သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် စွဲချက် 7 Day ညှိနှိုင်းဖို့ မျှော်လင့်


Gonduraslik 13 yoshli migrant AQSh-Meksika chegarasida. Meksika. 15-noyabr, 2018.
Gonduraslik 13 yoshli migrant AQSh-Meksika chegarasida. Meksika. 15-noyabr, 2018.

စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်းကျောင်းဆင်းတချို့ နဲ့ ပြန်လည်တွေ့ဆုံပွဲမှာ ဦးရွှေမန်းပြောကြားချက်အပေါ် သတင်းစာတစောင် အနေနဲ့ ပြည်သူတွေ သိသင့်သိထိုက်တဲ့အချက်ကို သတင်းဖော်ပြတာသာ ဖြစ်တယ်လို့ 7Day သတင်းစာကပြောပါတယ်။ ဒီအပေါ်စစ်တပ်တွင်း ပုန်ကန်မှုဖြစ်အောင် လှုံ့ဆော်တယ်ဆိုတဲ့ စွဲချက်နဲ့ စစ်တပ်ဘက်က 7Day Daily သတင်းစာကို အမှုဖွင့်တရားစွဲဆိုလိုက်ကြောင်း သက်ဆိုင်ရာ ရဲစခန်းက 7Day ကို ဒီကနေ့ တရားဝင် အကြောင်းလာကြားတဲ့အတွက် တရားဥပဒေအရ ရင်ဆိုင်ဖို့ပြင်ဆင်နေပြီလို့လည်း ပြောပါတယ်။ အခုလို တရားစွဲဆိုတဲ့ အမှုနဲ့ပတ်သက်ပြီးလည်း နှစ်ဖက်ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းနဲ့ကျေအေးပြေငြိမ်းဖို့ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ ကလည်း ဒီကနေ့ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။ အသေးစိတ် မဆုမွန် ဆက်သွယ်စုံစမ်းထားပါတယ်။

၂၀၁၆ခုနှစ် ဧပြီလ ၂၄ ရက်နေ့ထုတ် 7day Daily Newspaper နေ့စဉ်ထုတ်သတင်းစာစောင်ပါ “စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရ ဦးရွှေမန်း တိုက်တွန်း” ဆိုတဲ့ သတင်းထောက်မင်းဟိန်းကျော်ရဲ့ သတင်းဆောင်းပါးနဲ့ ပတ်သက်ပြီး စစ်တပ်တွင်း ပုန်ကန်မှုဖြစ်အောင် သွေးထိုးလှုံ့ဆော်တယ်ဆိုပြီး 7day နေ့စဉ်သတင်းစာအယ်ဒီတာချုပ် ဦးသောင်းစုငြိမ်းနဲ့ ရေးသူ သတင်းထောက်ကို ရာဇသတ်ကြီးပုဒ်မ(၁၃၁) စစ်တပ်ဘက်က ဒုဗိုလ်မှူးကြီးလင်းထွန်းက တရားလိုအဖြစ် တရားစွဲဆိုအမှုဖွင့်လိုက်ပါတယ်။ ဒီကနေ့ဇွန်လ ၂၇ရက်နေ့မှာတော့ 7day သတင်းဌာနကို ရဲစခန်းဘက်က တရားဝင ်အကြောင်းကြားလာတယ်လို့ 7day သတင်းအယ်ဒီတာကိုအားမန်က ဗွီအိုအေမြန်မာပိုင်းကို အခုလိုပြောပါတယ်။

“ဒီနေ့ပဲ သူတို့ ရဲစခန်းကနေ အမှုဆင့်ခေါ်စာရောက်လာတယ်။ ရောက်လာတော့ ကျနော်တို့ ဒီဟာကို ပြန်သုံးသပ်တာကတော့ တကယ့်တကယ် ဒီပုဒ်မနဲ့ စွဲပေမဲ့ ကျနော်တို့ဖော်ပြခဲ့တဲ့သတင်းနဲ့ စွဲတဲ့ဟာနဲ့က ပြင်းထန်လွန်းပြီး နည်းနည်းလေး လမ်းကြောင်းလွဲနေတယ်လို့ ကျနော်တို့ သုံးသပ်တယ်ပေါ့။ နောက်ပြီး တပ်မတော်နဲ့ မီဒီယာနဲ့ အထူးသဖြင့် စာနယ်ဇင်းကောင်စီနဲ့ကလည်း ဆက်ဆံရေးလည်းကောင်းတယ်။ ရင်းနှီးတယ်။ နောက် မီဒီယာကိစ္စတွေဆိုရင် စာနယ်ဇင်းကောင်စီလမ်းကြောင်းကနေပဲ လာမယ်ဆိုတာ သိထားပြီးတော့ အခုဟာက စာနယ်ဇင်းကောင်စီ လမ်းကြောင်းကနေ လာတာလည်း မဟုတ်ဘူး။ နောက်ပြီးတော့ မီဒီယာနဲ့ပတ်သက်လို့ရှိရင် သတင်းမီဒီယာဥပဒေလည်း ရှိတာပေါ့နော်။ အခုက သတင်းမီဒီယာဥပဒေနဲ့စွဲတာမဟုတ်ပဲနဲ့ အခုဟာက ရာဇသတ်ကြီး ဥပဒေနဲ့ပုဒ်မနဲ့ စွဲတော့ ပြင်းလည်းပြင်းထန်တော့လေ။ အရင်ဆုံး ကျနော်တို့ဘက်က ပြောချင်တာကတော့ အခုသူတို့စွပ်စွဲသလိုပေါ့နော်။ တပ်မတော်ပြိုကွဲအောင် သွေးစည်းညီညွတ်မှုပြိုကွဲအောင် စွပ်စွဲတဲ့ဟာကတော့ လုံးလုံးမှားနေတယ်။ တကယ့်တကယ် ကျနော်တို့က ပြည်သူတွေရဲ့ Rights to Know အတွက်ပဲ ဖော်ပြခဲ့တာ။ ကျနော်တို့ရေးခဲ့တဲ့သတင်းတွေကလည်း အရင်ရှေ့ကသတင်းတွေမှာလည်း ဒီလိုပဲ ရေးခဲ့တော့လေ။ စာနယ်ဇင်းကျင့်ဝတ်အရလည်း ကျနော်တို့က ဘာမှ ချိုးဖောက်ထားတာမျိုး မဟုတ်ပဲနဲ့ ကျင့်ဝတ်အရလည်း ကျနော်တို့က ကျင့်ဝတ်နဲ့အညီ ရေးခဲ့တာပေါ့။ စွဲတဲ့ပုဒ်မကလည်း အရမ်းပြင်းထန်ပြီးတော့လေ။ လမ်းကြောင်းကလည်း နည်းနည်းလွဲနေတဲ့သဘောရှိနေတော့ ညှိနှိုင်းလို့ရတဲ့ နည်းလမ်းနဲ့ ဖြေရှင်းလို့ရမယ်လို့ မျှော်လင့်တော့ ညှိနှိုင်းလို့ရတဲ့နည်းလမ်းနဲ့သွားဖို့ ကျနော်တို့ ပြင်ဆင်နေပါတယ်အမ။”

မဆုမွန်။ ။ အခု ဒီရဲစခန်းကလည်း ဆင့်ခေါ်တဲ့စာလည်း လာတဲ့အခါကျတော့ ဘယ်လိုများ တရားဥပဒေလမ်းကြောင်းအရ သွားဖို့ရှိပါလဲရှင့်။

“ကျနော်တို့လည်း ဒီဘက်က ရှေ့နေတွေနဲ့တိုင်ပင်ပြီးတော့ ဘယ်လိုများ အဲ့တာကို ကျနော်တို့ ဘယ်လိုဆက်လုပ်သွားမလဲဆိုတာလည်း ကျနော်တို့ ဒီက ဥပဒေရေးရာကျွမ်းကျင်သူတွေရဲ့ အကြံညဏ်ကို ယူပြီးတော့ အဆင်ပြေတဲ့နည်းလမ်းကို ကျနော်တို့ အခုရှာနေပါတယ်။”

အခုလိုအမှုဖွင့်တာနဲ့ပတ်သက်ပြီး ပြေလည်ရေး ဘယ်အဖွဲ့အစည်းနဲ့မဆို သူတို့အနေနဲ့ ဆွေးနွေးညှိနှိုင်းမှာဖြစ်သလို လိုအပ်တဲ့ဥပဒေပိုင်းဆိုင်ရာပြင်ဆင်မှုတွေလည်း ဆောင်ရွက်သွားမှာဖြစ်တယ်လို့ 7days ကပြောပါတယ်။

အခုလို ပြည်သူကရွေးချယ်တင်မြှောက်တဲ့အစိုးရနဲ့ပူးပေါင်းဆောင်ရွက်ပါလို့ပြောတဲ့ သူရဦးရွှေမန်းရဲ့ပြောကြားချက်ကို ကိုးကားပြီး ဖော်ပြချက်အပေါ် စစ်တပ်ဘက်က သတင်းစာကို အမှုဖွင့်တဲ့အပေါ် သတင်းသမားတွေကလည်း ရှုတ်ချပါတယ်။ သတင်းစာဆရာ ဦးရဲနိုင်မိုးကတော့ ဒါဟာ သတင်းလွတ်လပ်ခွင့်ကို ထိပါးသလို လက်ရှိအရပ်သားအစိုးရကို အကျပ်အတည်းဖြစ်အောင် စစ်တပ်ဘက်က တွန်းပို့သလိုဖြစ်တယ်လို့လည်း သုံးသပ်ပါတယ်။

“ ပြောရမယ်ဆိုရင် အရပ်သားအစိုးရနဲ့ တပ်မတော်ဘက်က ဗိုလ်ချုပ်တွေ လက်တွဲလုပ်ရမယ့် တပ်မတော်ဘက်ကနေ လွတ်လပ်တဲ့ သတင်းမီဒီယာတခုကို ဒီလိုကြောက်စရာကောင်းတဲ့ပုဒ်မမျိုးနဲ့စွဲတာဟာ တဘက်ကပြောမယ်ဆိုရင် အရပ်သားအစိုးရကို အလုပ်လုပ်ကိုင်ဖို့အတွက် ခက်ခဲတဲ့အခြေအနေမျိုးတောင် ဖြစ်နိုင်တယ်လို့ ထင်ပါတယ်။ တပ်မတော်က နဂိုအတိုင်းပဲ ပြောင်းလဲမှု မရှိဘူး။ သူတို့နဲ့ပတ်သက်ရင် မရေးနဲ့ မထိနဲ့ဆိုတဲ့ တုန့်ပြန်မှုမျိုးလို့မြင်ပါတယ်။”

သူရဦးရွှေမန်းရဲ့ရေးသားချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ကန့်ကွက်ကြောင်း ဧပြီလ ၂၆ရက်နေ့ရက်စွဲနဲ့လည်း တပ်မတော်သတင်းမှန်ထုတ်ပြန်ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်ခဲ့သလို အခုဇွန်လ(၂၅)ရက်နေ့မှာတော့ ရေးသားချက်ကို ကိုးကားခဲ့တဲ့ သတင်းစာကို အမှုဖွင့်လိုက်တာဖြစ်ပါတယ်။ ဒီလို ရာဇသတ်ကြီးပုဒ်မ ၁၃၁နဲ့စွဲဆိုလိုက်တဲ့အမှုနဲ့ပတ်သက်ပြီး ရှေ့နေကြီးဦးကိုနီက အခုလိုရှု့မြင်ပါတယ်။

“ ၁၃၁ ကတော့ဗျာ ရာဇသတ်ကြီးဥပဒေ၊ ကြည်းတပ်၊ လေတပ်၊ ရေတပ်နဲ့ ဆိုင်တဲ့ပြစ်မှုတွေ ခေါင်းစဉ်အောက်မှာ စစ်ပုန်ကန်မှုကို အားပေးကူညီတာ၊ စစ်သားကိုတာဝန်ဝတ္တရားကနေ သွေးဆောင်အားထုတ်တာပေါ့ဗျာ သွေးဆောင်လို့ရှိရင် ၁၃၁ နဲ့ အရေးယူလို့ရတယ်။ ပြစ်ဒဏ်ကလည်း များတယ်။ တစ်သက်တစ်ကျွန်းဒဏ် သို့မဟုတ် ထောင်ဒဏ်ဆယ်နှစ်အထိ တမျိုးမျိုး ချမှတ်လို့ရမယ့်အပြင်တဲ့ ငွေဒဏ်လည်း ချမှတ်နိုင်တယ်တဲ့ ဆိုပြီးတော့ ပြဋ္ဌာန်းထားတယ်ပေါ့ဗျာ။ အဲ့ဒီ့တော့ ကျနော်တို့က ရှင်းကို မရှင်းဘူး။ နားကိုမလည်ဘူး။ ဘာကြောင့် ဒါကို ဒီလိုပုဒ်မမျိုးနဲ့စွဲတယ်ဆိုတာ။ ဒီပုဒ်မက အင်မတန်ကြီးကျယ်တဲ့ပုဒ်မလေ။”

အခုလို တပ်မတော်ဘက်က 7day နေ့စဉ်သတင်းစာကို အမှုဖွင့်တရားစွဲဆို လိုက်တဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒီကနေ့မှာပဲ ဇွန်လ(၂၇)ရက်နေ့ထုတ် ရက်စွဲနဲ့ မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီဘက်ကလည်း နှစ်ဘက်ညှိနှိုင်းဖြေရှင်းတဲ့ နည်းလမ်းဖြင့် ကျေအေးပြေငြိမ်းခြင်းကိုသာ လိုလားကြောင်း ကြေညာချက် ထုတ်ပါတယ်။ တချိန်တည်းမှာပဲ မြန်မာနိုင်ငံက လူ့အခွင့်အရေးအခြေအနေကို လာရောက်လေ့လာနေတဲ့ ကုလအထူးစုံစမ်းစစ်ဆေးရေးမှူး Ms. Yanghee Lee နဲ့ စာနယ်ဇင်းကော်စီ တွေ့ဆုံချိန်မှာလည်း အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် အခြေအနေ၊ BBC သတင်းထောက်အခြေအနေ၊ 7day သတင်းစာအမှုရင်ဆိုင်နေရတဲ့အနေအထားတွေကို ပြောခဲ့ပြီး သတင်းမီဒီယာတွေ ဥပဒေဘောင်တွင်းက အာမခံချက်ရှိစေရေးအားထုတ်သွားမယ် ဆိုတာကိုလည်း ကောင်စီဘက်က ကြေညာချက်တစောင် ထုတ်ပါတယ်။

တပ်မတော် စွဲချက် 7 Day ညှိနှိုင်းဖို့ မျှော်လင့်
please wait

No media source currently available

0:00 0:04:55 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG