သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီရန် နျူကလီးယားဆွေးနွေးမှု မကြုံစဖူး အခြေအနေရောက်


အီရန်နျူကလီးယား အစီအစဉ်အပေါ် ကမ္ဘာ့အင်အားကြီးနိုင်ငံတွေနဲ့ အီရန်နိုင်ငံတို့ ညှိနှိုင်းဆွေးနွေးမှုဟာ အတော်လေးကို အလေးအနက်အဆင့်ကို ရောက်နေပြီး၊ တခါမှ မကြုံဖူးတဲ့ ဆွေးနွေးမှု အတိုင်းအတာအထိ ရောက်လာတယ်လို့ အမေရိကန် သမ္မတအိမ်ဖြူတော်က ပြောပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ အီရန်နိုင်ငံနဲ့ P5+1 လို့ခေါ်တဲ့ ကုလသမဂ္ဂ အမေရိကန် တရုတ်၊ ပြင်သစ်၊ အင်္ဂလန်၊ ရုရှားနဲ့ ဂျာမဏီနိုင်ငံတို့ အီရန်နျူကလီးယားအရေးကို ဆွေးနွေးခဲ့ကြပါတယ်။ ဆွေးနွေး ပွဲမှာတော့ နှစ်ဘက်စလုံးက အကောင်းမြင်တဲ့ အကဲဖြတ်ချက်တွေနဲ့ အဆုံးသတ်ခဲ့ပါတယ်။ ဒီအပေါ်မှာ အိမ်ဖြူတော် ပြောခွင့်ရသူ Jay Carney က မနေ့က မှတ်ချက်ပေး ပြောခဲ့တာပါ။

နောက်တကြိမ် ဆွေးနွေးပွဲကိုတော့ နိုဝင်ဘာလ ၇ ရက်နေ့မှာ ပြန်စလုပ်ဖို့ ရှိပါတယ်။ အခုလို ချီးကျူးပြောပေမဲ့လည်း နျူကလီးယားဆွေးနွေးပွဲမှာ ရုတ်တရက် အဖြေထွက်လာဖို့ကိုတော့ မျှော်လင့်မထားကြဖို့ သတင်းထောက်တွေကို သတိပေးပြောပါတယ်။

အနောက်နိုင်ငံတွေနဲ့ အီရန်အကြားမှာက သမိုင်းနဲ့ချီတဲ့ မယုံကြည်မှုတွေဟာ နက်နက်ရှိုင်းရှိုင်း ရှိခဲ့တယ်လို့ သူက ရည်ညွှန်းပြောပါတယ်။ နျူကလီးယား အစီအစဉ် အဆုံးသတ်ရေး အီရန်ဘက်က သီးခြားအဆိုပြုချက်တွေကို အမေရိကန်ဘက်က အကဲခတ်တွေက အသေးစိတ် လေ့လာနေကြတယ်လို့ ပြောပါတယ်။

အနောက်နိုင်ငံတွေဘက်ကတော့ အီရန်အနေနဲ့ နျူကလီးယားလက်နက် မထုတ်လုပ်ဘူးဆိုတာကို သက်သေပြနိုင်ဖို့ လိုလားနေတာပါ။ တဘက်မှာ အီရန်ဘက်ကတော့ သူ့ရဲ့ ယူရေနီယံ သန့်စင်ရေးလုပ်ငန်းတွေကြောင့် အနောက်နိုင်ငံတွေရဲ့ ပိတ်ဆို့အရေးယူမှုတွေ သက်သာရာ သက်သာကြောင်း ကြံဆနေပါတယ်။
XS
SM
MD
LG