သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

New Zealand သေနတ်သမားကို လူသတ်မှုနဲ့ စွဲချက်တင်ရုံးထုတ်


Brenton Tarrant ပုံ (မတ်၊ ၁၆၊ ၂၀၁၉)
Brenton Tarrant ပုံ (မတ်၊ ၁၆၊ ၂၀၁၉)

နယူးဇီလန်နိုင်ငံ Christchurch မြို့က မူဆလင်ဗလီ ၂ ခုမှာ လူ ၄၉ ယောက် သေဆုံးခဲ့တဲ့ အစုလိုက်အပြုံလိုက် ပစ်ခတ်မှုမှာ အဓိက တရားခံဖြစ်သူကို ဒီကနေ့ပဲ ရုံးထုတ်ခဲ့ပါတယ်။

လူဖြူ အမျိုးသားရေးဝါဒီအဖြစ် သူ့ကိုယ်သူ ကြေညာထားတဲ့ အသက် ၂၈ နှစ်အရွယ် သြစတြေးလျ နိုင်ငံသား Brenton Tarrant ကို လက်နက်ကိုင် အစောင့် ၂ ယောက်က ခြံရံပြီး ရုံးထုတ်ခဲ့တဲ့ Christchurch တရားခွင်မှာတော့ တရားသူကြီးက လူသတ်မှုစွဲချက်ကို ဖတ်ပြခဲ့ပါတယ်။

လတ်တလော အမှုတမှုနဲ့သာ စွဲချက်တင်ထားပေမဲ့ တခြားအမှုတွေနဲ့လည်း စွဲချက်တင်ကောင်း တင်နိုင်ကြောင်းလည်း သံသယရှိသူကို တရားခွင်ကနေ ပြန်ခေါ်သွားပြီးနောက်မှာပဲ တရားသူကြီးက ပြောဆိုခဲ့တာပါ။

ပူးပေါင်းကြံစည်သူတွေအဖြစ် မသင်္ကာသူ ၂ ယောက်ကိုလည်း ဖမ်းဆီးထားပြီး၊ ပတ်သက်မှုရှိ-မရှိနဲ့ ပတ်သက်မှု အတိုင်းအတာတွေကို သိနိုင်ဖို့ ရဲတွေက စုံစမ်းစစ်ဆေးနေပါတယ်။ ဝန်ကြီးချုပ် Jacinda Ardern ကတော့ နောက်ထပ်တိုက်ခိုက်မှုတွေ ကျုးလွန်ဖို့ရှိနေချိန်မှာပဲ သေနတ်သမားကို အချိန်မီ ဖမ်းဆီးမိခဲ့တာ ဖြစ်ကြောင်းလည်း ဒီနေ့မနက် သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့တာပါ။

ကြီးမားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုကြီးအဖြစ်နဲ့လည်း ဝန်ကြီးချုပ်က ပြောဆိုလိုက်ပြီး၊ သေနတ်ကိုင်ဆောင်ခွင့် ဥပဒေကို ပြင်ဆင်မယ်လို့လည်း ပြောဆိုလိုက်ပါတယ်။ သေနတ်သမားမှာ semi-automatic သေနတ် ၂ လက်အပါအဝင် သေနတ် ၅ လက် ရှိနေပြီး၊ အားလုံးကို တရားဝင် ဝယ်ယူထားတာ ဖြစ်ကြောင်းလည်း ဝန်ကြီးချုပ်က ပြောပါတယ်။

သေနတ်သမားနဲ့ ပူးပေါင်းကြံစည်သူအဖြစ် မသင်္ကာသူတွေ အားလုံးဟာ နယူးဇီလန်နဲ့ သြစတြေးလျ နိုင်ငံတွေက အကြမ်းဖက်ဝါဒီတွေအဖြစ် စောင့်ကြည့်ခံ စာရင်းမှာ စာရင်းသွင်းခံထားရသူတွေ မဟုတ်ကြောင်းလည်း ပြောဆိုခဲ့တာပါ။ သြစတြေးလျ ဝန်ကြီးချုပ် Scott Morrison ကတော့ သံသယရှိသူ သေနတ်သမားဟာ လက်ယာစွန်း အကြမ်းဖက်ဝါဒီအဖြစ် ရည်ညွှန်းပြောဆိုခဲ့ပါတယ်။

မနေ့တုန်းက လူပေါင်း ရာနဲ့ချီဝတ်ပြုဖို့ ဗလီတွေမှာ ရောက်နေစဉ်မှာ ဖြစ်ပွားခဲ့တဲ့ တိုက်ခိုက်မှုကိုတော့ သေနတ်သမားက Facebook လူမှုကွန်ရက်မှာ တိုက်ရိုက်ပြသခဲ့တာပါ။ မူဆလင်တွေကို ရှုတ်ချထားပြီး၊ ရွှေ့ပြောင်းအခြေချသူတွေကို ကျုးကျော်သူအဖြစ် ဖော်ပြထားတဲ့ စာမျက်နှာ ၇၄ မျက်နှာ ပါဝင်တဲ့ လူဖြူ အမျိုးသားရေးဝါဒ ကြေညာချက်ကိုလည်း Facebook မှာပဲ ဖော်ပြခဲ့ပါတယ်။

New Zealand သေနတ်သမားကို လူသတ်မှုနဲ့ စွဲချက်တင်ရုံးထုတ်
please wait

No media source currently available

0:00 0:01:39 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG