မြန်မာ့ကျောက်စိမ်းလုပ်ငန်းကနေ ဝင်ငွေ အမေရိကန်ဒေါ်လာ ၃၁ ဘီလံျလောက် ရရှိနေတယ်လို့ လာဘ်စားမှု လေ့လာစောင့်ကြည့်ရေးအဖွဲ့တဖွဲ့ က ဒီကနေ့ မှာ ပြောဆိုလိုက်ပါတယ်။ ဒီပမာဏဟာ အာဏာပိုင်တွေ တရားဝင်ထုတ်ပြန်ထားတဲ့ စာရင်းကိန်းဂဏန်းတွေထက် အများကြီး ပိုနေပြီး ဒီ နိုင်ငံ့ဘဏ္ဍာငွေတွေဟာ လက်ရှိ အာဏာပိုင် စစ်ဖက်ခေါင်းဆောင်တွေ ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေဆီ ကို ရောက်ရှိ သွားတာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။ ဒီအကြောင်း AFP နဲ့ AP သတင်းတွေကို အခြေခံပြီးတော့ ကိုအောင်အောင်က ပြောပြပေးမှာပါ။
၂၀၁၄ ခုနှစ်က ကျောက်စိမ်းလုပ်ငန်းကနေ မြန်မာနိုင်ငံဟာ အမေရိကန်ဒေါ်လာ ၃၁ ဘီလျံဖိုးလောက် ရရှိခဲ့တယ်လို့ လန်ဒန်အခြေစိုက် Global Witness အဖွဲ့ကြီးက ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြထားပါတယ်။ ဒီပမာဏဟာ GDP ပြည်တွင်း ထုတ်ကုန်တန်ဖိုး တဝက်နည်းပါး ရှိပြီး ဒီအဖိုးတန်ကျောက်တွေကို နိုင်ငံရဲ့ တခုတည်းသော တရားဝင် ဈေးကွက်ဖြစ် တဲ့ ကျောက်မျက်ပြပွဲမှာ ရောင်းချရတယ် ဆိုတဲ့ ငွေပမာဏ ၃.၄ ဘီလျံထက် အများကြီးကွာနေတာပါ။ ဒါ့အပြင် အဲဒီကျောက်မျက် တူးဖေါ်တဲ့ လုပ်ငန်းကို ဘယ်သူတွေက ပိုင်ဆိုင်ကြတယ်ဆိုတာနဲ့ ပါတ်သတ်ပြီးတော့လည်း ဘယ်သူမှ မသိကြဘူးလို့ Globel Witness အဖွဲ့က သုတေသနပညာရှင် Juman Kubba က အခုလိုပြောပါတယ်။
"မြန်မာနိုင်ငံရဲ့ အကြီးမားဆုံး လျှို့ဝှက်ချက်တခုလို့ ခေါ်ကြပြီး အဲဒါဟာ တကယ် ဘာဖြစ်တယ် ဆိုတာပါပဲ။ နိုင်ငံတွင်းက မနှစ်မြို့ဖွယ်ရာကောင်းတဲ့ လူတချို့ဟာ ဘယ်သူ့ရဲ့ စုံစမ်းစစ်ဆေးမှုကိုမှ ခံယူနေစရာမလိုဘဲ ဒီကျောက်စိမ်းလုပ်ငန်းကို လုပ်ကိုင်ခွင့်ရနေကြတာပါ။"
ကျောက်စိမ်းလုပ်ငန်းကနေ အခုလို ဝင်ငွေအမြောက်အမြားရ နေပေမယ့် လည်း ဒေသခံ ကချင်လူထုအတွက်တော့ သူတို့ ခြေဖဝါးအောက်က ဒီသယံဇာတရောင်း ရငွေတွေ အတွက် တစုံတရာ အကျိုးအမြတ်ခံစားရတာမျိုး မရှိပါဘူး။ ဒါ့အပြင် သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းလည်း ဖျက်စီးခံရပြီး မရေမတွက်နိုင်တဲ့ ဘဝတွေလည်း ဆုံးရှုံးခဲ့တာပါ။
ကျောက်စိမ်းတူးဖေါ်တဲ့ မိုင်းလုပ်ငန်းတွေကြောင့် ဒေသခံတွေ ရဲ့ ကျေးရွာတွေ ပြောင်းရွှေ့ပေးရ သလို တောင်တွေကိုလည်း တူးဖေါ်ပြီး ရှာဖွေ တာကြောင့် အထူးသဖြင့် မိုးရာသီရောက်ချိန်မှာ မြေပြိုမှုတွေဖြစ်ပြီး လူတွေသေဆုံးခဲ့ပါတယ်။
