သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခွန် ဥပဒေသစ် ဝင်ငွေနည်းသူတို့ သက်သာမည်


၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ အသစ်ကျင့်သုံးမယ့် အခွန်ဥပဒေ နဲ့ ပတ်သက်ပြီး ဘဏ္ဍာ အခွန် ဒုတိယ ဝန်ကြီး ဦးဝင်းသန်းက တနလာၤနေ့က ရန်ကုန်မြို့က ကုန်သည်ကြီးတွေကို ရှင်းပြပါတယ်။ ဝင်ငွေခွန် ဥပဒေ အရ တနှစ် ဝင်ငွေ (၁၄) သိန်း ရသူတွေကို အခွန်စည်းကြပ်မှာ ဖြစ်ပြီး ကုန်သွယ် လုပ်ငန်းခွန် နဲ့ ပတ်သက် ပြီးလည်း အသေးစိတ် ရှင်းလင်းခဲ့ပါတယ်။

ဧပြီလမှာ စတော့မယ့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်မှာ ဝင်ငွေခွန် နဲ့ ကုန်သွယ် လုပ်ငန်းခွန် တွေကို အစိုးရက ပြောင်းလဲ စည်းကြပ် တော့မှာ ဖြစ်ပါတယ်။ အရင်က အခွန် ဥပဒေ ဟောင်းမှာ တနှစ်ကို ဝင်ငွေ ၃ သောင်း ရှိသူ တွေကို အခွန်စည်းကျပ်တာ ဖြစ်ပေမယ့် အခု ဥပဒေ အသစ်မှာတော့ တနှစ်ကို ဝင်ငွေ ၁၄ သိန်း လောက် ရသူတွေကိုဘဲ စည်းကြပ်တော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ သက်သာခွင့် တွေကိုလည်း သီးခြား ပြဌာန်းထား တယ်လို့ ဆိုပါတယ်။ တနလာၤနေ့ ရန်ကုန်က ပြည်ထောင်စု မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု အသင်းချုပ်မှာ ကျင်းပတဲ့ အခွန်ဆိုင်ရာ ရှင်းလင်းပွဲကို တက်ရောက်ခဲ့တဲ့ ဦးခင်မောင်ညို ဘောဗေဒကတော့ အခုလို ပြောပါတယ်။

“တစ်နှစ်ကို ခါတိုင်းက သုံးသောင်းလေ။ သုံးသောင်းဆိုရင် အခွန်ဆောင် ရပြီလေ။ အခုဟာက ဝန်ထမ်း ဆိုရင် တစ်နှစ်ကို ၁၄ သိန်းလောက် ကျမှ ဆောင်ရတယ်။ ပြန်တမ်းဝင် ဝန်ထမ်းပေါ့ဗျာ။ ပြန်တမ်းဝင် အရာရှိမှ စ ဆောင် ရတဲ့ သဘောဘဲ။ ဒါတောင်မှ သက်သာခွင့်တွေ ဘာတွေ ရှိသေးတယ်။ အခွန် နှုန်းထားက တစ် ရာခိုင်နှုန်းကနေ ပြီး ၂၀ ရာခိုင်နှုန်း အထိ ဒါက သက်သာခွင့်တွေ အပေါ်ကမှ သက်သာခွင့်တွေ ပေးဦးမှာ။ ဇနီးအတွက် တို့ ဟိုဒင်း အတွက်တို့လေ။ သက်သာခွင့်တွေ ပေးဦးမှာ။ သက်သာခွင့် တွေ ပေးပြီးတော့ မှ စည်းကြပ်မှာ။ အဲဒီတော့ တစ်ရာခိုင်နှုန်းက နေ ၂၀ ရာခိုင်နှုန်း အထိ၊ ၂၀ ရာခိုင်နှုန်း ဆိုတာ တော်တော် များပါတယ်။ သိန်း ၂၀၀ ကျော်မှ ၂၀ ရာခိုင်နှုန်း။”

ဒီဥပဒေ အသစ်အရ အစိုးရ ဝန်ထမ်းတွေ အနေနဲ့ တနှစ် ဝင်ငွေကို အတိအကျ ရှိပေမယ့် ပုဂ္ဂလိက ဝန်ထမ်းတွေ လုပ်ငန်းရှင်တွေကို အတိအကျ ဝင်ငွေခွန် စည်းကျပ်ဖို့မှာတော့ ပြည်သူ လူထုရဲ့ ပူးပေါင်း ပါဝင်မှုပေါ်မှာ မူတည် နေတယ်လို့လည်း ဦးခင်မောင်ညိုက ပြောပါတယ်။ အခွန် မဆောင်သူတွေ အခွန်ရှောင်သူ တွေကို အစိုးရ အနေနဲ့ ဥပဒေကြောင်း အရ ဘယ်လို ထိန်းချုပ် ကြပ်မတ် မလဲ ဆိုတာ ကိုတော့ ရှင်းလင်းပွဲမှာ အသေးစိတ် မပြောခဲ့ပါဘူး။ အခု ထွက်လာတဲ့ ဥပဒေသစ် အကောင်အထည် ပေါ်လာဖို့မှာတော့ ပုဂ္ဂလိက လုပ်ငန်းရှင်တွေ ဘက်က ပူးပေါင်းပါဝင်မှုက အရေးကြီးတယ် ဆိုပြီးလည်း ဦးခင်မောင်ညိုက ပြောပါတယ်။

“လစာ ထုတ်ပေးတဲ့သူ က မှန်မှန်ကန်ကန် လုပ်ရင်တော့ ဘယ်သူ့ကို ဘယ်လောက် ကောက်ရမယ်။ ဘယ်သူ့ အတွက် ဘယ်လောက် ဖြတ်ရမယ် ဆိုတာ အကုန်လုံးက တိတိကျကျ သတ်မှတ် ထားပြီးသား။ ဇနီး တစ်ယောက် အတွက် နောက်တခါ ခလေး တစ်ယောက် အတွက် အကုန်လုံးက သတ်မှတ် ထားပြီး သားတွေ။ အဲဒီ အပေါ် လုပ်ထုံး လုပ်နီးက ဘာမှ မခက်ဘူး။ တစ်ခုဘဲ ကုမ္ပဏီတွေ က လုပ်ပေးမလား၊ မလုပ်ပေးဘူးလား။ အဲဒါပဲ။”

(၁၉၉၀) က ပြဌာန်းခဲ့တဲ့ ကုန်သွယ် လုပ်ငန်းခွန်ဥပဒေကို ဖျက်သိမ်းပြီး အခု အသစ် ပြဌာန်းတဲ့ ကုန်သွယ် လုပ်ငန်းခွန် မှာတော့ သာမန် ကုန်စည်တွေ အမျိုးအစား (၇၀) အတွက် ငါး ရာခိုင်နှုန်း သာ အခွန် စည်းကြပ် မှာ ဖြစ်ပေမယ့် ပတ်ဝန်းကျင် ညစ်ညမ်းမှု ဖြစ်စေတဲ့ ကုန်စည်တွေ၊ ကျန်းမာရေး ထိခိုက်စေတဲ့ ကုန်စည်တွေ ဒါတွေကိုတော့ အထူးကုန်စည်တွေ အဖြစ် သတ်မှတ်ပြီး (၃၀) ရာခိုင်နှုန်းကနေ (၁၀၀) ရာခိုင်နှုန်း အထိ ကောက်ခံမှာ ဖြစ်တယ်လို့ ဥပဒေ အသစ်မှာ ဖော်ပြထားပါတယ်။

“အခွန်က နှစ်မျိုးဘဲ ခွဲတယ်။ တစ်ခု က ငါး ရာခိုင်နှုန်း ကောက်တဲ့ ဟာ။ နောက်တစ်မျိုးက …ငါးရာခိုင်နှုန်း ထဲမှာ အမျိုး (၇၀) လောက်ပါတယ်။ နောက် အထူးဆိုတဲ့ ဟာကျတော့ ၅၀ ရာခိုင်နှုန်း၊ ၃၀ ရာခိုင်နှုန်း … ကျောက်စိမ်းတို့ ဘာတို့ ဆိုရင် ၃၀ ရာခိုင်နှုန်း၊ အရက် ဆိုရင် ၅၀ ရာခိုင်နှုန်း၊ စီးကရက်ဆိုရင် ၁၀၀ ရာခိုင်နှုန်း၊ ပတ်ဝန်းကျင်တို့ ဘာတို့၊ နောက် မော်တော်ကား ဆိုရင် ၂၅ ရာခိုင်နှုန်းပေါ့။ အဲဒီ ဟာတွေကို တော့ သူက အထူး ကုန်စည် လို့ သတ်မှတ်ပြီးတော့ ကောက်တာ။ အဲဒီ ဟာတွေကတော့ များတယ်။”

(၁၉၇၄) က ပြဌာန်းခဲ့တဲ့ ဝင်ငွေခွန် ဥပဒေကို ဖျက်သိမ်းပြီး အခု ဝင်ငွေခွန် ဥပဒေသစ်နဲ့ အစားထိုးမှာ ဖြစ်ပါတယ်။ စီးပွားရေး ပညာရှင်တွေကတော့ အခု ဝင်ငွေခွန် ဥပဒေက ဖြေလျှော့လာတဲ့ သဘောရှိ ပေမယ့် လူထု အနေနဲ့ အခွန်ဆောင် လာဖို့ကတော့ ပညာပေး လုပ်ငန်းတွေ လုပ်ဆောင်ဖို့ လိုသလို အစိုးရ အနေနဲ့လည်း ဥပဒေကြောင်းအရ ကြပ်မတ် လုပ်ဆောင်ဖို့လည်း လိုတယ်လို့လည်း ပြောဆိုကြပါတယ်။

XS
SM
MD
LG