သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခမောက်ကိစ္စ ကန့်ကွက်ခံရတဲ့ NDF မှတ်ပုံတင်ကျပြီ။


ခမောက်ပုံတံဆိပ်ပါတီ အမှတ်တံဆိပ်အဖြစ် အသုံးပြုမယ့်ကိစ္စနဲ့ပတ်သက်ပြီး ရွေးကောက်ပွဲ ကော်မရှင်ထံမှာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က တရားဝင် ကန့်ကွက်ထားတဲ့ကြားကပဲ ရွေးကောက်ပွဲကော်မရှင်ဟာ NDF ကို နိုင်ငံရေးပါတီ အဖြစ် မှတ်ပုံတင်ခွင့်ပြုလိုက်ပါပြီ။ ရွေးကောက်ပွဲကော်မရှင်က အခုလို NDF ပါတီကို မှတ်ပုံတင်ခွင့်ပြုလိုက်တာဟာ ခမောက်ပုံ တံဆိပ်ကိုလည်း အသုံးပြုခွင့် ပြုလိုက်တာလို့ ယူဆရမှာဖြစ်တဲ့အကြောင်း NDF ပါတီ တာဝန်ရှိသူတွေက ပြောပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ် စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ NDF ကို နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ခွင့် ပြုလိုက်တဲ့အကြောင်း ရွေးကောက်ပွဲ ကော်မရှင်က မနေ့က ရက်စွဲနဲ့ တရားဝင်ထုတ်ပြန်ခဲ့တာပါ။ ပါတီကို အခုမှ မှတ်ပုံတင်ခွင့် ပြုလိုက်တာကြောင့် ပါတီ လုပ်ငန်းစဉ်တွေကို အခုမှ တရားဝင် စတင်လုပ်ဆောင်ရမယ်လို့ ပါတီအကြီးအကဲတဦး ဖြစ်တဲ့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ဟုတ်ပါတယ်။ ကျနော်တို့ မှတ်ပုံတင်ခွင့်ကို အခုမှ တရားဝင်ခွင့်ပြုလိုက်ပြီ ဆိုတော့ အခုကမှစပြီးတော့ ကျနော်တို့ စည်းရုံးရေးတွေကို ယခင်ချထားတဲ့ စည်းမျဉ်းစည်းကမ်းတွေအရ ကျနော်တို့ စည်းရုံးရေး ဆင်းလို့ရပါပြီခင်ဗျ။ အခုကတော့ ကျနော်တို့က ပါတီ ဥက္ကဋ္ဌ အတွင်းရေးမှူး စသည်ဖြင့် ပါတီဖွဲ့စည်းပုံကို မှတ်ပုံတင်ကျပြီးမှပဲ ကျနော်တို့က အစည်းအဝေး ခေါ်ပြီးတော့ တရားဝင် ရွေးချယ်မှာ ဖြစ်ပါတယ်။ ဒေါက်တာ သန်းငြိမ်းကိုတော့ အစကတည်းက ဥက္ကဌ အဖြစ် ကျနော်တို့က သဘောတူထားတဲ့အတွက်ကြောင့်မိုလို့ သူကတော့ အားလုံး သိပြီးဖြစ်ပါတယ်။ ပါတီအဖွဲ့ကိုတော့ဖြင့် ဒေါက်တာ သန်းငြိမ်း ဦးဆောင်ပြီးတော့ ပြန်လည်ဖွဲ့စည်းဖို့အတွက် ကျနော်တို့ အစည်းအဝေး ခေါ်ရမှာပါ။ ရှေ့အပတ်ထဲမှာပဲ ကျနော်တို့ အစည်းအဝေး ခေါ်ပါမယ်။”

တဘက်မှာ ခမောက်ပုံတံဆိပ် အသုံးပြုတဲ့အပေါ် NLD ပါတီက ကန့်ကွက်မှုရှိထားတာကြောင့် အခုလို မှတ်ပုံတင်ခွင့် ပြုလိုက်တာဟာ ရွေးကောက်ပွဲကော်မရှင်က ခမောက်ပုံတံဆိပ်ကို NDF ပါတီအနေနဲ့ တရားဝင် အသုံးပြုခွင့် ပေးလိုက်တဲ့သဘောမျိုး ဖြစ်တယ်လို့ ဦးခင်မောင်ဆွေက ပြောပါတယ်။

“ကျနော်တို့ ထင်တာကတော့ ကော်မရှင်က ကန့်သတ်ထားတဲ့စည်းမျဉ်းပေါ့လေ၊ ဘာသာ သာသနာနဲ့ပတ်သက်တဲ့ အထိမ်းအမှတ်တွေ မပို့ရဘူး၊ ဒို့အရေး ၃ ပါးကို ဆန့်ကျင်တဲ့ အထိန်းအမှတ် မဖြစ်ရဘူး။ နောက်ပြီးတော့ တင်ထားတဲ့ ပါတီမှတ်ပုံတင်ပြီးသား ပါတီတွေ၊ မှတ်ပုံတင်ဆဲ ပါတီတွေရဲ့ တံဆိပ်တွေ အလံတွေ မဖြစ်ရဘူး ဆိုတဲ့ ကန့်သတ်ချက် ၃ ချက် ကျနော်တို့ အဓိက ကင်းလွတ်ပါတယ်။ ကင်းလွတ်လို့ ကျနော်တို့ကို ချပေးတယ်လို့ပဲ ယူဆပါတယ်။ ပထမ ၁၉၉၀ ခုနှစ်ကဥစ္စာကလည်း ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲကာလအတွက် အသုံးပြုဖို့ ခွင့်ပြုတဲ့တံဆိပ် အမှတ် လက္ခဏာပါ။ ရွေးကောက်ပွဲ သင်္ကေတပါ။ အခု ကျနော်တို့ မှတ်ပုံတင်တဲ့ဟာက ဒီပါတီရဲ့ တံဆိပ်ပါ။ အလံနဲ့ တံဆိပ်ကို မှတ်ပုံတင်တာပါ။ အဲဒီတော့ အတော်လေးလည်း ကွဲပြားပါတယ်။ ဟိုဟာက ရွေးကောက်ပွဲ သင်္ကေတ အဖြစ် ချပေး ပြီးတော့ အဲဒီတုန်းက NLD အနေနဲ့ မှတ်ပုံတင်ပြီးတော့ ယူတာ မဟုတ်ပါဘူး။

