သုံးဖွဲ့ သဘောတူညီချက် ရသည်အထိ ညှိနှိုင်းကြတာမျိုး ဖြစ်ပါတယ်။ တကယ်ကတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က နှစ်ဆင့်လောက် အလျော့ပေးခဲ့ပြီဖြစ်ပါတယ်။ ပထမ အဆင့် တပ်မတော်ဘက်က တောင်းဆိုတာဟာ အဲဒီ သုံးဖွဲ့ လုံး၀ လက်နက်ချရေး ပါ။ နောက်ပိုင်း လက်နက်ကိုင် လမ်းစဉ်စွန့်ကြောင်း ကြေငြာပါ၊ လက်နက်တွေနဲ့ ပတ်သက်ပြီး အခြား လက်နက်ကိုင် တပ်ဖွဲ့တွေက အာမခံချက်ပေးပါ၊ ဒါဆို NCA မှာ လက်မှတ်ထိုးနိုင်မယ် ဆိုပြီး တစ်ဆင့် လျော့ပေးလိုက်ပါတယ်။ အခုနောက်ဆုံး အခြား ဘာမှ မတောင်းဆိုတော့ပဲ လက်နက်ကိုင် လမ်းစဉ် စွန့် လွှတ်ကြောင်း ကြေငြာတယ် ဆိုရင်ပဲ NCA မှာ လက်မှတ်ထိုးခွင့်ပြုမယ် ဆိုပြီး အလျော့ပေးထားတာ ဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီ သုံးဖွဲ့က လက်မခံတော့ အလုပ်မဖြစ် ပြန်ပါဘူး။ ဒီအချက်ကို အသေအခြာ ညှိနှိုင်းနိုင်ခဲ့ရင် KIA အပါအဝင်၊ ကိုးကန့်၊ ပလောင်၊ ရခိုင် AA အပါအဝင် UNFC တစ်ဖွဲ့လုံး NCA လက်မှတ်ရေး ထိုးတာ ဖြစ်လာနိုင်ပါတယ်။ ဒါမှ ငြိမ်းချမ်းရေး လုပ်ငန်းမှာ သိသာထင်ရှားတဲ့ တိုးတက်မှု ဖြစ်ပေါ်လာပြီး ရှေ့ ဆက် အကောင်အ ထည် ဖော်နိုင်မှာပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပပြီးခဲ့တဲ့ NCA လက်မှတ်ရေးထိုးခြင်း တစ်နှစ်မြောက် အခမ်းအနားမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားတစ်ခွန်းရှိပါတယ်။ သိပ်မကြာခင်ကာလမှာ ဘယ်သူတွေက ငြိမ်းချမ်းရေးကို လိုလားတယ်၊ ဘယ်သူတွေက ငြိမ်းချမ်းရေးကို မလိုလား ဘူး ပြည်သူတွေ မြင်တွေ့ကြ ရမှာ ဖြစ်တယ် ဆိုတဲ့ စကားပါ။ အဲဒီ စကားအတိုင်း သိပ်မကြာခင်ကာ လ ပြည်သူတွေ တကယ်ပဲ မြင်တွေ့ကြရမှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက် ရပါတယ်။

XS
SM
MD
LG