သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတလွှားက မြန်မာတို့ရဲ့ နှစ်သစ်ကူးဆုတောင်း


ဖင်လန်နိုင်ငံက နှစ်သစ်ကူးည
ဖင်လန်နိုင်ငံက နှစ်သစ်ကူးည

New Year နှစ်သစ်ကူးပွဲတော်ကာလမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်မယ်လို့ ခြိမ်းခြောက် ခံထားရတာကြောင့် ကမ္ဘာ့နိုင်ငံကြီးတွေမှာ လုံခြုံရေး တင်းကြပ်ထားတဲ့ ကြားကပဲ Happy New Year ညကို ဆင်နွှဲခဲ့ကြပါတယ်။ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဂျပန်နဲ့ အမေရိကန်ပြည် ထောင်စုက မြန်မာတွေ နှစ်သစ်ကူးပွဲကို ဘယ်လိုဖြတ် သန်းပြီး ၊ မိခင် မြန်မာပြည်အတွက် ဘာတွေ ဆုတောင်းပေးကြသလဲ ဆိုတာကိုတော့ ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

ဂျာမနီနိုင်ငံမှာ ပြီးခဲ့တဲ့ရက်ပိုင်း ခရစ္စမတ်ပွဲတော်အတွင်း လူသေဆုံးစေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပွားခဲ့တာကြောင့် ဒီဇင်ဘာ ၃၁ ရက်ည New Year နှစ်သစ်ကူးပွဲတော်ကာလ၊ အထူးသဖြင့် မြို့တော်ဘာလင်မှာ လုံခြုံရေးအထူး တင်းကြပ်ထားပါတယ်။ ဦးသန်းစိုးဟာ ဂျာမနီနိုင်ငံ Frankfurt မြို့မှာနေထိုင်သူဖြစ်ပြီး New Year ကိုဘယ်လိုဖြစ်သန်းခဲ့သလဲဆိုတာနဲ့ ပတ်သက်လို့ ပြောလာပါတယ်။

“ ဂျာမနီမြို့တော် ဘာလင်မှာ လုံခြုံရေးတိုးချထားပါတယ်။ ကားကြီးတွေ မောင်းလို့ မရဘူး ကွန်ကရစ်အတုံးကြီးတွေ ချထားတယ်။ ကျနော် အခုနေတာကတော့ Frankfurt မြို့ပေါ့လေ၊ ဒီမှာလည်း အခါတိုင်းလို ကမ်းနားကို သွားချင်တိုင်း သွားလို့ မရဘူးပေါ့။ လမ်းတွေပိတ်ပြီး တလမ်းလောက်ပဲ ဖွင့်ထားပေးတယ် .. လုံခြုံရေး အရပေါ့။ ဒီမြစ်ကမ်းမှာရှိတဲ့ တံတားတွေပေါ်မှာလည်း အခါတိုင်းဆို မီးရှုးမီးပန်း ဖေါက်ကြပေမယ့် ဒီနှစ်တော့ တံတားတွေပေါ်မှာ ပေးမဖေါက်တော့ဘူး။ အရင်ထက်စာရင် လုံခြုံရေးတင်းကြပ်ထားတယ်။ ကြိုတင်ကာကွယ်တဲ့ သဘောပေါ့ ”

အကြမ်းဖက်တိုက်ခိုက်လာနိုင်တဲ့ အန္တရာယ်တွေကြောင့်ပြင်သစ်နိုင်ငံမှာလဲ လုံခြုံရေး တင်းကြပ်ထားပါတယ်။ ဦးအောင်ကိုးဟာ ၁၉၉၅ ခုနှစ် က ရိုက်ကူးတဲ့ Beyond Rangoon မြန်မာပြည်ဇာတ်ကားထဲက မင်းသားကြီးပဲ ဖြစ်ပါတယ်။

“ ပြင်သစ်သမ္မတ ဖရွမ်ဆွာအော်လန်းကလည်း နှစ်ကူးနှုတ်ဆက်စကား ပြော ပြီးတော့ ပြင်သစ်ပြည်လုံခြုံရေးကို သူက အထူးဂရုစိုက်ပြီးတော့ စစ်တပ်ရော၊ ရဲရော သိန်းနဲ့ချီပြီး နှစ်သစ်ကူးညအတွက် ချထားတယ်။ ကျနော်တို့ ဗမာပြည်အတွက် အထူးသဖြင့် ဆုတောင်းချင်တာကတော့ အားလုံး အဆင်ပြေဖို့ပါပဲ၊ တိုင်းပြည်နဲ့လူမျိုး ချမ်းချမ်းသာသာနဲ့ တိုးတက်ပြီးတော့ ဈေးနှုန်းတွေကျ ၊ လမ်းပန်းဆက်သွယ်ရေးတွေ ကောင်းမွန် ပြီးတော့ နေထိုင်ရပါစေလို့ ဆုတောင်းပါတယ်ဗျာ ”

