သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်


လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်
လွှတ်တော်သစ်အတွက် နိုင်ငံရေးပါတီတွေ ပြင်ဆင်

၂၀၁၁ နှစ်ဆန်းပိုင်းမှာ ခေါ်ယူရမယ့် လွှတ်တော်သုံးရပ်အတွက် ဥပဒေမူကြမ်းတွေ တင်သွင်းနိုင်ဖို့ အနိုင်ရ နိုင်ငံရေးပါတီတွေ ကြိုတင်စဉ်းစား ပြင်ဆင်တာတွေ လုပ်နေကြပါပြီ။ သတ်မှတ်ချက်အရ ဆိုရင်တော့ လွှတ်တော်တွေကို အခု ဇန်နဝါရီနဲ့ ဖေဖော်ဝါရီ အတွင်းမှာ ခေါ်ယူရမှာ ဖြစ်ပါတယ်။ ဘယ်လို ဥပဒေကြမ်းတွေ တင်သွင်းဖို့ စဉ်းစား ပြင်ဆင်နေကြပြီလဲ ဆိုတာ ကိုသားညွန့်ဦးက အနိုင်ရပါတီ တချို့ကို ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

နိုင်ငံရေးပါတီတွေ ကိုယ်စားလှယ်တွေ အနေနဲ့ သူတို့ စည်းရုံးရေးကာလအတွင်း မဲဆန္ဒရှင်လူထုကို ကတိပြုခဲ့တဲ့အတိုင်း လွှတ်တော်အတွင်း ပြုပြင်ပြောင်းလဲရေး ကိစ္စတွေ ဆောင်ရွက်နိုင်ဖို့ ပြင်ဆင်နေပြီလို့ ပြောရမှာပါ။ မေးမြန်းကြည့်သလောက် အများစုကတော့ ၂၀၁၀ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေထက် စီးပွားရေး၊ လူမှုရေး ကိစ္စတွေကို အလေးပေး စဉ်းစားကြတာ များပါတယ်။

တကယ်တော့လည်း လွှတ်တော်သုံးရပ်လုံးမှာ အပြတ်အသတ် အများစု ရှိနေတာက စစ်အစိုးရက ဖွဲ့စည်းထားတဲ့ ကြံ့ခိုင်ရေးပါတီ ဖြစ်ပါတယ်။ တချိန်တည်းမှာပဲ ကာကွယ်ရေး ဦးစီးချုပ်က ခန့်ထားမယ့် တပ်မတော် ကိုယ်စားလှယ်တွေလည်း ရှိတယ်ဆိုတော့ လွှတ်တော်ထဲမှာ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လုပ်နိုင်ဖို့ အခုသက်တမ်း အတွင်းမှာ ခက်ခဲမယ်လို့ သူတို့က ယူဆကြပါတယ်။

NDF အမျိုးသား ဒီမိုကရေစီ အင်အားစုကတော့ လတ်တလော ဥပဒေမူကြမ်း ၁၀ ခုကို စဉ်းစားထားတယ်လို့ ပြောခွင့်ရသူလည်းဖြစ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်လည်း ဖြစ်တဲ့ ဒေါက်တာ မြတ်ဉာဏစိုးက ပြောပါတယ်။

“စီးပွားရေးနဲ့ဆိုင်တဲ့ အကြောင်းအရာ ပါပါတယ်။ နောက် General ပဲ ကျနော် ပြောလို့ရပါမယ်။ ကျန်းမာရေး၊ ပညာရေး၊ နောက်ဆုံး Environment အထိ ပါပါတယ်။ လွတ်ငြိမ်းချမ်းသာခွင့် ရရေး၊ ပြီးတော့ ပြည်ပကို အကြောင်းအမျိုးမျိုးနဲ့ ရောက်နေတဲ့ Citizen တွေ မြန်မာနိုင်ငံကို ပြန်လာဖို့ စီစဉ်ပေးဖို့ ဒါလေးတွေလည်း ပါပါတယ်။”

စီးပွားရေးနဲ့ ပတ်သက်လို့ ပြောတဲ့နေရာမှာ အနောက်နိုင်ငံတွေက လုပ်တဲ့ Sanction ကိစ္စနဲ့ ပတ်သက်လို့ရော ပါလားခင်ဗျ။

“ဟုတ်ကဲ့၊ အဲဒါလည်း ပါပါတယ်ခင်ဗျ။ ကျနော်တို့က Sanction ကို ပြန်ပြီးတော့ စဉ်းစားပေးဖို့၊ ဒီ Sanction ဟာ ဘယ်သူတွေ အပေါ်မှာ အဓိက သက်ရောက်မှု ရှိသလဲ၊ ပြည်သူတွေအပေါ်မှာ ထိခိုက်နေတဲ့ အခါကြတော့ ဒီဟာလေးတွေကို ပြန်ပြီး သုံးသပ်ပေးဖို့၊ ဒီ Sanction တွေ ပြန်ရုပ်ပေးဖို့၊ ဒါလည်း ပါပါတယ်ခင်ဗျ။”

ပြီးခဲ့တဲ့ ရွေးကောက်ပွဲ အတွင်းမှာ ဒုတိယ အများဆုံး အနိုင်ရပါတီကတော့ SNDP ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဖြစ်ပါတယ်။ SNDP ပါတီဟာ မကြာခင်ကပဲ ပါတီညီလာခံ ခေါ်ယူခဲ့ပြီး ဥပဒေမူကြမ်း တင်သွင်းနိုင်ရေးအတွက် ကိုယ်စားလှယ်တွေဟာ ဥပဒေကြောင်း ဆိုင်ရာတွေကို လေ့လာနေကြတုန်းပါ။ ဒါပေမဲ့ သူတို့စဉ်းစားချက်မှာတော့ စီးပွားရေး ကိစ္စရပ်တွေကို အလေးပေးမယ်လို့ SNDP ရဲ့ ဥက္ကဋ္ဌ စိုင်းအိုက်ပေါင်းက ပြောပါတယ်။

“ကျနော်တို့ လွှတ်တော် ကိုယ်စားလှယ်တွေ ဥပဒေနဲ့ ပတ်သက်ပြီး သင်တန်းတက်ဖို့ ရှိနေတယ်ဗျ။ အခြေခံဥပဒေဆိုင်ရာ သင်တန်းပေါ့ဗျာ။ ဥပဒေ ကျွမ်းကျင်တဲ့ ပညာရှင်တွေက လာပေးမှာပေါ့။ ဥပဒေသင်တန်း တက်ပြီးရင်တော့ ကျနော်တို့ ပိုပြီးတော့ အမြင်ကျယ်လာမှာပေါ့။ အမြင်ကျယ်လာပြီး ဘယ်ဥပဒေတွေက ပြင်ဆင်သင့်သလဲ၊ ဘယ်ဥပဒေတွေက ဖြည့်စွက်သင့်သလဲ၊ ဘယ်ဥပဒေတွေက ပယ်ဖျက်ဖို့ သင့်သလဲဆိုတာ သိလာပြီဆိုရင် အဆိုတင်သွင်းလို့ ရတာပေါ့။”

အန်ကယ်တို့ ဘယ်လိုကိစ္စမျိုးတွေကို စဉ်းစားလဲ၊ ဥပမာ နိုင်ငံရေး ကိစ္စပဲလား၊ ပညာရေး၊ စီးပွားရေး၊ တခြားဟာ ဘယ်ဟာ ဦးစားပေးပြီး စဉ်းစားလဲဗျ။ အကယ်၍ လွှတ်တော်ထဲရောက်ရင် ဥပဒေ ပြင်ဆင်ချက်တွေ၊ ဥပဒေပြုရေး ကိစ္စတွေ လုပ်လာရင်။

“အဓိကတော့ စီးပွားရေးပေါ့၊ စီးပွားရေး ပြေလည်တယ်ဆိုရင် ကျနော်တို့ ပြည်ထောင်စု မြန်မာနိုင်ငံသား အားလုံးက စီးပွားရေး ဝင်ငွေက တဆကနေ နှစ်ဆ တက်လာရင် အားလုံးက ပညာရေးရော၊ လူမှုရေးရော အကုန်လုံး တိုးတက်သွားမှာပဲလေ။”

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီကတော့ မြေယာဥပဒေ ပြင်ဆင်ရေး ဥပဒေကြမ်း တင်သွင်းဖို့ လေ့လာ ပြင်ဆင်နေတယ်လို့ ဥက္ကဋ္ဌဖြစ်သူ ဦးအေးမောင်က ပြောပါတယ်။

“လောလောဆယ်တော့ ကျနော်တို့ မြေယာနဲ့ ပတ်သက်တဲ့ ကိစ္စကို လေ့လာနေကြပါတယ်။ မြေယာ ပိုင်ဆိုင်မှုနဲ့ ပတ်သက်လို့လေ။ အင်္ဂလိပ်ခေတ်ကတည်းက ရှိခဲ့တဲ့ ဥပဒေတွေ ရှိမယ်၊ နောက် ပြည်ထောင်စု အစိုးရ လက်ထက်က ဥပဒေတွေလေ။ နောက် လယ်ယာမြေ နိုင်ငံပိုင်ဆိုတဲ့ ဥစ္စာတွေလေ။ အဲဒါကို လယ်ယာမြေနဲ့ ပတ်သက်လို့ လယ်သမားတွေ အကုန်လုံးဟာ ရောင်းချ၊ ပေါင်နှံနိုင်တဲ့အထိ မြေယာပိုင်ဆိုင်မှုနဲ့ ပတ်သက်တဲ့ ဥပဒေတွေကိုတော့ ကျနော်တို့ လေ့လာနေကြပါတယ်။ အဲဒါကိုတော့ လွှတ်တော်ထဲမှာ အဓိက ဦးစားပေး ပထမအဆင့် အနေနဲ့ ဆွေးနွေးဖို့ ရှိပါတယ်။”

လွှတ်တော်ထဲမှာ အဓိက အင်အားကြီးပါတီ ဖြစ်လာမယ့် ကြံ့ခိုင်ရေး ပါတီဘက်ကတော့ ကိုယ်စားလှယ်တွေကို အခုလလယ်ပိုင်းက နေပြည်တော်မှာ ခေါ်ယူတွေ့ဆုံခဲ့ပါတယ်။ ဒါပေမဲ့ ဥပဒေမူကြမ်း တင်သွင်းရေး ကိစ္စတွေ ဆွေးနွေးတယ်လို့ မကြားရပါဘူး။

စစ်အစိုးရနဲ့ မပတ်သက်တဲ့ သီးခြား အခုလို နိုင်ငံရေးပါတီတွေ အနေနဲ့ ပြုပြင်ပြောင်းလဲရေးဆိုင်ရာ ဥပဒေမူကြမ်းတွေ တင်သွင်းဖို့အတွက် ပြင်ဆင်နေကြပေမဲ့ တပါတီချင်းဟာ လွှတ်တော်အတွင်း ခိုင်ခိုင်မာမာ အရေအတွက် မရှိတာကြောင့် သူတို့တင်သွင်းမယ့် ဥပဒေမူကြမ်းအတွက် အနည်းဆုံးတော့ မဟာမိတ်ပါတီတွေ၊ ကိုယ်စားလှယ်တွေ ရှိဖို့လိုပါတယ်။ အတည်ပြုနိုင်ဖို့ ဆိုရင်တော့ အင်အားကြီး ကြံ့ခိုင်ရေးပါတီ ဒါမှမဟုတ် တပ်မတော် ကိုယ်စားလှယ်တွေရဲ့ မဲကိုလည်း ထည့်တွက်ရမယ့် အနေအထားမှာ ရှိတယ်လို့ ကိုယ်စားလှယ်တွေက ယူဆထားကြပါတယ်။

XS
SM
MD
LG