သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NDF နဲ့ DPNS တို့ရဲ့ ရွေးကောက်ပွဲ မျှော်လင့်ချက်


DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ။ (ဝဲမှယာ)
DPNS ဥက္ကဋ္ဌ ဦးအောင်မိုးဇော်နဲ့ NDF ခေါင်းဆောင် ဦးခင်မောင်ဆွေ။ (ဝဲမှယာ)

NDF နဲ့ DPNS ပါတီတွေအနေနဲ့ အခုလာမယ့်ရွေးကောက်ပွဲဝင်ပြိုင်မယ့် သူတို့နေရာတွေမှာ အနိုင်ရရှိမယ်လို့ လုံးဝမျှော်လင့်နေကြ ပါတယ်။ တချိန်တည်းမှာပဲ ရွေးကောက်ပွဲမှာ ဘယ်ပါတီကမှ အပြတ်အသတ် အနိုင်ရဖို့မရှိပဲ ညွန့်ပေါင်းအစိုးရ အဖွဲ့ဖွဲ့ဖြစ်လိမ့်မယ်လို့လည်း သုံးသပ်ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အကြောင်းစုံပြောပြမှာပါ။

ပါတီသက်တမ်း (၅)နှစ်ရှိနေပြီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအင်အားစု NDF အနေနဲ့ သူတို့ ယှဉ်ပြိုင်မယ့် မဲဆန္ဒနယ်မြေတွေမှာ အနိုင်ရဖို့ မျှော်လင့်ထားကြောင်း ပါတီခေါင်းဆောင် ဦးခင်မောင်ဆွေက ဗွီအိုအေကိုပြောပါတယ်။

“ကျနော်တို့ မှန်းတာကတော့ အဓိကက ပြည်ထောင်စုလွတ်တော်ပေါ့။ အမျိုးသား လွှတ်တော်နဲ့ ပြည်သူ့လွှတ်တော် ၂ ရပ်ပေါင်းမှ အမတ်ဦးရေ ၅၀ ထက်မနည်းရဖို့ အတွက် ကျနော်တို့ မျှော်မှန်းထားပါတယ်။ NDF ပါတီဟာ အချိန်လည်း ၅ နှစ်လောက်ဖြစ်လာပြီးနောက် နိုင်ငံရေးနဲ့ပတ်သက်တဲ့ ကိစ္စအ၀၀တွေမှာ ငြိမ်းချမ်းရေးကိစ္စတွေမှ အစပေါ့လေ။ ကျနော်တို့ပါတီက တော်တော်များများ သွားနေတဲ့ အတွက်ကြောင့်မလို့ Middle class တွေပေါ့။ Middle class တွေနဲ့ ကျနော်တို့ ဒီနိုင်ငံရေးနဲ့ ပက်သက်တဲ့ အသိုင်းအဝိုင်းက NDF ပါတီဟာ ဘယ်လို ပါတီမျိုးလဲ ပြည်သူတွေ ရဲ့ နိုင်ငံရေး အကျိုးပြု လုပ်ငန်းတွေကို လွတ်တော်ထဲမှာ လည်း နေ့တိုင်း လုပ်ဆောင်နေတဲ့ ပါတီဖြစ်တယ်ဆိုတာကို သိရှိပြီးတဲ့ အတွက်ကြောင့်မို့လို့ ၂၀၁၀ ကတည်းက NDF ပါတီဟာ နိုင်ငံရေး.စင်မြင့် မှာ ခြေချစရာ နေရာတခုတော့ ရလိမ့်မယ်လို့ တွက်ထားပါတယ်။ ။ကျနော်တို့က စပြီးတော့ မှတ်ပုံတင်ကတည်းကိုက ပြည်ထောင်စုတဝှမ်းလုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မယ်ဆိုတဲ့ သဘောနဲ့ မှတ်ပုံတင်ခဲ့တာဖြစ်ပါတယ်။ ပြည်ထောင်စုဆိုတာ တခုတည်းပါပဲ အားလုံးထဲကတခုပါပဲ။ ပြည်ထောင်စုသားအားလုံးရဲ့အကျိုးအတွက် လူမျိုးပေါင်းစုံ အကျိုးအတွက် ဆောင်ရွက်ချင်တယ် ဆိုတော့ဖြင့်ရင် လူမျိုးပေါင်းစုံစီက ဆန္ဒကို ခံယူရမှာဘဲ ဖြစ်ပါတယ်။”

NDF အနေနဲ့ လွှတ်တော် ကိုယ်စားလှယ်လောင်း စုစုပေါင်း ၂၁၁ ဦး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

အလားတူ ပြည်ပက ပြန်ရောက်လာတဲ့ တက်ကြွလှုပ်ရှားသူတွေ တည်ထောင်တဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS အနေနဲ့ ပထမဆုံးရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် နေရာတွေနဲ့ပတ်သက်လို့ ပါတီဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ဗွီအိုအေကို အခုလိုပြောပါတယ်။