ဥရောပနိုင်ငံကြီးတခုဖြစ်တဲ့ ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာနေထိုင်တဲ့ မြန်မာ့အရေး လှုပ်ရှားသူ ဒေါက်တာဝင်းနိုင်ကလည်း လန်ဒန်မြို့က နှစ်သစ်ကူးည အခြေအနေနဲ့ သူ့ရဲ့ မြန်မာပြည်ဆုတောင်းကို ပြောပြပါတယ်။

“ လုံခြုံရေးနဲ့ ပတ်သက်လို့ကတော့ အခုဟာက IS ကတကမ္ဘာလုံး ခြိမ်းခြောက်နေ တယ်ဆိုတော့ ကျနော်တို့ဒီ U.K မှာဆိုလို့ ရှိရင်လည်း အထူးရဲတွေ ချထားတယ်။ အထူးကို စောင့်ကြပ်ပြီးတော့ လုံခြုံရေးကို အထူးကြပ်မတ် စောင့်ကြည့်နေတယ်။ သတင်းစာကလည်း ကြေညာ ထားတယ် .. သတိထားကြပါပေ့ါ၊ မသင်္ကာတာတွေ့ ရင် အမြန်သတင်းပို့ဖို့။ နောက် နေရာတကာမှာလည်း Security ကင်မရာတွေ နဲ့ စောင့်ကြည့်ပြီး အထူးကြပ်မတ်ပေးနေ တယ်ပေါ့လေ။ ထို့အတူ မြန်မာပြည် မှာလည်း အဲလိုပဲပေါ့ပေါ့နော် .. ငြိမ်းချမ်းရေး ရှိမှပဲ ပြည်ထောင်စုဟာ သာယာဝပြော လာမယ် ဆိုတော့ ပညာရေးတို့ စီးပွားရေး လူမှုကိစ္စ အရပ်ရပ်ကို လုပ်နိုင်မှာဆိုတော့ ငြိမ်းချမ်းရေးကို နံပါတ် ၁ ဦးစားပေး လုပ်ရမှာပဲ။ ငြိမ်းချမ်းရေးဆိုတာက တပ်မတော် ကလည်း ပါဝင်ရမယ် တိုင်းရင်းသားရော အစိုးရရော ပါဝင်ရမယ်၊ ပြည်သူပြည် သားတွေလည်း ပါဝင်ရမယ်။ အဲလိုအားလုံး လေးဦးလေးဖက် လုပ်ခြင်းအားဖြင့် ငြိမ်းချမ်းရေးဟာ ၂၀၁၇ ခုနှစ်အတွင်းမှာ ရနိုင်မယ်လို့ ယူဆတယ် ”

အာရှနိုင်ငံကြီးတခုဖြစ်တဲ့ ဂျပန်နိုင်ငံမှာလည်း လုံခြုံရေးတင်းကြပ်ထားတဲ့ကြား ကပဲ မြန်မာတွေ New Year ညဖြတ်သန်းကြပုံကို တိုကျိုမြို့မှာနေတဲ့ ဦးသန်းဆွေ က ပြောပြပါတယ်။

“ ဂျပန်ရောက်နေတဲ့ မြန်မာတွေကတော့ ထုံးစံအတိုင်းပေါ့လေ၊ ဒီ Shibuya ရှီဘူယာ-ဘူတာမှာရှိတဲ့ Count down တွေမှာ သွားပြီးတော့ နှစ်သစ်ကူးကို ကြိုဆို ကြတာပေါ့ နိုင်ငံခြားသားတွေ အတော်များများကလည်း အဲ့ဒီမှာ စုကြတာပေါ့။ လုံခြုံရေးနဲ့ ပတ်သက်ပြီး ခြိမ်းခြောက်မှုတွေ ရှိနေသော်ငြားလည်း .. ဂျပန်မှာလည်း လုံခြုံရေးတွေ အတော်ကိုချထားတယ်။ ဒါပေမယ့် လူထုအများစုကတော့ ဒီ New Year ပါတီမှာ ပါဝင်ဆင်နွှဲ တာကိုတွေ့ရပါတယ်။ ကျနော်တို့နိုင်ငံမှာကတော့ လက်ရှိ မြန်မာနိုင်ငံ ကြုံတွေ့နေရတဲ့ ပြည်တွင်းစစ် ရပ်စဲရေးကိစ္စနဲ့ ပတ်သက် ပြီးတော့ ငြိမ်းချမ်းရေး အမြန်ဆုံးရရှိပါစေ… မြန်မာနိုင်ငံမှာ စီးပွားရေး ပြန်လည်ဖွံ့ဖြိုး လာရေးပေါ့ လာမယ့် ၂၀၁၇ ခုနှစ်မှာ ရရှိပါစေလို့ ကျနော်တို့အားလုံး ဆန္ဒပြု ကြပါတယ် ”

