သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA စာချုပ်ဝင် အဖွဲ့များ အရေးပေါ် စည်းဝေးမည်


NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ တို့အစည်းအဝေး (အောက်တိုဘာလ ၂၀၁၆)
NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ တို့အစည်းအဝေး (အောက်တိုဘာလ ၂၀၁၆)

တနိုင်ငံလုံးပစ်ခိုက်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေရဲ့ အရေးပေါ်အစည်းအဝေးကို မနက်ဖြန်မှာ ကျင်းပဖို့ရှိနေပြီး အဓိက မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး(ABSDF)နဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ(ALP)အ ဖွဲ့ဝင်တချို့ ဖမ်းဆီးခံထားရတဲ့ ကိစ္စတွေကို အလေးထား ဆွေးနွေးဖို့ ရှိနေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

NCA ကို လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်အဖွဲ့ ၈ဖွဲ့က ထိပ်သီးခေါင်းဆောင်တွေနဲ့ ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPSTရဲ့ အရေးပေါ်အစည်းအဝေးကို ဒီလ ၁၀ရက်နေ့ကစပြီး KNU ဌာနချုပ်မှာ လော်ခီးလာမှာ ၂ရက်ကြာ ကျင်းပမှာပါ။

ဒီအရေးပေါ်အစည်းအဝေးမှာအဓိက ဆွေးနွေးမယ့် အချက်တွေကို NCA လက်မှတ်ရေးထိုးထားတဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ် PNLO ရဲ့ နာယက ဗိုလ်မှုးကြီး ခွန်ဥက္ကာက အခုလို ပြောပါတယ်။

“ကျနော်တို့ကတော့ ဒါ အရေးပေါ်အစည်းအဝေးလို့ ခေါ်ထားတယ်ခင်ဗျ။ အရေးပေါ် က အဓိက အဖွဲ့ဝင် အဖွဲ့အစည်းတွေမှာဖြစ်နေတဲ့ အရေးပေါ်အခြေအနေလေးတွေပေါ့နော် ဥပမာ ALP ရခိုင်အဖွဲ့အစည်းကဟာတွေ လက်နက်နဲ အဖမ်းခံရတဲ့ ကိစ္စ နောက်၊ ABSDF မှာ ဗဟိုကေ်ာမတီဝင် ရဲဘော်မင်းဌေး အဖမ်းခံရတဲ့ ကိစ္စ၊ နောက်နောင်ဘယ်လိုဖြေရှင်းမလဲပေါ့ ဒီနည်းနာလေးတွေရှာဖို့၊ နောက်နောင်ဒီလိုမဖြစ်အောင် ဘယ်လိုဟန့်တားမလဲ၊ ဖြစ်လာရင် ဘယ်လိုလုပ်မလဲ ဒါလေးတွေပေါ့ဗျာ ကျနော်တို့ ဒီစာချုပ်မှာ Partner တွေဖြစ်နေတော့၊ Partner တွေကြားမှာ ဒီလိုအရေးအခင်းတွေဖြစ်နေရင် လုပ်နည်းလုပ်ဟန်တွေဆက်ညှိဖို့လိုတာပေါ့ အဲဒါလေးတွေပါ။”

ဒီဇင်ဘာလ ၉ရက်နေ့ကနေ ALPက ဗိုလ်မှူးကြီးအဆင့်ရှိသူ အပါအဝင် သုံးဦးဟာ AK-47 သေနတ် ၁၉ လက်နဲ့ အတူ ကရင်ပြည် နယ်ဘားအံမြို့မှာ ဖမ်းဆီးခံရတာဖြစ်ပြီး ABSDFက ဗဟိုကေ်ာမတီဝင် ရဲဘော်မင်းဌေးကတော့ ဒီဇင်ဘာလ ၂၈ရက်နေ့က လိုင်ဇာအသွား စိန်လုံပူးပေါင်းဂိတ်မှာ မတရား အသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး ABSDFက ဒုဥက္ကဌ ရဲဘော်မျိုးဝင်းကတော့ မနက်ဖြန်ကျင်းပမယ့်အစည်းအဝေးမှာ ရဲဘော်မင်းဌေးကိစ္စကို အခြေခံပြီး EAO ခေါ် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေရဲ့ အနာဂတ်ရေးတွေကို ထည့်သွင်းဆွေးနွေးသွားမှာဖြစ်ကြောင်း ပြောပါတယ်။

