သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဆိုင်ရာ ဥပဒေသစ်ပြဌာန်းဖို့ အစီအစဉ် မရှိသေး


Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို လွှတ်တော်အစည်းအဝေး ခဏနားချိန်မှာ ဒေါ်စု ဖြေကြားနေစဉ် (၂၅ ဇွန် ၂၀၁၃)
Time မဂ္ဂဇင်းပါ ဆောင်းပါးနဲ့ပတ်သက်ပြီး သတင်းထောက်တွေရဲ့ အမေးကို လွှတ်တော်အစည်းအဝေး ခဏနားချိန်မှာ ဒေါ်စု ဖြေကြားနေစဉ် (၂၅ ဇွန် ၂၀၁၃)
လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေကို အရေးယူဆောင်ရွက်နိုင်မယ့် ဥပဒေသစ်ပြဌာန်းရေး ဥပဒေမူကြမ်းရေးဆွဲဖို့ အစီအစဉ် ရှိမရှိ၊ အမရပူရမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ မေးခွန်းကို ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း က မရှိသေးကြောင်း ဖြေကြားခဲ့ပါတယ်။

ဒါနဲ့ပတ်သက်လို့ ကော့မှူးမြို့နယ် NLD ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်အောင်ဆန်းစုကြည် ကတော့ ဒီလို ဥပဒေသစ်ပြဋ္ဌာန်းဖို့ မူကြမ်း ရေးဆွဲမယ်ဆိုရင် ပဋိပက္ခတွေ ဖြစ်ပွားနေစဉ်က အုပ်ချုပ်ရေးပိုင်းကနေ ဘာတွေ ဆောင်ရွက်ခဲ့ပြီး ဘယ်လောက် ထိရောက်ခဲ့သလဲဆိုတဲ့ ပွင့်လင်းမြင်သာမှု ရှိမှုအပေါ်မှာသာ မူတည်ပြီး စဉ်းစားရမှာ ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

ဒီကနေ့ စတင်ကျင်းပတဲ့ ပထမအကြိမ် ပြည့်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေး ခေတ္တ ရပ်နားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ဗွီအိုအေ ကို အဲ့ဒီလို ပြောကြားခဲ့တာဖြစ်ပါတယ်။ အပြည့်အစုံကိုတော့ ပြည့်သူ့လွှတ်တော်မှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဦးရော်နီညိမ်း က နေပြည်တော်ကနေ သတင်းပေးပို့ထားပါတယ်။

ဇွန်လ ၂၅ ရက်နေ့မှာ စတင်ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးရဲ့ ပထမနေ့မှာ အမရပူရ မဲဆန္ဒနယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးသိန်းထွန်းဦး က လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခတွေကို အရေးယူ ဆောင်ရွက်နိုင်ဖို့အတွက်
ပြည်ထောင်စုအစိုးရ သက်ဆိုင်ရာ ဝန်ကြီးဌာနက အခြေခံဥပဒေပုဒ်မ ၃၆၄ အရ ဥပဒေမူကြမ်း ရေးဆွဲအတည်ပြု ပြဋ္ဌာန်းနိုင်ရေး အစီအစဉ် ရှိ - မရှိ ပြည်သူ့လွှတ်တော်ကို မေးမြန်းခဲ့တာမှာ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ရဲချုပ် ကျော်ကျော်ထွန်း က အခုလို ဖြေကြားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ဥပဒေနဲ့ဆန့်ကျင်တဲ့ အစုအဝေးများမှာ ပါဝင်သူများကို အရေးယူဆောင်ရွက်နိုင်ဖို့ ပြစ်မှုဆိုင်ရာ ဥပဒေ၊ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေ၊ အဓိကရုဏ်းနှိမ်နင်းရေး လက်စွဲ ရဲဥပဒေတို့အပြင် ၂၀၁၂ ခုနှစ် ငြိမ်းချမ်းစွာ စုဝေးခွင့်နဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခွင့်ဆိုင်ရာ ဥပဒေ နည်းဥပဒေများကို ပြဌာန်းထားရှိပြီး ဖြစ် ပါတယ်။ အုပ်ချုပ်ရေးဆိုင်ရာ လုပ်ငန်းများကို ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဌာန်းချက် များနဲ့အညီ ဆောင်ရွက်နိုင်စွမ်း မရှိသည့်အခါ အရေးပေါ်အခြေအနေ ပေါ်ပေါက် ရင် နိုင်ငံတော်သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၁၇ အရ ဥပဒေကဲ့သို့ အာဏာတည်သော အမိန့် ထုတ်ပြန်၍ အရေးပေါ်အခြေအနေ
ကြေညာနိုင်ကြောင်းကိုသော်လည်းကောင်း ပြဋ္ဌာန်းထားရှိပြီးဖြစ်လို့ တည်ဆဲဥပဒေတွေများနဲ့အညီ လုံလောက်မှု ရှိကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။”

“သို့ဖြစ်ရာ ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၃၆၄ မှာ နိုင်ငံရေးကိစ္စ အလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစား မပြုရ။ ထို့အပြင် လူမျိုးရေးကြောင့်သော်လည်းကောင်း၊ ဘာသာရေးကြောင့်သော်လည်းကောင်း၊ တဘက်နဲ့တဘက် တဂိုဏ်းနဲ့တဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း၊ တမျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် အကြောင်းရှိသော အပြုအမူသည် ဤအဖွဲ့အစည်း အခြေခံဥပဒေနဲ့ ဆန့်ကျင်သည် ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ်ပေးရန် ဥပဒေပြဌာန်းနိုင်သည်လို့ ဖော်ပြထားတဲ့အတွက်ကြောင့် ဥပဒေအသစ်တရပ် ပြဌာန်းပါက လက်ရှိ ကိုင်တွယ်ကျင့်သုံးလျက်ရှိသည့် ပြစ်မှုဆိုင်ရာ ဥပဒေ ပြစ်မှုဆိုင်ရာ ကျင့်ထုံးဥပဒေများ တည်ဆဲဥပဒေများနဲ့ လျောထွေးသွားနိုင်တဲ့အပြင် ကိုင်တွယ်ကျင့်သုံးလျက်ရှိတဲ့ ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းများနဲ့ လိုက်နာဆောင်ရွက်ရမယ့် ပြည်သူများအနေနဲ့လည်း အကြောင်းအရာ တစ်ခုတည်းပေါ်မှာ ဥပဒေရဲ့ အနှစ်သာရများ အယူအဆများ ကွဲလွဲ ရှုတ်ထွေးမှု ဖြစ်ပေါ်လာနိုင်တဲ့အတွက် ဥပဒေအသစ် ပြဋ္ဌာန်းရန် မလိုအပ်သေးပါကြောင်း ရှင်းလင်းဖြေကြားပါတယ်။”

အမရပူရ မဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်းဦးရဲ့ မေးခွန်းကို ပြည်ထဲရေး ဒုတိယဝန်ကြီး ရဲချုပ်ကျော်ကျော်ထွန်း က ဖြေဆိုခဲ့တာနဲ့ပတ်သက်ပြီး လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန် သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ်မှာ ဗွီအိုအေ မေးမြန်းခဲ့မှုကို ဒေါ်အောင်ဆန်းစုကြည် က အခုလို ဖြေကြားခဲ့ပါတယ်။

“အခုဖြစ်နေတဲ့ ပဋိပက္ခတွေကို တချို့ဟာကျတော့ အရေးပေါ်အနေနဲ့ ထိန်းချုပ်ကြတာပေါ့နော်။ ဒါပေမဲ့ ကျမကတော့ ဒီဟာဟာ အုပ်ချုပ်ရေးဘက်က တတ်နိုင်သမျှ ပထမ လုပ်ဖို့ လိုတယ်လို့ ထင်တယ်။ နောက်ပြီးတော့ အရေးပေါ် အခြေအနေကိုလည်း အထူးအစည်းအဝေးပေါ့နော် ပြည်ထောင်စုလွှတ်တော် အထူးအစည်းအဝေး ခေါ်ပြီးတော့ အဲ့ဒီဟာကို နောက်ထပ်သက်တမ်း တိုးလိုက်တယ်လေ။ အဲ့ဒီတုန်းက ကျမပြောခဲ့တဲ့ကိစ္စက ဒီလို သက်တမ်းတိုးတယ် ဆိုတာဟာ ရက် ၆၀ အတွင်းမှာ ပုံမှန်အခြေအနေ ဖြစ်သွားအောင်လို့ ဘာလုပ်ထားလဲဆိုတာ ဘာမှ တင်ပြမှုမရှိဘူး။ ကျမ ပြောရမယ်ဆိုရင် ဒီလိုဟာမျိုး ဥပဒေသစ် လို မလို ဆိုတာကို ဆုံးဖြတ်ဖို့ဆိုတာ ပွင့်လင်းမြင်သာမှု အများကြီးလိုတယ်။ အုပ်ချုပ်ရေးဘက်က ဘာတွေလုပ်နေသလဲ။ ဘာတွေ ဘယ်လိုဆောင်ရွက်ခဲ့သလဲ။ အဲ့ဒီ ဆောင်ရွက်ချက်တွေက ဘယ်လောက်ထိရောက်သလဲ။ မထိရောက်ဘူးလား။ မထိရောက်လို့ ဒီအရေးပေါ် အခြေအနေကို ဆက်ပြီးတော့ ထားတာလား။ ဒီလို မေးခွန်းတွေက ဘာမှ ဟို ကျမတို့ အဖြေမသိရဘူး။”

“အဲ့တော့ ဒီလို ဥပဒေတစ်ခု အသစ်တစ်ခု ထပ်ပြီးတော့ ထုတ်ပြန်မယ်၊ မထုတ်ပြန်ဘူး ဆိုတာ လိုအပ်သည်၊ မလိုအပ်သည်ကို သုံးသပ်ဖို့အတွက် အခြေအနေကို ပွင့်ပွင့်လင်းလင်း သိနိုင်မှ ဖြစ်မှာပေါ့။”

ဒီကနေ့ စတင်ကျင်းပတဲ့ ပထမအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန် အစည်းအဝေးရဲ့ ပထမနေ့မှာ ဆဋ္ဌမပုံမှန်နဲ့ အခု သတ္တမပုံမှန် အစည်းအဝေး ကြားကာလအတွင်း ပြည်သူ့လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်း အပါအဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ၁၆ ဦးရဲ့ ပြည်ပခရီးစဉ်နဲ့ ဆောင်ရွက်ချက်တွေကို အသိပေး တင်ပြ မှတ်တမ်းတင်ခြင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက မေးမြန်းပြီးတော့ ပြည်ထောင်စုအဆင့် အစိုးရအဖွဲ့ဝင်တွေက ဖြေကြားခြင်း တောင်သူ လယ်သမားများ အကျိုးစီးပွား မြှင့်တင်ရေး ဥပဒေကြမ်းကို ဆွေးနွေးဖို့ သင့် မသင့် အဆုံးအဖြတ်ယူခြင်း မြန်မာ့အထူး စီးပွားရေးဇုံ ဥပဒေကြမ်း ပြင်ဆင်ချက်ကို ဆွေးနွေးပြီး လွှတ်တော် အဆုံးအဖြတ် ရယူခြင်းတို့ကိုလည်း ဆောင်ရွက်ခဲ့ကြပါတယ်။
XS
SM
MD
LG