လွန်ခဲ့တဲ့ ဇန်နဝါရီလကဆိုလျင်လည်း မြေပြိုတာကြောင့် စက်ယန္တရားတွေနဲ့ တူးဖေါ်ပြီးသား မြေစာပုံတွေကြားမှာ အကြွင်းအကျန် ကျောက်တွေကို ရှာဖွေနေသူ ၃၀ လောက် သေဆုံးခဲ့တာပါ။ ဒါ့အပြင် ဒီဒေသခံ လုပ်သားတွေရဲ့ ကလေးငယ်တွေ အတွက်လည်း မြေတူး မြေသယ်ရာမှာ အသုံးပြုတဲ့ ဘက်ဖိုးလို့ခေါ်ကြတဲ့ အကြီးစား စက်ယန္တရားကြီးတွေရဲ့အန္တရာယ်ကိုလည်း ရင်ဆိုင်နေရတာပါ။
လွန်ခဲ့တဲ့ ၅ နှစ်လောက်ကစလို့ ဒီမိုင်းတူးဖေါ်တဲ့ လုပ်ငန်းခွင်တွေ ပိုများလာတာကြောင့် ပြသနာတွေလည်း ပိုတိုးလာတယ်လို့ လူ့အခွင့်အရေး လှုပ်ရှားသူ တဦးဖြစ်တဲ့ ကချင်အမျိုးသမီး Kai Ra က အခုလိုပြောပါတယ်။
"ဒီကုမ္ပဏီကြီးတွေကို မုန်းပါတယ်။ ကျမတို့ အသည်းနာပါတယ်။ ကုမ္ပဏီ ဘက်ဖိုးတွေမြင်တိုင်း လူသတ်ကောင်လို့ ကျမတို့ စိတ်ထဲမှာပေါ့နော်။ ကုမ္ပဏီကားကြီး၊ မြေသယ်ကားကြီးတွေကို ဖြတ်သွားတဲ့ အသံကြားတိုင်း နှလုံးသားထဲမှာ ပြောလို့မတတ်ဘူး။ လူသတ်ကောင်အဖြစ် ကျမတို့မြင်တယ်။ အရမ်းမုန်းတယ်။ ဒီကုမ္ပဏီကားကြီးတွေကို။"
မြန်မာ့ကျောက်စိမ်းလုပ်ငန်းဟာ ဒေသခံတွေအတွက် အခုလို အခြေအနေဆိုးတွေကိုသာ ကြုံတွေ့စေတာမဟုတ်ပဲ အစိုးရတပ်နဲ့ တိုင်းရင်းသားအခွင့်အရေးတောင်းဆိုနေတဲ့ကချင်လက်နက်ကိုင်အဖွဲ့ကြားမှာလည်း အရေးပါတဲ့အနေအထားမှာ ရှိနေပါတယ်။
ဒီကျောက်စိမ်းထွက်ရှိရာဒေသကို ထိန်းချုပ်ထားနိုင်ဖို့ နှစ်ဖက်စလုံးကလည်း ကြိုးစားနေ တာဖြစ်တာကြောင့် ငြိမ်းချမ်းရေးအလားအလာဟာလည်း အလှမ်းဝေး သလိုဖြစ်နေတာပါ။ ပြည်တွင်းစစ်ကြောင့် ဒေသခံလူထု ထောင်နဲ့ချီဟာ တရုတ်နိုင်ငံ နယ်စပ်က စခန်းတွေမှာ နေထိုင်ကြရပြီး ချမ်းသာကြွယ်ဝတဲ့ နယ်မြေပေါ်က ဆင်းရဲနေကြတဲ့ လူတွေကို နေရာတကာမှာ တွေ့နိုင်ပါတယ်။
ဒေသခံ ခေါင်းဆောင်တဦးဖြစ်တဲ့ Hkyet La Law ကတော့ ဒီအခြေအနေတွေအပေါ် မကျေမနပ် အခုလိုပြောပါတယ်။
"ကျနော်တို့ရဲ့ မြေကို ဖျက်စီးပစ်နိုင်တဲ့ အနေအထားတခုပဲ ရှိနိုင်တယ်လားဗျာ။ ဒီမြေရဲ့မူလပိုင်ရှင်ဖြစ်တဲ့ ကချင်တွေရဲ့ဘ၀ အရာရာ ဆုံးရှုံးခဲ့ပါပြီ။"
အခုလို အခြေအနေမျီုးမှာပဲ မကြာခင် ရက်ပိုင်းတွေအတွင်း မှာတော့ မြန်မာနိုင်ငံ ရဲ့သမိုင်းမှာ အရေးပါတဲ့ ရွေးကောက်ပွဲ ကျင်းပတော့မှာပါ။ ဒီတော့ ဒီရွေးကောက်ပွဲ အပြီးနောက်ပိုင်းမှာ အခြေအနေတွေ ပြောင်းလဲမှာပါလား ဒါမှမဟုတ် ဒီကျောက်စိမ်း လုပ်ငန်းက ရရှိလာတဲ့ အကျိုးအမြတ်တွေကို အသုံးပြုပြီး ရွေးကောက်ပွဲ ရလာဒ်အရ ဖြစ်ပေါ်လာမယ့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေကို အဟန့်အတားဖြစ်စေမှာပါလား။ အဖြေကိုတော့ ဆက်လက် စောင့်ကြည့်ရ မှာဖြစ်ပါတယ်ခင်ဗျာ။