“ဆွေးနွေးသွာမယ်ဆိုတာ ကိုမင်းဌေးကိစ္စထက်ကို အခုလိုမျိုး လက်မှတ်ထိုးထားတဲ့အဖွဲ့အစည်းတွေက တာဝန်ရှိတဲ့သူတွေ ခရီးသွားလာမှု ကိစ္စတွေရော ပြီးတော့ NCA မထိုးသေးတဲ့ အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တဲ့ ကိစ္စတွေပါ၊ဒါတွေ ရေရှည်အတွက်ပါ ကျနော်တို့ စဉ်းစားလို့လေ။ လက်မှတ် မထိုးသေးတဲ့ လူတွေပါဝင်လာရေးအတွက် ကျနော်တို့ ဦးတည်နေတာပါ။ ကျနော်တို့ကတော့ မြောက်ပိုင်းမဟာအင်အားစုနဲ့ ကျနော်တို့ EAO တွေတွေ့ဖြစ်မှာပဲ၊ ကျနော်တို့ NCA ထိုးတဲ့လူတွေနဲ့လေ။ ဆိုတော့ အဲလို နိုင်ငံရေးအရ တွေ့ဖြစ်တဲ့ဟာတွေကို ၁၇ (၁) လိုမျိုးနဲ့ အလားတူပြန်ဖြစ်မလားဆိုတဲ့ စိုးရိမ်မှုတွေက ရှိနေတာကို၊ အဲဒီအနေအထားပေါ်မှာ အဲဒီကိစ္စတွေအပါအဝင်ပေါ့။ ကိုမင်းဌေးကိစ္စအပေါ်မှာ အခြေခံပြီးတော့ ရှေ့ဆက် ကျနော်တို့ EAO တွေ သွားလာရေး လုံခြုံမှုအနေအထားလေးတွေကို ဆွေးနွေးမှာပေါ့နော်။”

ရဲဘော်မင်းဌေးဖမ်းဆီးခံထားရတာနဲ့ပတ်သက်ပြီး အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ ငြိမ်းချမ်းရေးဗဟိုဌာန ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်ဆီစာပေးပို့ထားသလို အစိုးရနဲ့လည်း ညှိနှိုင်းဆွေးနွေးအဖြေရှာဖို့ ကြိုးစားနေကြောင်းလည်း ဆက်ပြောပါတယ်။

“လက်တလောကတော့ ကိုမင်းဌေးလွှတ်မြောက်ရေးအတွက်ကို လက်တလောအစိုးရနဲ့ရော ဆက်လက်ညှိနှိုင်းဆောင်ရွက်သွားဖို့ ကျနော်တို့ကြိုးပမ်းသွားမှာပါ။ ဒါကြောင့်မို့လို့ ကျနော်တို့ အခုရက်ပိုင်းအတွင်းမှာ တခြား အစိုးရအဖွဲ့တာဝန်ရှိသူတွေနဲ့ ကျနော်တို့ မေးမြန်းသွားမယ်။ နောက် NRPC ဥက္ကဋ္ဌဆီကိုလည်း ကျနော်တို့ စာပို့ထားတာရှိတယ်လေ။ ဆိုတော့ အစိုးရအဖွဲ့အနေနဲ့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုဆောင်ရွက်နေသလဲဆိုတာကို ငြိမ်းချမ်းရေးကော်မရှင်ဆီကိုရော NRPC ကိုရော ဆက်လက်ပြီးတော့ ကျနော်တို့မေးမြန်းပြီးတော့ ညှိနှိုင်းဆောင်ရွက်သွားမယ်ပေါ့။ အဓိက အရေးကြီးဆုံးကတော့ ညှိနှိုင်းဆွေးနွေးပြီးတော့မှ ကျနော်တို့နောက် ပြေလည်အောင်ဖြေရှင်းနိုင်ဖို့အတွက်ပေါ့နော်။”

NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၈ဖွဲ့ရဲ့ အရေးပေါ်အစည်းအဝေးမှာ အဖွဲ့အစည်းအသီးသီးက ထိပ်သီးခေါင်းဆောင်၈ဦးနဲ့ အထောက်အကူပြု အဖွဲ့ဝင် ၈ဦးတို့ ပါဝင်တက်ရောက်မှာဖြစ်ပြီး ဒီအစည်းအဝေးမှာ ၂၀၁၇ အတွက် လုပ်ငန်းလမ်းစဉ်ချမှတ်ရေးအတွက်လည်း ထည့်သွင်း ဆွေးနွေးဖွယ်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG