အမျိုးသား ဒီမိုကရေစီ အင်အားစု (NDF) ပါတီထဲက ပြည်ထောင်စုလွှတ်တော် အမတ် ၄ ယောက်နဲ့ ပါတီက အထုတ်ခံထားရတဲ့ ပြည်သူ့လွှတ်တော်အမတ် ဦးသိန်းညွန့်တို့က NDF ပါတီ ဆက်လက်ရပ်တည်မှုအပေါ် ရွေးကောက်ပွဲ ကော်မရှင်ကနေ စိန်ခေါ်ဖို့ စီစဉ်နေကြပါတယ်။ ရွေးကောက်ပွဲမှာ စုစုပေါင်း အမတ်နေရာ ၁၆ နေရာ အနိုင်ရထားတဲ့ NDF ပါတီကနေ သူတို့က NDF ပါတီ သင်္ဃန်းကျွန်းမြို့နယ် အခြေစိုက် အဖွဲ့အဖြစ် ရပ်တည်ဖို့ ခွဲထွက်လိုက်ကြတာ ဖြစ်ပါတယ်။ လက်ရှိ NDF ခေါင်းဆောင် တဦးကတော့ ဒါဟာ NDF ပါတီ ကွဲတာမဟုတ်ဘူးလို့ အခိုင်အမာ ငြင်းပါတယ်။ အပြည့်အစုံကို ဘန်ကောက်ကနေ ကိုကျော်ကျော်သိန်းက သတင်းပေးပို့ထားပါတယ်။
NDF ပါတီကနေ သင်္ဃန်းကျွန်းမြို့နယ် အခြေစိုက် အဖွဲ့အဖြစ် ခွဲထွက်သူတွေကို ဦးဆောင်တာကတော့ သင်္ဃန်းကျွန်းမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့် ဖြစ်ပါတယ်။ လွှတ်တော်အစည်းအဝေးတွေ မစခင်ကတည်းက NDF ပါတီ ခေါင်းဆောင်တွေအကြား မပြေမလည်ဖြစ်တဲ့ သတင်းတွေ ထွက်နေခဲ့ပြီးတဲ့နောက် အခုအခါမှာတော့ တရားဝင် ခွဲထွက်လိုက်ကြတာပါ။ ဧပြီလ ၂ ရက်နေ့က မဲဆန္ဒရှင် လူထုနဲ့ တွေ့ဆုံစဉ်မှာ ဒီကိစ္စကို ကြေညာခဲ့တာဖြစ်ပြီး NDF ပါတီ နှစ်ခြမ်းကွဲသွားပြီလို့ ဦးသိန်းညွန့်က သုံးနှုန်း ပြောဆိုခဲ့ပါတယ်။
“အမျိုးသား ဒီမိုကရေစီ အင်အားစု ပါတီကို ဆွေငြိမ်းဦးဆောင်တဲ့ ဂိုဏ်းသားတွေနဲ့ ကျနော်ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီ အင်အားစု သင်္ဃန်းကျွန်း အခြေစိုက် အဖွဲ့ပေါ့၊ နှစ်ခြမ်းကွဲသွားပြီဆိုတာ ကျနော် အဲဒီနေ့ကတည်းက ကြေညာခဲ့ပါတယ်။ ရှေ့ဆက်ပြီးတော့ ကော်မရှင်ကို သူတို့ရဲ့ တရားမဝင်မှု၊ ဖွဲ့စည်းထားမှု အခြေအနေတွေ၊ နောက် ကျနော် မနှစ် နိုဝင်ဘာ ကတည်းက တင်ထားတဲ့ နိုင်ငံရေးပါတီ မှတ်ပုံတင်ဥပဒေ ပုဒ်မ ၂၄(ခ) အရ ဆောင်ရွက်ပေးဖို့ အစီအစဉ်တွေကို ကော်မရှင်ကို ကျနော် ဆက်လက် တင်ပြပါမယ်။”
ဦးသိန်းညွန့်ဟာ ဦးခင်မောင်ဆွေ၊ ဒေါက်တာသန်းငြိမ်း တို့နဲ့အတူ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကနေ ခွဲထွက်ပြီး NDF ပါတီကို စတင် တည်ထောင်ခဲ့သူတွေထဲမှာ တဦးအပါအဝင် ဖြစ်ပါတယ်။ ရွေးကောက်ပွဲတွေ မတိုင်ခင်မှာ ပါတီရန်ပုံငွေဆိုင်ရာ ကိစ္စတွေအပေါ် ဦးသိန်းညွန့်က မကျေမလည်ဖြစ်ပြီး ပြောဆိုတာတွေ ရှိခဲ့ပြီးတဲ့နောက် ရွေးကောက်ပွဲအပြီး နိုဝင်ဘာလ ၁၇ ရက်နေ့မှာ သူ့ကို ပါတီကနေ ထုတ်ပယ်ပစ်ခဲ့ပါတယ်။
အခုလို ပါတီက ထုတ်ထားတဲ့ လူတယောက်က ဦးဆောင်ပြီး အမတ်တချို့ ခွဲထွက်တဲ့အပေါ် သူတို့အနေနဲ့ ပြောစရာ သိပ်မရှိတော့ဘဲ ပါတီနှစ်ခြမ်းကွဲတာ မဟုတ်ဘူးလို့ NDF ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးခင်မောင်ဆွေက အခိုင်အမာ ပြောခဲ့သလို ကွဲပြီလို့ ပြောကြတာတွေကိုလည်း အပြစ်တင်ခဲ့ပါတယ်။
“ဒီဟာကို ကျနော် ရှင်းစရာ မရှိတော့ပါဘူး။ NDF နှစ်ခြမ်းကွဲစရာ အကြောင်းလည်း မရှိဘူး။ ထုတ်ထားတဲ့ ဦးသိန်းညွန့်က သူ့ဟာသူ လုပ်ချင်ရာ လုပ်တာကို NDF နှစ်ခြမ်းကွဲတယ် ပြောလို့ရှိရင် မှန်သလားဆိုတာ စဉ်းစားဖို့ လိုပါတယ်။ NLD က ထွက်လာတုန်းကတော့ အစအနလေးတွေ ထွက်သွားပါတယ်၊ အပဲ့အရွဲ့လေးတွေ ကျသွားပါတယ် ပြောတယ်။ အခုကျတော့ ထုတ်ထားတဲ့သူက ခေါင်းဆောင်တဲ့ ၅ ယောက် ထွက်သွားတာကိုတော့ NDF နှစ်ခြမ်းကွဲပြီဆိုတာ နိုင်ငံရေးယုတ္တိ မကျပါဘူး။ မီဒီယာတွေက ဖွနေသလားလို့တောင် ကျနော်က သံသယရှိနေပြီလို့ ပြောချင်ပါတယ်။”
ဦးသိန်းညွန့် ဦးဆောင်ပြီး ခွဲထွက်သွားတဲ့အထဲမှာ ပါတဲ့ တခြား လွှတ်တော်ကိုယ်စားလှယ်တွေကတော့ ဦးဖုန်းမြင့်အောင်၊ ဦးကျော်၊ ဒေါ်စန်းစန်းမြင့်နဲ့ ဦးကြည်မြင့်တို့ ဖြစ်ကြပါတယ်။
NDF ပါတီကို သင်္ဃန်းကျွန်းမြို့နယ် အခြေစိုက်ပြီး ဆောင်ရွက်နေတဲ့အကြောင်း၊ လာမယ့် သီတင်းပတ်အတွင်း ရွေးကောက်ပွဲ ကော်မရှင်ကို အကြောင်းကြားမှာ ဖြစ်ပြီးတော့ ကော်မရှင်က သူ့ရဲ့လုပ်ပိုင်ခွင့်ထဲက အဆုံးအဖြတ် ပေးရမှာ ဖြစ်တယ်လို့ ဦးသိန်းညွန့်က ဆိုပါတယ်။
“နိုင်ငံရေးပါတီ မှတ်ပုံတင် ဥပဒေ ၂၄(ခ) အရ ကော်မရှင်က ဒီပါတီနဲ့ ပတ်သက်ပြီးတော့ လိုအပ်သလို စုံစမ်း စစ်ဆေးပြီးတော့ သူ့ကို ဥပဒေက ပေးထားတဲ့ လုပ်ပိုင်ခွင့်တွေကို ကျင့်သုံးနိုင်ပါတယ်။ ကော်မရှင်က အဲဒီလုပ်ပိုင်ခွင့်တွေ ကျင့်သုံးလာဖို့ အတွက်လည်း ကျနော် အခုလို NDF ပါတီကို နှစ်ခြမ်းခွဲပစ်ရခြင်း ဖြစ်ပါတယ်။”
အခုလိုမျိုး ပင်မပါတီကနေ ခွဲထွက်ပြီး မြို့နယ်အခြေစိုက် အဖွဲ့တခုအဖြစ် ရပ်တည်တာဟာ ကော်မရှင် ဥပဒေနဲ့ မကိုက်ညီဘူးလို့ ဦးခင်မောင်ဆွေက ဆိုပြီး အခုကတော့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကပဲ အဓိက ဖြစ်သွားပြီလို့ သူကလည်း ပြောပါတယ်။
“ပါတီတွေမှာ အဲဒီလို အဆင်မပြေတာတွေ ရှိတော့ ရှိတတ်ပါတယ်။ သို့သော်လည်း ကော်မရှင်ကနေ ဒါကို ဘယ်လို အရေးယူ ဆောင်ရွက်မလဲ၊ ဒါ ကော်မရှင်ရဲ့အပိုင်း ဖြစ်သွားပြီဗျ။ ဦးသိန်းညွန့်တို့ လုပ်နေတာက မြို့နယ် ပါတီအဖြစ် ထောင်တယ်ဆိုတဲ့ အခါကျတော့ ဒါ ကော်မရှင် ဥပဒေနဲ့လည်း မကိုက်ညီဘူး ဖြစ်နေတော့ ကော်မရှင်ကို မေးတာပဲ ပိုကောင်းပါလိမ့်မယ်။ ကျနော်တို့ အဖြစ်ကတော့ ဝေဖန်စရာ မရှိပါဘူး။ ဦးသိန်းညွန့်က သူလုပ်ချင်ရာ လုပ်နေတာ ခင်ဗျားတို့အားလုံး အသိပဲလေ။ ကျနော်က ဒီအပေါ်မှာ လိုက်ပြီးတော့ မရှင်းချင်တော့ပါဘူးဗျာ။”
၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဝင်ဖို့ ထူထောင်ခဲ့ကြတဲ့ ပါတီတွေထဲမှာ NDF ပါတီဟာ NLD ခွဲထွက်ခေါင်းဆောင် တချို့ ထူထောင်တဲ့ပါတီ ဖြစ်တာကြောင့် လူအများ စိတ်ဝင်စားမှု အရဆုံးပါတီ ဖြစ်ပါတယ်။ ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ နေရာအသီးသီး အမတ်အရေအတွက် စုစုပေါင်း ၁၆ နေရာ အနိုင်ရခဲ့ပြီး အဲဒီထဲကနေ အခု ၅ ဦး ခွဲထွက်သွားတာ ဖြစ်ပါတယ်။
NLD ကသာ နိုင်ငံရေးပါတီ တခုအဖြစ် မှတ်ပုံပြန်တင်ပြီး ရွေးကောက်ပွဲ ဝင်မယ်ဆိုရင် NLD နဲ့ ပြန်ပူးပေါင်းမယ်လို့ ဦးသိန်းညွန့်က ပြောပါတယ်။
NLD အထွေထွေ အတွင်းရေးမှူးချုပ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင်ကလည်း NDF ပါတီနဲ့ ပတ်သက်လို့ ကြားရတဲ့ သတင်းတွေအပေါ် စိတ်ဝင်တစား ရှိနေပြီး သူတို့ နောက်ဆုံး တွေ့ဆုံခဲ့ကြချိန်မှာ မေးမြန်းခဲ့တာတွေ ရှိတယ်လို့ ဦးခင်မောင်ဆွေက ပြောခဲ့ဖူးပါတယ်။