“ရွေးကောက်ပွဲကော်မရှင်က ဒီ စားပွဲသုံးခုပေါ့ဗျာ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ အသုံးပြုဖို့အတွက် ချပေးထားတဲ့ ရွေးကောက်ပွဲ သင်္ကေတ ဖြစ်ပါတယ်။ ဒါကြောင့် ကွဲပြားပါတယ်။ ဒါပေမဲ့ မပြေလည်ဘူးဆိုရင် သူတို့ သတင်းစာမှာ အကြောင်းကြားပါတယ်။ ကန့်ကွက်တဲ့ အတွက်ကြောင့်မို့လို့ ဘယ်လို ကန့်ကွက်တယ်။ ဒါကို ပြန်လည် ပြင်ဆင်ပေးပါ ဆိုပြီးတော့ သတင်းစာမှာ ကြေညာလေ့ ရှိပါတယ်။ အခုဟာ သတင်းစာမှာ အဲဒါတွေ မကြေညာဘဲနဲ့ စည်းမျဉ်းစည်းကမ်းနဲ့အညီ တင်သွင်းလာတာ တွေ့ရတဲ့အတွက် ပါတီ မှတ်ပုံတင်ခွင့်ကို ချပေး လိုက်ပြီ ဆိုတဲ့အခါကျတော့ အဲဒီကိစ္စတွေအားလုံး ပြီးသွားပြီဖြစ်ပါတယ်ခင်ဗျာ။ ပြေလည်သွားပြီဖြစ်ပါတယ်။”

ရွေးကောက်ပွဲကော်မရှင်က အခုလို မှတ်ပုံတင်ခွင့်ပြုလိုက်တာဟာ NLD က ကန့်ကွက်လွှာ တင်သွင်းထားတာကို အသိအမှတ် မပြုတဲ့ သဘော ရောက်နေပြီး ဒါဟာ ဥပဒေအရ လုပ်ဆောင်တာမဟုတ်ဘဲ သူတို့သဘောနဲ့သူတို့ ဆုံးဖြတ် လုပ်ဆောင်တာ ဖြစ်မယ်လို့ ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်း တုံ့ပြန် ပြောဆိုပါတယ်။

“အခု မှတ်ပုံတင်ခွင့် ပေးလိုက်တယ်ဆိုတော့ ဒီကန့်ကွက်ချက်တွေကို ထည့်မစဉ်းစားဘူး ဆိုတဲ့ သဘောလို့တော့ ထင်တယ်။ ကျနော် တိတိကျကျ မသိပါဘူး။ ဥပဒေအရလို့တော့ ကျနော် လက်မခံနိုင်ဘူး။ ဒါ သူတို့ ဆုံးဖြတ်ချင်တဲ့ဟာကို ဆုံးဖြတ်သွားတဲ့ အဓိပ္ပါယ်ပဲ ဖြစ်ပါလိမ့်မယ်။”

NLD ပြောခွင့်ရပုဂ္ဂိုလ် ဦးဉာဏ်ဝင်း ပြောသွားတာပါ။ NDF ပါတီက ခမောက်ပုံတံဆိပ် အသုံးပြုမယ့်အပေါ် ရွေးကောက်ပွဲ ကော်မရှင်မှာ ကန့်ကွက်ထားတဲ့ကိစ္စနဲ့ ပတ်သက်လို့တော့ NLD လူကြီးပိုင်းတွေ မကြာခင် တွေ့ဆုံဆွေးနွေးပြီးမှပဲ ရှေ့ ဘာဆက်လုပ်မယ် ဆိုတာကို သိနိုင်မယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

NDF ပါတီဟာ အရင် NLD ပါတီကခွဲထွက်သွားခဲ့ကြတဲ့ ဗဟိုအလုပ်အမှုဆောင် တချို့ အပါအဝင် ပါတီခေါင်းဆောင်ဟောင်း တချို့နဲ့ ပြန်လည် ဖွဲ့စည်းထားတဲ့ ပါတီတခုဖြစ်ပါတယ်။ သူတို့အနေနဲ့ ဒီမိုကရေစီရဖို့ လုပ်ဆောင်တဲ့နေရာမှာ နိုင်ငံရေးလုပ်ငန်းစဉ် ထဲမှာ ဆက်လက်တည်ရှိနေပြီး ပေါ်လာတဲ့အခွင့်အရေးကို အမိအရ ဆုပ်ကိုင် လုပ်ဆောင်ကြရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ရွေးကောက်ပွဲဝင်ဖို့ ပြင်ဆင်နေကြတာဖြစ်ပါတယ်။

XS
SM
MD
LG