“ကျနော်တို့ ဝင်တဲ့နေရာမှာတော့ ကျနော်တို့နိုင်ရမယ်ဆိုတဲ့ သဘောထား ကျနော်တို့ရှိတယ်။ ကျနော်တို့ မနိုင်နိုင်အောင်လည်းပဲ ကြိုးစား သွားမယ်။ နိုင်လိမ့်မယ် လို့လည်း ကျနော်တို့ မျှော်လင့်တယ်ပေါ့နော်။ နိုင်ငံရေး ပါတီတခုဖြစ်တယ်။ နိုင်ငံရေး ပါတီတခုဖြစ်တဲ့အတွက် ဒီရွေးကောက်ပွဲကို မလွဲမသွေ ကျနော်တို့ ဖြတ်သန်းရမှာဖြစ်တယ်။ ဒီရွေးကောက်ပွဲကနေ တဆင့်ပေါ့နော် လွှတ်တော် နိုင်ငံရေး Process ထဲမှာ ကျနော်တို့အနေနဲ့ ပါဝင်ဖို့ ကြိုးစားတာဖြစ်တယ်။ လွှတ်တော်အတွင်းမှာ ကိုယ်နဲ့ ဒီသဘော ဆန္ဒတူတဲ့ နိုင်ငံရေး အင်အားစုတွေနဲ့ ပူးပေါင်းပြီးတော့ အပြောင်းအလဲကို ထိထိရောက်ရောက် အကျိုးပြုချင်လို့ဖြစ်တယ်။”

မေး။ ။တကယ်လို့များ ပါတီကြီးတွေရဲ့အနေအထားအရရော ဒီရွေးကောက်ပွဲ အနေအထားအရရော ကိုယ့်ဘက်က ရှုံးခဲ့တာဘဲဖြစ်ဖြစ် တခုခုဖြစ်မယ်ဆိုလို့ရှင်ရင် ဒီလူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီအနေနဲ့ ဘယ်လိုဆက်ပြီးတော့ လုပ်မလို့ ရှိမလဲပေါ့။

ဖြေ။ ။ အဓိက ကျနော်တို့ရဲ့ အဓိက မဟာဗျူဟာက ကနေ့ အပြောင်းအလဲ အတွက်ဆိုလို့ရှင်ရင် ဒီလွှတ်တော်တွင်း နိုင်ငံရေး Process ကိုလည်း ဖြတ်ရမယ်။ ဒီမိုကရေစီရင့်သန်ဖို့ နောက်ပြီးတော့ ရှေ့ဆက်ပြီးတော့ ဒီမိုကရေစီကို ရှေ့ဆက်ပြီး တွန်းနိုင်ဖို့ လွှတ်တော်တွင်း နိုင်ငံရေး Process ကလည်း အရေးကြီးတဲ့ ကိစ္စတခုဖြစ်တယ်။ ဒါကို ဖြတ်ကို ဖြတ်ရမယ်ဆိုတဲ့ကိစ္စ တခုပေါ့နော်။

နောက်တခုက လွှတ်တော်တွင်း ပြင်ပ CSO တွေရဲ့ လှုပ်ရှားမှုတွေ ပြည်သူလူထု ရဲ့လှုပ်ရှားမှုတွေ ဒီလှုပ်ရှားမှုတွေ နဲ့လည်းပဲ ဒီကနေ့ အပြောင်းအလဲကို တွန်းတင်ဖို့ လိုအပ်တယ် ယူဆတယ်။ ဒီနှစ်ခု က ဟန်ချက်ညီ ချိတ်ဆက်ရမယ်လို့ ကျနော်တို့ ယုံကြည်တယ်။ ဒါကြောင့်မို့ လွှတ်တော်တွင်းမှာလည်း ကျနော်တို့ ကျျိမ်းသေတာကပါကိုပါမှာဖြစ်တယ်။"

DPNS အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်စုစုပေါင်း (၂၀)ဦး ဝင်ရောက်ယှဉ်ပြိုင်မှာပါ။ ပါတီကြီးတွေဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLDက လွှတ်တော် ကိုယ်စားလှယ်လောင်း အများဆုံး ပါတီအဖြစ် စုစုပေါင်း (၁၁၅၁)ဦး ရှိနေပြီး ကြံ့ခိုင်ဖွံဖြိုးရေး ပါတီ ကတော့ ဒုတိယ အများဆုံးအဖြစ် (၁၁၃၄)ဦး ရှိနေကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စာရင်းထုတ်ပြန် ထားပါတယ်။

ဒါပေမဲ့လည်း ဒီပါတီကြီးနှစ်ခုအနေနဲ့ ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရဖို့ အခြေအနေ မရှိဘူးလို့ သုံးသပ်ကြောင်း ဦးခင်မောင်ဆွေကပြောပါတယ်။

" အခုကတော့ဗျာ တပါတီမှ Landslide နိုင်မယ် မထင်ဘူး။ အဲ့တော့ အခု နာမည်ကြီးနေတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ NLD ပါတီပေါ့။ ဒီပါတီနှစ်ခုကလည်းပဲ သူ့တို့ ထိုက်သင့်အားလျော်စွာတော့ မဲတော့ရမှာပါပဲ။ လွှတ်တော်ထဲမှာ ညွန့်ပေါင်းပုံစံနဲ့ တွေ့ရပါလိမ့်မယ်။"

၂၀၁၅ နိုဝင်ဘာလ (၈)ရက်နေ့မှာကျင်းပမယ့် ရွေးကောက်ပွဲအတွက် ပါတီ ကိုယ်စားလှယ်လောင်းတွေရဲ့စာရင်းတွေကို ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေ သြဂုတ်လ (၁၈)ရက်နေ့ကနေ (၂၇)ရက်နေ့ထိ စိစစ်ပြီးနောက် အတည်ပြုတဲ့စာရင်းတွေကို ကြေညာမှာဖြစ်ပါတယ်။

XS
SM
MD
LG