သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေတ်မီတဲ့အမေရိကန်စင်တာသစ် ရန်ကုန်မှာဆောက်မည်


Rangon American Center
Rangon American Center

မြန်မာနိုင်ငံ၊ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်တွေအပါအဝင် ဒီမိုကရေစီနဲ့လူ့အခွင့်အရေး တန်ဖိုးတွေမြှင့်တင်ဆောင်ရွက်ဖို့ အမေရိကန်စင်တာ အဆောက်အဦးသစ်ကို ၂၀၁၆ ခုနှစ်အကုန်မှာ အပြီးတည်ဆောက်မှာဖြစ်ကြောင်း ရန်ကုန်မြို့မှာ အမေရိကန်နိုင်ငံခြားရေးဌာနက ကြေညာခဲ့ပါတယ်။ ဗာဂျီနီးယားပြည်နယ် Springfield က Enviro-Management and Research Inc ကနေ တာဝန်ယူဆောက်လုပ်သွားမှာဖြစ်တယ်လို့လည်း ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ အမေရိကန်စင်တာအသစ်အနေနဲ့ ဘာတွေဆက်လုပ်သွားမလဲ။ မြန်မာနိုင်ငံအတွက်ရော ဘယ်လိုအကျိုးရှိစေမလဲ။ အကြောင်းစုံကို မအင်ကြင်းနိုင်က တင်ပြပေးထားပါတယ်။

အမေရိကန်နဲ့ မြန်မာ ပြည်သူတွေအကြားရင်းနီးနားလည်ဖို့၊ အမေရိကန်ယဉ်ကျေးမှုတန်ဖိုးတွေကို မြှင့်တင်ဖို့ စတဲ့ရည်ရွယ်ချက်တွေနဲ့ လွန်ခဲ့တဲ့ ဆယ်စုနှစ် ပေါင်းများစွာကတည်းက ရန်ကုန် အမေရိကန်စင်တာကဆောင်ရွက်ခဲ့တာပါ။ အထူးသဖြင့် အမေရိကန်စင်တာက ဖွင့်လှစ်ထားတဲ့ စာကြည်တိုက်ကနေ ပညာရှင်ပေါင်းများစွာကို ဖိတ်ခေါ်ဆွေးနွေးတာ၊ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး တန်ဖိုးတွေနဲ့ မိတ်ဆက်ပေးတာ၊ စွမ်းရည်မြှင့်တင်ရေးသင်တန်းတွေပေးတာ၊ အင်္ဂလိပ်စာသင်ခန်းစာပို့ချပေးတာ စတာတွေကိုဆောင်ရွက်ပေးနိုင်ခဲ့တယ်လို့ လည်း သတင်းထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။အခုအသစ် တည်ဆောက်မယ့် အမေရိကန်စင်တာရဲ့ လုပ်ငန်းစဉ်တွေနဲ့ပတ်သက်လို့ အမေရိကန်နိုင်ငံခြားရေးဌာန ပြောခွင့်ရအမျိုးသမီး Christine Foushee ကအခုလိုပြောပါတယ်။

“အမေရိကန်စင်တာအသစ်အနေနဲ့ လက်ရှိပေးနေတဲ့သင်တန်းတွေ၊ အစီအစဉ်တွေကို ဆက်လက်ဆောင်ရွက်သွားမှာဖြစ်သလို မြန်မာနိုင်ငံရဲ့ ပြုပြင် ပြောင်းလဲရေးလုပ်ငန်းစဉ်တွေကို အထောက်အကူဖြစ်စေမယ့် နည်းလမ်းတွေကိုလည်း ကမ်းလှမ်းသွားဖို့ ရှိပါတယ်။ မြန်မာနိုင်ငံရဲ့ အမျိုးသား ရင်ကြားစေ့ရေးနဲ့ လူထုအခြေပြု စွမ်းရည်မြှင့်တင်ရေးတွေအပါအဝင် မြန်မာ့အသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့အခန်းကဏ္ဍတွေကို ပံ့ပိုးကူညီတဲ့ အစီအစဉ်တွေကိုလည်း အမေရိကန်စင်တာအသစ်က ဦးဆောင်ပြုလုပ်သွားမှာပါ”-လို့ ပြောသွားတာပါ။

ရန်ကုန်အမေရိကန်စင်တာက အင်္ဂလိပ်စာသင်တန်းနဲ့ ဟောပြောပို့ချချက်တွေကို တက်ရောက်လေ့လာခဲ့ပြီး အခု ဝါရှင်တန်ပြည်နယ်က Oregon တက္ကသိုလ်မှာ လူထုရေးရာစီမံကိန်း ဘာသာရပ်ကိုတက်ရောက်သင်ကြားနေတဲ့ ကိုဝင်းမင်းကလည်း အမေရိကန်စင်တာနဲ့ပတ်သက်လို့ သူရဲ့အတွေ့အကြုံကို အခုလိုပြောပြပါတယ်။

“ကျနော့်အတွေ့အကြုံနဲ့ပြောရမယ်ဆိုရင်တော့ ကျနော့်ဘဝ အချိုးအကွေ့ထဲမှာပါတဲ့တခုပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်က ပြည် ဘုန်းတော်ကြီးသင် ပညာရေးကျောင်းကနေပြီး အမေရိကန်စင်တာကဖိတ်လို့ ၂၀၀၄ ခုနှစ်မှာ အင်္ဂလိပ်စာ စသင်ခဲ့တာပေါ့။ အဲလိုမျိုးစသင်ခဲ့တယ်။ အဲဒီကနေ စပြီးတော့ အင်္ဂလိပ်စာသင်တန်းလည်းတက်တယ်။ လိုင်ဗရီမှာ ဆိုလည်း ဗော်လန်တီယာတစ်ယောက်အနေနဲ့ ပထမဆုံးဗော်လန်တီယာပေါ့နော်၊ အမေရိကန်စင်တာကနေ စလုပ်ခဲ့တယ်။ အဲဒီကနေစပြီးတော့ အင်္ဂလိပ်စာသင်တန်းတွေရော၊ ဆရာဖြစ်သင်တန်းတွေရော၊ သင်တန်းတွေမှမဟုတ်ဘူး။ တခြားလူငယ်အချင်းချင်းလည်း poetry တို့၊ public speaking class တို့၊ ကျောင်းသားတွေအချင်းချင်းဖွဲ့ပြီးလုပ်တဲ့အဖွဲ့အစည်းတွေကစပြီးတော့ ပါဝင်ခဲ့တာ။”

အမေရိကန်စင်တာဟာ နအဖစစ်အစိုးရခေတ် တက္ကသိုလ်ကျောင်းတွေ နှစ်နဲ့ချီပိတ်ထားတဲ့အချိန်ကာလတုန်းကလည်း ကျောင်းသားလူငယ်တွေအတွက် ဗဟုသုတရှာဖွေဖို့ အဓိကအားထားရာနေရာတခုဖြစ်ခဲ့တယ်လို့လည်း ဗာဂျီနီးယားပြည်နယ်မှာ မြန်မာစာနည်းပြနဲ့ စာစစ်မှူးဖြစ်တဲ့ မထားထားမြင့်က သူရဲ့အတွေ့အကြုံကို အခုလိုပြောပါတယ်။

“ဟိုတချိန်တုန်းကတော့ပေါ့- ကျောင်းသားတွေ ကျောင်းတက်ချင်တဲ့ကျောင်းသားတွေ၊ သတင်းထောက်တွေ စာအုပ်တွေ၊ ဘာတွေ ရှာရတာ။ နောက်ပြီးတော့ တချို့သင်တန်းတွေပေါ့နော်၊ အဲဒါမျိုးတွေက အရမ်းခက်တယ်။ ဒါပေမယ့် အမေရိကန်စင်တာမှာ ဝင်လိုက်တဲ့အခါကျတော့ ကိုယ်လည်း ပိုက်ဆံလည်းမကုန်ဘူးပေါ့နော်၊ ပိုက်ဆံနဲ့မှာစရာမလိုဘဲနဲ့ စာကြည့်တိုက်မှာ ကိုယ်လိုချင်တဲ့ မဂဇ္ဇင်းကအစ အမျိုးစုံ နောက်ပြီးတော့ TOFEL ဆိုလည်း TOFEL အင်္ဂလိပ်စာနဲ့ပတ်သက်တဲ့စာအုပ်တွေရှိတယ်။ နောက်ပြီးတော့ သတင်းကြိုက်တဲ့သူတွေဆိုလို့ရှိရင်လည်း Times News တို့၊ Weeks တို့၊ နောက်ပြီးတော့ ဝါရှင်တန်ပို့စ်တို့ သတင်းစာတွေ အကုန်ဖတ်လို့ရတယ်။ နိုင်ငံခြားမှာကျောင်းသွားချင်တဲ့သူတွေဆိုရင်လည်း ကျောင်းတွေက ဟောပြောပွဲတွေ လာလုပ်တယ်။ လူငယ်တွေအတွက်က အကုန်လုံးကို အမေရိကန်စင်တာလာတာနဲ့ပဲ ထိတွေ့နိုင်တယ်၊ လေ့လာနိုင်တယ်။ သင်တန်းတွေရော၊ စာအုပ်တွေရောပေါ့နော်။ အတော်အကျိုးကျေးဇူး ရှိခဲ့ပါတယ်။”

အမေရိကန်စင်တာအသစ်ကို ၂၀၁၆ ခုနှစ်မှာ အပြီးတည်ဆောက်မှာဖြစ်ပြီး လက်ရှိအမေရိကန်သံရုံးနဲ့ မိုင်တဝက်အကွာအဝေးမှာ တည်ရှိမှာပါ။ ဒါ့အပြင် ခုံအရေအတွက် ၁၄၀ေ လာက်ဆန့်တဲ့ ခန်းမဆောင်အပါအဝင် ဆွေးနွေးခန်း၊ စာသင်ခန်းတွေလည်းပါဝင်မှာ ဖြစ်ပါတယ်။ စာကြည့်တိုက်မှာဆိုရင်လည်း ကွန်ပြူတာကနေ စာရွက်တွေကိုအလွယ်တကူထုတ်နိုင်တဲ့ printer တွေတပ်ဆင်ထားမှာဖြစ်ပြီး သတင်းမီဒီယာခန်းတွေလည်း ထားရှိမှာဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဌာနထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်ရှင်။

XS
SM
MD
LG