သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်အကြွေးထောင်ချောက် နီပေါလူထုစိုးရိမ်


တရုတ်ကဆောက်လုပ်ပေးထားတဲ့ နီပေါနိုင်ငံ ပေါ့ခါရာမြို့က နိုင်ငံတကာလေဆိပ်။
တရုတ်ကဆောက်လုပ်ပေးထားတဲ့ နီပေါနိုင်ငံ ပေါ့ခါရာမြို့က နိုင်ငံတကာလေဆိပ်။

နီပေါနိုင်ငံမှာ တရုတ်ရဲ့ငွေကြေးမ,တည်တဲ့ နိုင်ငံတကာ လေဆိပ်ကို ဖွင့်လှစ်ခဲ့တာ တနှစ်ကျော် ရှိလာပြီဖြစ်ပေမဲ့ နိုင်ငံတကာလေယာဉ်ဆိုက်ရောက်မှု မရှိသေးပါဘူး။ Pokhara လေဆိပ်အတွက် ကျသင့်ငွေကို မကြာခင်မှာပြန်ပြီး ချေးငွေဆပ်ရတော့မယ့်အချိန်မှာ အကြွေးထောင်ချောက်ထဲပိတ်မိမယ့်အရေး နီပေါ လူထုအတွင်း စိုးရိမ်နေကြပါတယ်။ Henry Wilkins ရဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက် တင်ပြပေးထားပါတယ်။

နီပေါနိုင်ငံက Pokhara မြို့ဟာ စွန့်စားလိုသူတွေကို ဆွဲဆောင်ရာနေရာတခုဖြစ်ပါတယ်။ အိန္ဒိယနဲ့တခြားသောဒေသတွေက သဲထိတ်ရင်ဖို စွန့်စားခန်းဖွင့်လိုသူတွေက အဲဒီ ဟိမဝန္တာဒေသတဝိုက်မှာ တောင်တက်၊ ကောင်းကင်ကြိုးစီး၊ ဘန်ဂျီ ခုန်ကြပါတယ်။ Pokhara ကိုရောက်ဖို့ နီပေါပြည်တွင်း လေကြောင်းခရီးစဉ်နဲ့သာ လာလို့ ရပါတယ်။ နိုင်ငံတကာလေဆိပ်သစ်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလအတွင်းမှာဖွင့်ခဲ့ပြီး စီးပွားရေးပိုကောင်းလာမယ်လို့ နီပေါပြည်သူတွေက ထင်မြင်ခဲ့ကြတာပါ။ Samar Napali ကတော့ ခရီးသွားတွေကို မော်တော်ဘုတ် ခရီးစဉ်တွေ ပို့ဆောင်ပေးသူပါ။

"လေဆိပ်သစ်ဖွင့်ပြီးကတည်းက နိုင်ငံတကာ လေကြောင်းတွေ ဆိုက်ကပ်တာ မတွေ့ရသေးပါဘူး။ နိုင်ငံတကာလေယာဉ်တွေ ဆိုက်ကပ်ရင်တော့ ကျနော်တို့ လုပ်ငန်းတွေ ပိုပြီး ချောမွေ့စေမယ်လို့ ထင်ပါတယ်။ အစိုးရအနေနဲ့လည်း ဒါကို တွန်းအားပေးသင့်တယ်လို့ ထင်ပါတယ်။"

Pokhara လေဆိပ်သစ်ဟာဆိုရင် တရုတ်ရဲ့တစိတ်တပိုင်း ငွေကြေးမ,တည်မှုနဲ့ တည်ဆောက်ခဲ့တာပါ။ လေဆိပ်ကထွက်မယ့်အကျိုးအမြတ်ကနေ ချေးငွေပြန်ဆပ်ဖို့ ဖြစ်ပါတယ်။ ဒီနေ့ထိတော့ ပုံမှန်လာတဲ့ နိုင်ငံတကာ လေကြောင်းခရီးစဉ်တွေ မရှိသေးသလို ဆိုက်ရောက်ခရီးသည်တွေကလည်း မှန်းထားတာထက် နည်းနေပါတယ်။ ခရီးသွားကောင်စီရဲ့ ဥက္ကဋ္ဌဟောင်း Gopi Bahadur က အခုလို ပြောပါတယ်။

"ဒီ နိုင်ငံတကာ လေဆိပ်ဟာ ပင်မ အသက်သွေးကြောဖြစ်တယ်လို့ ကျနော်တို့ မျှော်လင့်ထားတာပါ။ Pokhara အတွက်တင်မဟုတ်ဘဲ၊ အနောက်ပိုင်းဒေသ အတွက်တင်မဟုတ်ဘဲ နီပေါတနိုင်ငံလုံးရဲ့ ခရီးသွားလုပ်ငန်းကဏ္ဍတခုလုံး အတွက် မျှော်လင့်ခဲ့ကြတာပါ။ အခုတော့ သူတို့ ရင်းနှီးမြှုပ်နှံမှု ဆုံးရှုံးသွားမလားဆိုပြီး စဉ်းစားနေကြပါတယ်။"

၂၀၂၆ ခုနှစ်မှာ ချေးငွေစပြီး ပြန်ဆပ်ရမှာကြောင့် အများပြောကြသလို တရုတ်ရဲ့ အကြွေးထောင်ခြောက်မှာ နီပေါနိုင်ငံကျရောက်သွားမလားဆိုပြီး စိုးရိမ်ကြသူ အများအပြားရှိပါတယ်။ တခြားသောဖွံ့ဖြိုးဆဲနိုင်ငံတွေမှာလုပ်တဲ့ တရုတ်ရဲ့ အခြေခံအဆောက်အဦး စီမံကိန်းတွေဟာဈေးကြီးပြီး အရည်အသွေးညံ့တာတွေအပြင် အကျိုးအမြတ်ခံစားသင့်တဲ့နိုင်ငံတွေမှာ အကြွေးပိစေတာကြောင့် ဒီဘက်နှစ်ပိုင်းတွေမှာ စောင့်ကြည့်ခံနေရတာပါ။

တခြားသော ဖွံ့ဖြိုးဆဲနိုင်ငံတွေနဲ့ တရုတ်ရဲ့ ပူးပေါင်းဆောင်ရွက်မှု ပျက်စီးစေအောင် တရုတ်ရဲ့အကြွေးထောင်ခြောက်ဆိုပြီး စွပ်စွဲဖန်တီးနေကြတာလို့ တရုတ်သံရုံးက ပြောဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်က လေဆိပ်ကို ဆိုက်ရောက်လာတဲ့ ခရီးသည်အရေအတွက်ဟာဆိုရင် ကပ်ဘေးရောဂါမတိုင်ခင်က အရေအတွက်ထက် ပိုများတယ်လို့လည်း တရုတ်သံရုံးက ပြောပါတယ်။ တရုတ်ငွေကြေးမ,တည်တဲ့ အခြေခံအဆောက်အအုံစီမံကိန်းတွေကို နီပေါကစိုးရိမ်လာနေပြီး တခြားနိုင်ငံတွေကို ရှာဖွေနေတယ်လို့ နိုင်ငံတကာရေးရာ ကျွမ်းကျင်သူ Vijay Kant Karna က ပြောပါတယ်။

"ကျနော်တို့ အခြေခံအဆောက်အအုံ စီမံကိန်းတွေအတွက် ကမ္ဘာ့ဘဏ်က ငွေကြေးမ,တည်ဖို့ အဆင်သင့် ရှိပါတယ်။ ဥရောပဘဏ်တွေကလည်း အဆင်သင့်ပါ။ ဂျပန်ကဆိုရင် ၅ နှစ် ဒါမှမဟုတ် ၁၀ နှစ် အကြာမှာ အကြွေးသက်သာခွင့် ပေးတာမျိုးလည်း ရှိတတ်ပါတယ်။"

Pokhara က စီးပွားရေးလုပ်ငန်းရှင်တွေကတော့ မကြာခင်မှာ ခရီးသွားတွေ ပိုများလာပြီး တရုတ်နဲ့အိန္ဒိယတို့က လေကြောင်းခရီးစဉ်တွေ စတင်ပျံသန်းလာဖို့ မျှော်လင့်နေကြပါတယ်။ တချိန်တည်းမှာပဲ အကြွေးတွေ လျှော့ပေါ့ သက်သာခွင့်အတွက် တရုတ်နဲ့ နီပေါကြား ဆွေးနွေးကြမယ်လို့လည်း ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG