သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲစည်းမျဉ်းဥပဒေ NDI စိုးရိမ်


(Credit: National Democratic Institute - NDI)
(Credit: National Democratic Institute - NDI)

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်လိုက်တဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ လိုက်နာရမယ့် စည်းမျဉ်းကန့်သက်ချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံဥပဒေကို အခြေခံထားတာ ဖြစ်တယ်လို့ အမေရိကန် ပြည်ထောင်စုအခြေ စိုက် National Democratic Institute NDI က တာဝန်ရှိသူက ပြောဆိုလိုက်ပါ တယ်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အစီရင်ခံစာတင်သွင်းတဲ့အခါ ဒီကန့်သက်ချက်တွေအကြောင်း ဆွေးနွေးပြီး နောက်ရွေးကောက်ပွဲတွေမှာ အဆင်ပြေအောင် ထောက်ပြသွားမယ်လို့ NDI က ပြောပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေသတင်းထောက် မသိင်္ဂီလင်းက သတင်းပေးပို့ထားပါတယ်။

တပ်မတော်ကို မဝေဖန်ရဘူးဆိုတဲ့အချက် အပါအဝင် ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားတဲ့ နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အခြေခံပြီး ဖြစ်ပေါ်လာတာဖြစ်တယ်လို့ National Democratic Institute NDI မြန်မာဌာနေကိုယ်စားလှယ် Richard Nuccio က ပြောဆိုလိုက်ပါတယ်။ ဒီစည်းကမ်းချက်တွေက နိုင်ငံရေးပါတီတွေ မဲဆွယ်စည်းရုံးရာမှာ ပွင့်လင်းမှုမရှိဘဲ အခက်အခဲ ဖြစ်စေမယ်ဆိုရင်တော့ ထောက်ပြပြောဆိုသွားမယ်လို့ ဗွီအိုအေနဲ့ သီးသန့်တွေ့ဆုံခန်းမှာ အခုလို ပြောဆိုသွားပါတယ်။

“စစ်တပ်ရဲ့ အခန်းကဏ္ဍဟာ အထူးသီးသန့်အဖြစ် ရှိနေတာပါ။ ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်ထားတဲ့ သီးခြားဌာနဆိုင်ရာ အဖွဲ့အစည်းတွေကို မဝေဖန်ရဘူးဆိုတဲ့ စည်းကမ်းချက်တွေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အခြေခံထားတာ ဖြစ်ပါတယ်။ ဒီစည်းမျဉ်းစည်းကမ်းတွေဟာ နိုင်ငံတကာ စံနှုန်းတွေအရ စိုးရိမ်စရာ ဖြစ်ပါတယ်။ ဒီစည်းကမ်းချက်တွေကြောင့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒရှင်တွေနဲ့ ဆက်ဆံရာမှာ အမှန်တကယ် သက်ရောက်မှု ရှိလာမယ်ဆိုရင် ပြည်တွင်းပြည်ပ ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြ ပြောဆိုသွားကြမှာပါ။ အစကတည်းက ကန့်သက်ချက်တွေ ရှိမယ်ဆိုတာကို ကျနော်တို့ ခန့်မှန်းထားပြီးသားပါ။ ကျနော်တို့ကတော့ ရွေးကောက်ပွဲဖြစ်စဉ် တိုးတက်မှုရှိအောင်လို့ ဒီကန့်သက်ချက်တွေကြားကပဲ အကောင်းဆုံး ကြိုးစား စောင့်ကြည်သွားမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ရွေးကောက်ပွဲပြီးသွားရင်တော့ ဒီစည်းကမ်းချက်တွေကို ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့တွေနဲ့ အချေအတင် ဆွေးနွေးကြပြီး နောက်လာမယ့် ရွေးကောက်ပွဲတွေအတွက် ပြင်ဆင်တာ၊ ပြောင်းလဲတာမျိုးဖြစ်အောင် ထောက်ပြကြဖို့ ဖြစ်လာနိုင်ပါတယ်။”

ဒီမဲဆွယ်စည်းရုံးရာမှာ လိုက်နာကြရမယ့် စည်းကမ်းချက်တွေထဲမှာ နိုင်ငံရေးပါတီတွေက ဟောပြောလိုတဲ့ စာမူကို ရွေးကောက်ပွဲကော်မရှင်ဆီ တင်ပြပြီး ခွင့်ပြုမိန့် တောင်းခံရမှာ ဖြစ်ပါတယ်။ စာမူကို ရွေးကောက်ပွဲကော်မရှင်နဲ့ ပြန်ကြားရေးဝန်ကြီးဌာနတို့က လိုသလို စိစစ်ကြပြီး ခွင့်ပြုမိန့်ကိုလည်း ငြင်းပယ်နိုင်ပါတယ်။

တချိန်တည်းမှာပဲ မိဘတွေဟာ ကိုယ်စားလှယ်လောင်း မွေးဖွားစဉ်က နိုင်ငံသားမဟုတ်ခဲ့တာကြောင့် လက်ရှိ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် တသီးပုဂ္ဂလ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ရဲ့ ကိုယ်စာလှယ်လောင်း လျှောက်လွှာရော အယူခံပါ ပယ်ချခံရတာဟာ ရွေးကောက်ပွဲမှာ လူမျိုး၊ ဘာသာမရွေး အားလုံး ပါဝင်နိုင်ရေးနဲ့ သက်ဆိုင်တယ်လို့ Richard Nuccio က ပြောပါတယ်။ ယာယီသက်သေခံလက်မှတ်၊ အမြဲနေထိုင်ခွင့်လက်မှတ်နဲ့ နိုင်ငံသားပြုခွင့် ပေးရေး မပေးရေး စတဲ့ အပြောင်းအလဲတွေဟာ အဓိကအချက်ဖြစ်တယ်လို့ အခုလို ပြောဆိုလိုက်ပါတယ်။

“နိုင်ငံတကာစံနှုန်းအရ အားလုံးပါဝင်နိုင်ရေးကို ကောင်းမွန်တဲ့ ရွေးကောက်ပွဲတခုရဲ့ စံနှုန်းလို့ သက်မှတ်တဲ့အခါ မြန်မာနိုင်ငံသားအားလုံး ပါဝင်နိုင်ဖို့ကို ရည်ညွှန်းပါတယ်။ ဒါဟာ အဓိကအချက် ဖြစ်ပါတယ်။ လက်ရှိ မြန်မာနိုင်ငံမှာ နိုင်ငံသားပြုရေးနဲ့ ပတ်သက်ပြီး အဓိပ္ပါယ်ဖွင့်ဆိုတာတွေ အပြောင်းအလဲများစွာ ဖြစ်နေပါတယ်။ နိုင်ငံသားပြုရေး အရည်အချင်းတွေနဲ့ အရင်အစိုးရက ထုတ်ပေးထားတဲ့ ယာယီသက်သေခံလက်မှတ်တွေ အခုထိ အကျုံးဝင်သလား မဝင်တော့ဘူးလား ဆိုတာတွေကို ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက သတ်မှတ်ရမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ အရင်က မဲပေးခွင့်ရှိခဲ့တဲ့ ဒီယာယီသက်သေခံ လက်မှတ်ကိုင်ဆောင်သူတွေ မဲပေးခွင့်မရှိတော့ဘူးဆိုတဲ့ ဆုံးဖြတ်ချက်ကို ချခဲ့တာက သမ္မတ ဖြစ်နေပါတယ်။ ဒါဟာလည်း တရားဝင် ရေးဆွဲထားတဲ့ မူဘောင်ကနေ ဖြစ်လာတဲ့ နောက်ထပ် ပြဿနာတခုပါပဲ၊ တကယ်လို့ မြန်မာလူဦးရေရဲ့အရေးကြီးတဲ့ အစိတ်အပိုင်း တခုဖြစ်တဲ့ ဒီလူတွေရဲ့ ဆန္ဒမဲတွေ ရွေးကောက်ပွဲမှာ ပါဝင်မှုမရှိဘူးဆိုရင် ဖြစ်လာမယ့်ပြဿနာကို မြန်မာနိုင်ငံကပဲ ရင်ဆိုင်ရပါလိမ့်မယ်။ ဒါကြောင့် မြန်မာ့လူဦးရေရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတခုက ဆန္ဒမဲတွေ မပါဘဲ ရွေးကောက်ပွဲ ပြီးဆုံးသွားမှာ စိုးရိမ်လို့ ကျနော်တို့ အပါအဝင် အခြားအဖွဲ့အစည်းတွေကလည်း ဒီကိစ္စကို မီးမောင်းထိုးပြနေတာပါ။”

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်မြို့တော်အခြေစိုက် National Democratic Institute NDI ဟာ ၁၉၈၃ ခုနှစ်က စတင်တည်ထောင်တဲ့ ပါတီစွဲမရှိတဲ့ အဖွဲ့အစည်းဖြစ်ပြီး နိုင်ငံပေါင်း ၁၃၂ နိုင်ငံမှာ ဒီမိုကရေစီ ထွန်းကား ပြန့်ပွားရေးအတွက် နိုင်ငံသားတွေ ပူးပေါင်းပါဝင်မှု၊ အစိုးရရဲ့ တာဝန်ခံ တာဝန်သိမှု၊ ပွင့်လင်းမြင်သာမှုတွေကို အားပေးထောက်ပံ့နေတဲ့ အဖွဲ့ဖြစ်ပါတယ်။

XS
SM
MD
LG