သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယူးဒေလီဟိုတယ် မီးလောင်မှုကြောင့် ဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအမျိုးသမီး ၂ ဦး သေဆုံး


၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၄ နာရီမိနစ် ၃၀ ခန့်တွင် မီးလောင်မှု စြဖ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel
၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၄ နာရီမိနစ် ၃၀ ခန့်တွင် မီးလောင်မှု စြဖ်ပွားခဲ့တဲ့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel

၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်နေ့၊ ဒေသစံတော်ချိန် နံနက် ၄ နာရီမိနစ် ၃၀ ခန့်တွင် အိန္ဒိယနိုင်ငံ နယူးဒေလီမြို့၊ Karol Bargh အရပ်ရှိ Arpit Hotel မှာ မီးလောင်မှု ဖြစ်ပွားခဲ့ရာမှာ အဲဒီ ဟိုတယ်မှာ တည်းခိုနေတဲ့ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့ ဝင် (၇) ဦးထဲက (၂) ဦး သေဆုံးခဲ့ပြီး (၁) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

နယူးဒေလီရှိ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်အရ သေဆုံးသူ (၂) ဦးဟာ တိုက်ကြီးမြို့က အသက် (၆၆)နှစ်အရွယ် ဒေါ်လှမေနဲ့ အသက် (၄၄)နှစ်အရွယ် ဒေါ်မြမြထွေး တို့ဖြစ်တယ်လို့ သိရပါတယ်။ ဒဏ်ရာရရှိသူ မြန်မာအမျိုးသမီး တဦးကိုတော့ Lady Hardinge ဆေးရုံမှာ တင်ထားတယ်လို့ သိရပါတယ်။

မီးလောင်မှုနဲ့ပတ်သက်လို့ အကြောင်းစုံကို သိရဖို့ Kolkata မြို့ ဘောဓိဂါရ ပရဟိတ မြန်မာကျောင်းတိုက်ဆရာတော် ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ ကို ဒေါ်လှလှသန်းက ဆက်သွယ်မေးမြန်းရာမှာ ဆရာတော်က စတင်မိန့်ကြားပါတယ်။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ နယူးဒေလီဟိုတယ်မှာ ၁၂ ရက်နေ့မနက် လောက်က စပြီးတော့ မီးလောင်မှု စတင်ခဲ့တယ်။ မြန်မာနိုင်ငံက ဘုရားဖူးအဖွဲ့တွေလည်း အဲဒီဟိုတယ်မှာ တည်းနေတာဖြစ်တယ်။ မီးလောင်မှုဖြစ်ပွားတဲ့အချိန်မှာ ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့က ဘုရားဖူး ၇ ဦး ၊ ဓါတ်ပုံ ဗွီဒီယိုတွေရိုက်ပေးတဲ့ အိန္ဒိယနိုင်ငံက ကောင်လေး စုစုပေါင်း ၈ ဦး အဲဒီမှာ တည်းခိုတာဖြစ်ပါတယ်။ အဲဒီအထဲက မြန်မာ ၂ ဦးသေဆုံးတယ်။ နောက်တဦးက တိုက်ပေါ်က ခုန်ချတော့ သူကတော့ အဲဒီမှာ ခြေထောက် ၂ ဖက်လုံးကျိုးသွားပြီးတော့ ခါးလည်း ဒဏ်ရာရတယ် ဒါကြောင့်သူကတော့ ဆေးရုံရောက်နေပါတယ်။ နောက် အိန္ဒိယနိုင်ငံသား ဂိုက်ကောင်လေးကတော့ မီးလောင်ပြီးတော့ဆုံးသွားတယ်။

ဒေါ်လှလှသန်း။။ တင်ပါ့ဘုရား ။ သေဆုံးသွားတဲ့ အမျိုးသမီး ၂ ယောက်အမည်တွေက ဘယ်သူတွေပါလဲ အရှင်ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ ။ ။ သူတို့နာမည်တွေကိုမမှတ်မိဘူး။ passport နံပတ်နဲ့ အမည်တွေကို ထုတ်ပြန်ထားတာရှိပါတယ်။

ဒေါ်လှလှသန်း။ ။ အခုလို Arpit Hotel မှာ မီးလောင်ရတဲ့အကြောင်းက ဘာပါလဲ ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ မီးလောင်ရတဲ့အကြောင်းက အခု စုံစမ်းနေတယ် အထူးသဖြင့် မီးလောင်ရတဲ့အကြောင်းက အီလက်ထရစ် ရှော့ဖြစ်တာလို့ပြောပါတယ်။

ဒေါ်လှလှသန်း။။ တင်ပါ့ဘုရား ။ Arpit Hotel မှာ မြန်မာနိုင်ငံက ဗုဒ္ဓဂါယာ ကို ဘုရားဖူးလာတဲ့သူတွေ အတော်များများတည်းလေ့ရှိပါသလား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ ဟုတ်တယ် အဲဒီမှာ မြန်မာနိုင်ငံက ဘုရားဖူးလာတဲ့ တခြားဘုရားဖူးအဖွဲ့တွေလည်း တည်းခိုကြတယ်။ နောက် ၁၂ ရက်နေ့မှာလည်း အပြည်ပြည်ဆိုင်ရာဘုရားဖူးအဖွဲ့ အဲဒါကလည်း လူ ၃၀ ကျော် တည်းဖို့အတွက် Booking လုပ်ထားတာရှိတယ်။ကံဆိုးတာက ရွှေမီဗုဒ္ဓဂါယာ မြန်မာဘုရားဖူးအဖွဲ့ဟာ မနက် ၅ နာရီဆိုရင် အဲဒီကနေ စတင်ပြီးတော့ ထွက်မယ် ။ အခင်းဖြစ်တာက ဘယ်အချိန်လဲဆိုတော့ ၄ နာရီ ခွဲမှာ စတင်ဖြစ်တယ်။ အဲဒီတော့ နာရီဝက်လောက်ခန့်မှာ သူတို့ထွက်တော့မှာ သူတို့မထွက်မီလောက်မှာ စတင်ဖြစ်ပွားတာဖြစ်ပါတယ်။

ဒေါ်လှလှသန်း။ ။ တင်ပါ့ဘုရား ။ အခု ကွယ်လွန်ခဲ့တဲ့ ၂ ယောက်က ပိတ်မိနေလို့ပါလား အရှင်ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ သူတို့က အသက်ရှုမွန်းကျပ်ပြီးတော့ ဆုံးတာဖြစ်ပါတယ် ပိတ်မိနေတဲ့အတွက် မီးလောင်မှုဖြစ်တာကတော့ ၂ လွှာမှာ ဖြစ်တာပါ။ သူတို့ကတော့ ၂ လွှာမှာရှိနေတာလား၊ ၃ လွှာမှာရှိနေတာလားဆိုတာကတော့ မသိရပါဘူး။ ဆိုတော့ ခုန်ချတဲ့တယောက်ကတော့ ကြောက်လန့်ပြီးတော့ ခုန်ချတာဖြစ်ပါတယ်။

ဒေါ်လှလှသန်း။ ။ အရှင်ဘုရားပြောတော့ သူတို့ကတော့ ၂ လွှာမှာရှိနေတာလား၊ ၃ လွှာမှာရှိနေတာလားမသိဘူးဆိုတော့ ဟိုတယ်က ဘယ်လောက်မြင့်ပါသလဲ အရှင်ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ ဟိုတယ်က ၅ လွှာရှိတယ်။ အဲဒီမှာ မီးသတ်အဖွဲ့တွေ ရောက်လာတဲ့အချိန်မှာ ချက်ချင်းမရောက်လာဘူး နည်းနည်းနောက်ကျတယ် နောက်တခါ အဲဒီနေရာက လူရှုပ်တယ် လမ်းတွေကျဉ်းတယ် ၊ လမ်းကဒီလောက် မပိတ်ဘူး ဒါပေမယ့် လမ်းကို ကျဉ်းတယ် ၊အဆောက်အဦးတွေ တအားများတဲ့နေရာဖြစ်တယ်။ အဲဒီတော့ ၇ ခွဲလောက်မှ မီးသတ်နိုင်တာဖြစ်တယ်။ စုစုပေါင်းလူ ၁၇ ဦးအသက်ဆုံးရှုံးတယ်လို့ သိရပါတယ်။ အထူးသဖြင့် မြန်မာတွေ တည်းခိုနေတဲ့အချိန်ဖြစ်တယ်။ အခင်းဖြစ်တဲ့အချိန်မှာ ဟိုတယ်မှာ လူပေါင်း ၆၀ ကျော် တည်းခိုနေပါတယ်။

ဒေါ်လှလှသန်း။ ။ သက်ဆိုင်ရာ မြန်မာသံရုံးကရော အကူအညီပေးတာတွေ ရှိပါသလားအရှင်ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ မြန်မာသံရုံးကတော့ ထုတ်ပြန်ထားတယ်။ နောက်ဆေးရုံကိုရောက်နေတဲ့ ခုန်ချတဲ့တယောက် ဘုရားဖူးတာဝန်ခံပေါ့ သူ့ကိုလည်း သွားရောက်ပြီးတော့ လိုအပ်တဲ့အကူအညီတွေကို ပေးတယ်။ နောက်ကျန်တဲ့လူတွေကိုလည်း တခြားဟိုတယ်ကို ပြောင်းပြီးတော့ ထားပေးတယ် စသည်အားဖြင့် မြန်မာသံရုံးကတော့ တာဝန်ရှိသူတွေအားလုံး ဝိုင်းဝန်းကူညီပေးနေကြပါတယ်။

ဒေါ်လှလှသန်း။ တင်ပါ့ဘုရား ။ ဒီ အခုသေဆုံးခဲ့တဲ့ အသက် ၆၆ နှစ်အရွယ် နောက် ၄၄ အရွယ် သူတို့၂ဦး ဈာပနအခမ်းအနားနဲ့ ပတ်သက်ပြီးတော့ လုပ်ထားတာ ရှိပါသလား အရှင်ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ အစီအစဉ်ကတော့ ၁၃ ရက်နေ့ သက်ဆိုင်ရာတွေက clearance လုပ်ပေးရင် သူတို့ အဲဒီမှာ မီးသဂြိုလ်တာတို့ ဒါမှမဟုတ် မြန်မာနိုင်ငံကို သယ်သွားချင်တယ်ဆိုရင် သယ်သွားလို့ရတယ် အထူးသဖြင့်ကတော့ မြန်မာနိုင်ငံကို သယ်သွားရင်တော့ ဒုက္ခများပြီးတော့ ဒီမှာ မီးသဂြိုလ်ကြမယ်လို့ ထင်ပါတယ်။ အဲဒါကတော့ ဆုံးဖြတ်တာ မကြားသေးဘူး။ ၁၃ ရက်နေ့ဆိုရင် ပိုပြီးတော့ သိလာရမှာဖြစ်ပါတယ် ဘာလုပ်ကြမလဲဆိုတာ။

ဒေါ်လှလှသန်း။ ။ တင်ပါ့ဘုရား ။ သူတို့ သက်ဆိုင်ရာမိသားစုတွေရဲ့ လိုချင်တဲ့ ဆန္ဒပေါ့နော် ။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ဟုတ်တယ် ။

ဒေါ်လှလှသန်း။။ အရှင်ဘုရား တပည့်တော်မ နောက်ဆုံးအနေနဲ့ မေးချင်တာက ဒီလို ဘုရားဖူးတွေ တော်တော်လာကြတယ် ၊ အထူးသဖြင့် မြန်မာနိုင်ငံက သောင်းနဲ့ ချီပြီးလာကြတဲ့အခါမှာ ဒီလို တည်းတဲ့ဟိုတယ်တွေမှာ အခက်မသင့် မီးလောင်ပြီးတော့ မြန်မာဘုရားဖူးတွေ မတော်တဆဖြစ်ပြီးတော့ သေဆုံးတာတွေ ရှိသလားလို့ သိချင်လို့ပါ အရှင်ဘုရား။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။အဲလိုမျိုး မီးလောင်မှုဖြစ်ပြီးတော့ သေဆုံးတာတွေ မရှိပါဘူး။ အခန့်မသင့်ပြီးတော့ နှလုံးရောဂါကြောင့် နှလုံးဖောက်ပြီး သေတဲ့လူတွေ အဲဒါတွေတော့ရှိပါတယ်။

ဒေါ်လှလှသန်း။ တင်ပါ့ဘုရား ။အခုလိုမျိုး မီးလောင်တာကတော့ ပထမဦးဆုံးအကြိမ်ပေါ့နော် မြန်မာဘုရားဖူးအဖွဲ့အတွက် ။

ဒေါက်တာ ဘဒ္ဒန္တ နန္ဒောဘာသ။ ။ဟုတ်တယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG