သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA မှာ အားလုံးပါဖို့ အစိုးရကြိုးစား


NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ နိုင်ငံရေးပါတီများအား ရှင်းလင်းပြောကြား (ဓာတ်ပုံ - MPC)
NCA စာချုပ် လက်မှတ်ရေးထိုးပြီးနောက်ပိုင်း ရှေ့ဆက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် ပက်သက်၍ ပြည်ထောင်စုဝန်ကြီးဦးအောင်မင်းမှ နိုင်ငံရေးပါတီများအား ရှင်းလင်းပြောကြား (ဓာတ်ပုံ - MPC)

အပစ်အခတ်ရပ်စဲရေးကို အောက်တိုဘာလ ပထမပတ်ထဲမှာ လက်မှတ်ရေးထိုးသွားမှာဖြစ်ပြီး နောက်ပိုင်းမှာတော့ တိုင်းရင်းသားအဖွဲ့တွေ အားလုံး ပါဝင်လာအောင် ကြိုးစားသွားမယ်လို့ ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ ဒုဥက္ကဋ္ဌ ဦးအောင်မင်းက ပြောပါတယ်။ လက်မှတ်ရေးထိုးပြီးရင်လည်း တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေအနေနဲ့ မိမိကိုယ်ကိုယ် ခုခံကာကွယ်ခွင့်ရှိသလို တိုက်ပွဲတွေ ဆက်လက်မဖြစ်နိုင်ရေး အတွက်လည်း နှစ်ဘက်ပါဝင်တဲ့ ပူးတွဲစောင့်ကြည့်ရေးအဖွဲ့တွေက ထိန်းချုပ်သွားမှာဖြစ်တယ်လို့ သူက ပြောပါတယ်။ ဗွီအိုအေ ရန်ကုန်သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

ဒီကနေ့ မြန်မာနိုင်ငံငြိမ်းချမ်းရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်း ဗဟိုဌာန (MPC) မှာ နိုင်ငံရေးပါတီတွေကို လုပ်ဆောင်ထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ပြည် ထောင်စုငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းကော်မတီက ရှင်းလင်းပြောကြားတာမှာ ဦး အောင်မင်းက ခုလိုပြောခဲ့တာ ဖြစ်ပါတယ်။

“အခု တိုက်ပွဲမဖြစ်အောင် ထိန်းချုပ်ဖို့အတွက် Joint Monitoring Committee - ဆိုတဲ့ နှစ်ဘက်ပါဝင်တဲ့အဖွဲ့တွေက ထိန်းချုပ်သွားမှာဖြစ်ပါတယ်။ Joint Monitoring Committee မှာ အောက်မှာ အချက်တွေ အများကြီးပါပါတယ်။ အဲဒီတော့ code of conduct လို့ခေါ်တဲ့ နှစ်ဘက်တပ်များ လိုက်နာရမယ့်စည်းကမ်း၊ အရပ်သားများအဖွဲ့မှာ ပြုကျင့်ရမယ့်ကျင့်ဝတ် စသည်များ ဒါတွေကို ကျနော်တို့ဆက်ဆွဲ ရပါမယ်။ Joint Monitoring Committee ကနေ နယ်မြေ သတ်မှတ်ပိုင်းခြား ပေးရပါမယ်။ အဲဒီတော့ လက်နက်ကိုင်ထားတဲ့သူအချင်းချင်းဗျာ။ ရန်တော့ ဖြစ်တော့ဖြစ်မှာပဲ။ ခုခံစစ်မှအပ-ဆိုတာတော့ နှစ်ဘက် ရေးဆွဲတဲ့အခါမှာ Code of Conduct ရေးဆွဲတဲ့အခါမှာ ဒါတော့ ထည့်ဖို့ လိုအပ်မယ်။”

လက်ရှိအချိန်မှာ အားလုံးပါဝင်ရေးကို တိုင်းရင်းသားတွေဘက်ကလိုလားသလို ပြည်သူတွေဘက်ကလည်း လိုလားနေကြာင်း ဒီအတွက် အစိုးရက အာလုံးပါဝင်နိုင်ဖို့အတွက် လုပ်ဆောင်ဖို့ တအောင်းပလောင်အမျိုးသားတိုးတက်ရေးပါတီကကခုလိုတင်ပြခဲ့ပါတယ်။

“ပြည်နယ်အဆင့်၊ ပြည်ထောင်စုအဆင့်ဆိုတဲ့ Steps အဆင့်တွေကိုကျော်ပြီးလို့ ဒါကိုတော့ ချန်ထားခဲ့မယ်- ကိုးကန့်တိုက်ပွဲမှာ ပါဝင်ပူးပေါင်းခဲ့လို့ ချန်လှပ် ထားခဲ့မယ် လက်ညိုးထိုးစရာတွေ ချည်း.ပြောနေရင် ကျနော်တို့ တိုင်းရင်းသား ညီအစ်ကိုတွေချင်း ကြားထဲမှာ ကျနော်တို့ပြောတဲ့ Nationwide ceasefire ဆိုတဲ့ ကျနော်တို့ရဲ့လုပ်ရပ်ဟာ တထပ်တည်း ကျ မကျ ဆိုတဲ့ဟာလေး ပြန်ဆန်းစစ်ပေးဖို့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း ကျန်ခဲ့တာမျိုး၊ ရခိုင်ဒေသမှာ AA ကျန်ခဲ့တာမျိုး၊ ကျနော်တို့ ကိုးကန့်မှာ MNDAA ကျန်ခဲ့တာမျိုးကို လုံးဝ မလိုလားတဲ့အကြောင်း လက်တွဲခေါ်ပေးဖို့ ကျနော်တို့ရဲ့ခေါင်းစဉ်နဲ့လိုက်ဖက်ညီအောင် လုပ်ဆောင်ပေးဖို့ မေတ္တာရပ်ခံ တင်ပြချင်ပါတယ်။"

ဒီအပေါ်မှာဦးအောင်မင်းကသမ္မတအနေနဲ့ငြိမ်းချမ်းရေးစတင်ကမ်းလှမ်းစဉ် ၂၀၁၁ က သိရှိခဲ့တဲ့ လက်နက်ကိုင်အဖွဲ့ ၁၆ ဖွဲ့သာရှိတဲ့အတွက် ဒီအဖွဲ့တွေကို အပစ်ရပ်စဲဖို့ ဖိတ်ခေါ်စာပေး လုပ်ဆောင်ခဲ့တာဖြစ်ကြောင်း၊ အချို့အဖွဲ့တွေမှာ ၂၀၁၁ နောက်ပိုင်းမှ ပေါ်ပေါက်လာတာတွေ ရှိကြောင်း၊ ဖိတ်ခေါ်မှုမှာ ပလောင်အဖွဲ့ပါပေမယ့် လက်ရှိငြိမ်းချမ်းရေးလုပ်ဆောင်မှုမအောင်မြင်ခဲ့ကြောင်း၊ ပလောင်နဲ့ဆွေးနွေးတာမှာ ပလောင်တွေရှိတဲ့ မြို့နယ် ၈ မြို့နယ်ကို ပလောင်အဖွဲ့က တောင်းကြောင်း၊ ဒီအပြင် အဲဒီဒေသတွင်း လက်နက်ကိုင်အဖွဲ့တွေအားလုံး ဖယ်ပေးဖို့တောင်းဆိုခဲ့တာကြောင့် ရှေ့မဆက်နိုင်ဖြစ်ခဲ့ရကြောင်း ဦးအောင်မင်းကပြောပါတယ်။

“ပလောင်ဒေသမှာရှိတဲ့ ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ဦးမောင်ကျော်ဟာ သမ္မတကြီးကို တင်ပြပါတယ်။ ကျနော်တို့ကို မေးမြန်းခွင့်ပေးပါ။ သမ္မတကြီးကနေ ဦးမောင်ကျော်ကို ဥက္ကဋ္ဌအဖြစ်ပေးပါတယ်။ ပြီးတော့မှ သွားပြီးဆွေးနွေးခိုင်းပါတယ်။ အဲဒီတော့ ဟိုအဖွဲ့က ဘာပြောလိုက်လဲဆိုလို့ရှိရင် ‘ခင်ဗျားတို့က အစိုးရမဟုတ်ဘူး’-တဲ့။ ဒါကြောင့်မို့လို့ ကျနော်တို့ မဆွေးနွေးနိုင်ပါဘူး-လို့ ပြောတယ်။ ဒါနဲ့တခါ သမ္မတကြီးရဲ့လက်မှတ်နဲ့စာယူပြီးတော့ လွှတ်လိုက်ပါတယ်။ ဆွေးနွေးပွဲမဖြစ်ပါဘူးဗျာ။ သူတို့ကို အစိုးရလို့ မသတ်မှတ်ပါဘူး။ သို့သော်လည်းပဲ သူတို့ကို ကျနော်တို့က ချန်မထားပါဘူး။ အခု သူတို့နဲ့ ကျနော်တို့က Bilateral လုပ်ပြီးရင် ပြီးတဲ့နေရာကနေ NCA စာချုပ်ကို လိုက်ထိုး-ဆိုပြီးတော့ ကျနော် ပြောထားပြီးသားဖြစ်ပါတယ်။ ဒီကြားထဲမှာလည်း ပလောင်နဲ့ဆွေးနွေးပွဲလုပ်ပါ့မယ်။”

လက်တလောမှာ အချို့တိုင်းရင်းသားလက်နက်ကိုင်တွေဆီကနေခွဲထွက်မှုတွေ ရှိနေတဲ့အပေါ်နိုင်ငံရေး ပါတီအချို့က မေးခွန်းထုတ်ခဲ့ပါတယ်။ ဒီလို ခွဲထွက်သူတွေအနာဂတ်အပေါ် ဦးအောင်မင်း က ခုလိုပြောပါတယ်။

“DKBA မှာ၊ ကရင်ပြည်နယ်မှာ အခုဖြစ်နေတဲ့ ခွဲထွက်ပြဿနာ၊ ဒါလည်းရှိပါတယ်။ အဲဒီတော့ ကျနော်တို့လည်း အတတ်နိုင်ဆုံးတော့ တင်သွင်းထားပါတယ်။ အဲဒီတော့ သိပ်တော့ အကျယ်တော့ ပြောလို့ သိပ်မကောင်းဘူးဗျ။ အတိုလောက်ပဲ ပြောပါမယ်။ ဗိုလ်ကျော်သက်၊ ဗိုလ်ကျော်သု ကျနော်တို့ လုံခြုံတဲ့နေရာမှာ ထားထားပါတယ်။ အခြေအနေကောင်းလို့ရှိရင် ငြိမ်းချမ်းရေးမှာ ပါလာမှာဖြစ်ပါတယ်။ ဗိုလ်ဆန်းအောင်တော့ ဘယ်ရောက်နေမှန်းကို မသိဘူး သူက။ သူတို့နဲ့ကျနော်ခင်ပါတယ်။ ညီအကိုတွေ ဖြစ်ပါတယ်။ သူတို့ကို ချန်မထားပါဘူး။ ခွဲထွက်အဖွဲ့တွေကိုလည်း ကျနော်တို့ စဉ်းစားသွားမှာဖြစ်ကြောင်း ကျနော် တင်ပြအပ်ပါတယ်။”

လက်ရှိမှာ တနိုင်ငံလုံးအပစ်ခတ်ရပ်စဲရေးလက်မှတ်ထိုးနိုင်ဖို့အတွက်လာမယ့် စက်တင်ဘာ ၂၄ ကနေ ၂၆ အထိ တိုင်းရင်းသားတွေက တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေပါတဲ့ညီ လာခံကို ချင်းမိုင်မှာပြုလုပ်ပြီးဆွေးနွေးအတည်ပြုမှာပါ။ အစိုးရဘက်ကတော့ လာမယ့်အောက်တိုဘာ ပထမပတ်ထဲမှာ လက်မှတ်ထိုးနိုင်မယ်လို့ ပြောပါတယ်။

XS
SM
MD
LG