အမေရိကန်ပြည်ထောင်စုမှာ နောက်ထပ် နာရီပိုင်းအတွင်း New Year နှစ်သစ်ကူး အချိန် ကျရောက်တော့မှာ ဖြစ်ပါတယ်။ နယူးယောက်မြို့မှာ နေထိုင်တဲ့ ဦးကျော်စိုးပြောပြတာက -

“ ကျနော်တို့ နယူးယောက်မှာကတော့ Security ကအပြည့်ချထား တာပေ့ါလေ၊ ဒါပေမယ့် ကျနော်တို့ နယူးယောက် မြို့သူမြို့သားတွေနဲ့ ကျနော်တို့ကတော့ မိသားစု သူငယ်ချင်းတွေနဲ့ ကိုယ်ဟာကိုယ်ပဲ New Year ပွဲကို ကျင်းပကြမယ်လေ။ နယူးယောက် အဲဒီ Time Square မှာ (နှစ်သစ်ကူးအတွက် အထူး) Crystal Ball ကြီး ကျလာတာကို အိမ်ကနေပြီးတော့ TV ကကြည့်မယ်၊ ပါတီလုပ်ပြီးတော့ ကြည့်ကြမယ်။ အခုချိန်ဆိုလို့ရှိရင် Manhattan မြို့ထဲ Time Square နေရာကို ကားမောင်းလို့ မရတော့ဘူး၊ ကားလမ်းတွေ အကုန်ပိတ်နေပြီးတော့ လုံခြုံရေးအရ စစ်ဆေးနေတယ်။ New Year ပျော်ပွဲရွှင်ပွဲ လုပ်မယ့်လူတွေကလည်း အဲဒီမြို့ထဲမှာ သွားပြီးတော့ နေရာယူနေ ကြပါပြီ။ အဲဒီမှာ တီးဝိုင်းတွေ အမျိုးမျိုးနဲ့ အဆိုတော်တွေ ကလည်း သီချင်းသစ်တွေ သီချင်းဟောင်းတွေနဲ့ ဖျော်ဖြေကြမှာပေါ့နော့ ”

အမေရိကန်အရှေ့ဖက်ခြမ်း မေရီလန်းပြည်နယ်မှာ နေထိုင်သူ ဦးရင်ထွေး ကတော့ မြန်မာပြည်သူ ပြည်သားတွေအတွက် နှစ်သစ်ကူးကာလ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

“ ကျနော်တို့ကျတော့လည်း မိသားစု မောင်နှမတွေများတော့ သူငယ်ချင်း အိမ်တအိမ် မှာ ဗမာစာတွေ ချက်စားကြမယ်။ စကားလေးဘာလေး ဝိုင်းဖွဲ့ပြောပြီးတော့ Happy New Year ကိုကြိုမယ်။ အဲဒီလို ကျနော်တို့ နှစ်သစ်ကိုကြိုတဲ့ အချိန်မှာပဲ မြန်မာပြည် မှာရှိတဲ့ ပြည်သူပြည်သားတွေ ငြိမ်းချမ်းရေးတွေ ရရှိပါစေ၊ တိုင်းရင်းသားတွေနဲ့ ဖြစ်နေတဲ့ တိုက်ပွဲတွေ အားလုံးရပ်စေချင်ပါတယ်။ ၂၀၁၇ မှာအားလုံး ငြိမ်းငြိမ်း ချမ်းချမ်းနဲ့ အေးအေးချမ်းချမ်း ကမ္ဘာတဝှမ်း သာယာဝပြောပါစေဆိုတဲ့ ဆုမွန်ကောင်း ကို တောင်းဆိုလိုက် ပါတယ်ခင်ဗျ”

ကမ္ဘာတလွှားက မြန်မာနိုင်ငံသားတွေနဲ့အတူ မြန်မာပြည်မှာ ငြိမ်းချမ်းရေး ရစေကြောင်း VOA မြန်မာပိုင်းကလည်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG