သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

7Day Daily သတင်းစာကို စစ်တပ်ကအမှုဖွင့်ခြင်းဟာ မီဒီယာကို ခြိမ်းခြောက်ရာရောက်


7Day Daily news မှာ ဖော်ပြထားသော သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာ သတင်း (credit to 7Day Daily)
7Day Daily news မှာ ဖော်ပြထားသော သူရဦးရွှေမန်း၏ လူမှုကွန်ယက်စာမျက်နှာ သတင်း (credit to 7Day Daily)

စစ်တက္ကသိုလ် ကျောင်းဆင်းပွဲ အထိမ်းအမှတ်နဲ့ပတ်သက်လို့ ဗိုလ်ချုပ်ကြီးဟောင်းသူရဦးရွှေ မန်း ပြောစကားကို ဖေါ်ပြခဲ့တဲ့အတွက် 7Day Daily သတင်းစာကို မြန်မာစစ်တပ် ကနေ အမှုဖွင့်တရားစွဲလိုက်ပါတယ်။ ဒါဟာ တပ်မတော်နဲ့ပတ်သက်ရင် သတင်း မီဒီယာတွေအနေနဲ့ သတိထားလက်ရှောင်ဖို့ ခြိမ်းခြောက်တဲ့သဘောလို့ မြင်ကြောင်း မြန်မာနိုင်ငံသတင်း မီဒီယာကောင်စီကလည်း ပြောပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံတင်ဆက်မှာပါ။

ဧပြီလ (၂၄) ရက် နေ့က ထုတ်ဝေတဲ့ 7Day သတင်းစာမှာ “စစ်တက္ကသိုလ်ဆင်း ညီနောင်များအား လက်ရှိအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် သူရ ဦးရွှေမန်း တိုက်တွန်း” ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးသားခဲ့တဲ့သတင်းနဲ့ပတ်သက်လို့ ဇွန်လ (၂၅)ရက်နေ့က ရန်ကုန်တပ်နယ်မှူး ဒုဗိုလ်မှူးကြီးလင်းထွန်းက ရာဇသတ်ကြီးပုဒ်မ (၁၃၁)နဲ့ 7 Day သတင်းစာကို အမှုဖွင့်ထားကြောင်း ကမာရွတ်ရဲစခန်းက တာဝန်ကျရဲအရာရှိတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

“၂၅ ရက်နေ့ကနေပြီးတော့လေ အမှုလာဖွင့်တာရှိပါတယ်ခင်ဗျ။ ကျနော်တို့ ဒီမှာ ကမာရွတ် ရဲစခန်းကနေပြီးတော့ အမှုဖွင့်ပေးထားတာရှိပါတယ်ခင်ဗျ။ ဒုဗိုလ်မှူးကြီး လင်းထွန်းပါခင်ဗျ။ ပုဒ်မကတော့ ရာဇသတ်ကြီးပုဒ်မ (၁၃၁) နဲ့ ၊ သတင်းထောက်နဲ့ အယ်ဒီတာချုပ်ပေါ့၊ သူတို့ကို ဦးတည်ပြီးတော့ တိုင်ထားတာ ရှိပါတယ်။ ရာဇသတ် ကြီးပုဒ်မ (၁၃၁) ကတော့၊ ကျနော်တို့ ပြဌာန်းချက်ထားတာကတော့ - လက်ရှိ တပ်မတော်သားပေါ့နော်၊ အောက်ခြေက စပြီးတော့ အကြီးအထိပေါ့နော်၊ သူတို့ စစ်ပုန်ကန်မှုတွေဖြစ်လာအောင် သွေးထိုးလှုံ့ဆော် ရေးသားမှုတွေပေါ့နော်၊ လှုံ့ဆော် မှုတွေ၊ ရေးသားမှုတွေ၊ ဒါမျိုး ရေးထားတာဟာ ဒီပုဒ်မနဲ့ ငြိစွန်းတယ်ဆိုတဲ့ အကြောင်းပေါ့။ ပြဌာန်းထားတာ ရှိပါတယ်။”

အခုလို စစ်တပ်က 7Day Daily သတင်းစာကို အမှုှဖွင့်တာဟာ သတင်းမီဒီယာတွေ ကို တပ်မတော် နဲ့ပတ်သက် ရင် လက်ရှောင်ဖို့၊ သတိထားဖို့ ဆိုတဲ့ ခြိမ်းခြောက်မှုတွေ ပါနေတယ်လို့ မြင်ကြောင်း မြန်မာနိုင်ငံ သတင်း မီဒီယာကောင်စီအဖွဲ့ဝင် ကိုမြင့်ကျော်က ဗွီအိုအေကိုပြောပါတယ်။

“ကျနော့်အမြင်မှာတော့ ဒီ Complaint တိုင်ကြားတဲ့ဟာကို အသုံးချသင့်တယ် လို့ မြင်တယ်။ အခုလိုမျိုး မီဒီယာတွေကို တပ်မတော်နဲ့ ပတ်သက်လို့ ရေးတာ၊ တခုခုဖြစ်တာနဲ့ သူတို့ အဲဒီလိုမျိုး စွဲခြင်းဟာ ကြောက်အောင်လုပ်တဲ့ ဟာလိုမျိုး ဖြစ်နေတာပေါ့နော်။”

မေး။ အခု 7Day က ဖော်ပြတဲ့ သတင်းမှာဆိုရင်လည်း သူရဦးရွှေမန်းက သူ့ရဲ့ Facebook မှာ ရေးသားချက်တွေကိုပဲ သူက သတင်းအနေနဲ့ ဖော်ပြထားတာ ဆိုတော့ အခုလို ဒီ 7Day ကို အရေးယူတာကရော တကယ်ပဲ သူတို့ပြောတဲ့ ဥပဒေ ရာဇသတ်ကြီးပုဒ်မ (၁၃၁) နဲ့ရော ညီမညီပေါ့နော်၊ အဲဒါကို ဘယ်လို မြင်ပါသလဲရှင့်။

ဖြေ။ “ဥပဒေကြောင်းအရတော့ ကျနော် ရှေ့နေမဟုတ်တော့ ကျနော် မပြောတတ် ဘူးပေါ့လေ။ သို့သော် အနှစ်သာရအရတော့၊ ဒီအဖြစ်အပျက်အရ ပြောမယ် ဆိုရင်တော့ ဒီကိစ္စကို သူတို့က ကျူးလွန်တယ်လို့ သူတို့က ယူဆတယ်ပေါ့လေ၊ ဆိုပါတော့။ ဒီကိစ္စဟာ ဥပဒေချိုးဖောက်တယ်လို့ ယူဆတဲ့သူက နံပတ် (၁) က၊ ကာယကံရှင် သူရဦးရွှေမန်းဖြစ်ရမှာပေါ့နော်။ ဒီလိုအဖြစ်အပျက်ကို သူ ဒီလိုရေးတာ။ အဲဒီလိုဆိုတော့ သူရဦးရွှေမန်းကိုတော့ သူတို့ အရေးမယူဘဲနဲ့ သို့မဟုတ် တရားစွဲ တာမျိုး ဥပဒေအရ သူတို့မလုပ်ဘဲနဲ့၊ မီဒီယာကို နံပါတ်တစ် အရင် လုပ်သလဲ ဆိုတဲ့ဟာက ကျနော့်အထင်မှာတော့ တပ်မတော်နဲ့ပတ်သက်တဲ့ ကိစ္စတွေ မီဒီယာက သတိထားရေးကြဖို့ဆိုတဲ့ဟာမျိုးကို သတိပေးချင်တယ်၊ Warning ပေးချင် တယ်ပေါ့နော်။ နောက် တခုကတော့ လက်ရှောင်စေချင်တယ်။ တပ်မတော်နဲ့ပတ်သက်တဲ့ Sensitive ဖြစ်တဲ့ကိစ္စတွေ လက်ရှောင်စေချင်တယ်လို့ ကျနော်ထင်တယ်။ အဲဒီအထဲမှာ ကျနော်ဖတ်ကြည့်တာ တခုပဲ တပ်ထဲက အရာရှိတယောက်က ပြောတယ်ဆိုတဲ့ဟာမျိုး။ ဒါကလဲ Journalism သဘောအရ၊ သတင်းစာပညာအရဆိုရင် ဒါမျိုးက အမြဲတမ်း သတင်းတပုဒ်ဖြစ်အောင် လုပ်တယ် ဆိုရင် တပ်ကလူတယောက်ရဲ့အသံ၊ သက်ဆိုင်ရာ နယ်ပယ်က လူတယောက်ရဲ့ အသံကို ပါအောင် ထဲ့တာပေါ့နော်။ အဲဒါမျိုးကို သူတို့ မခံနိုင်ဘူးလို့ ထင်တယ်။ အခံနိုင်ဘူးဆိုတာက အဲဒါမျိုးကို သူတို့ သည်းမခံနိုင်ဘူးလို့ ကျနော်ထင်တယ်။ ကျနော် ထူးခြားတာလေးတွေ့တာ အဲဒီတခုပဲ ရှိတယ်။ ဒါပေမယ့် သတင်းစာပညာ အရ ဒါဟာ မှန်ကန်တယ်လို့ ကျနော်ထင်တယ်။”

သူရဦးရွှေမန်းရဲ့ Facebook မှာ ဧပြီလ (၂၃) ရက်နေ့က ရေးသားထားရာမှာ သူတက်ခဲ့တဲ့ စစ်တက္ကသိုလ်ဗိုလ်လောင်းသင်တန်း အမှတ်စဉ် (၁၁) ကျောင်းဆင်းပွဲ (၄၇) နှစ်မြောက် အထိမ်းအမှတ်အဖြစ် ညီနောင်တွေအနေနဲ့ နိုင်ငံနဲ့ ပြည်သူတွေရဲ့ အကျိုးကို မေတ္တာ၊ သစ္စာဖြင့် အုပ်ချုပ်မယ့်သူတွေကို မုဒိတာနဲ့ ပါဝင်ကူညီ ဆောင် ရွက်ဖို့ တိုက်တွန်းထားပါတယ်။ ဒါ့အပြင် ပြည်သူတွေရွေးချယ်ထားတဲ့ အစိုးရ တက်လာပြီ ဖြစ်တဲ့အတွက် ညီနောင်တွေအနေနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ အချိန် အခါကောင်းဖြစ်တယ်လို့လည်း ရေးသားထားပါတယ်။

အခုလိုဦးရွှေမန်းရဲ့ ရေးသားချက်နဲ့ပတ်သက်လို့ တပ်မတော်ဘက်က ကန့်ကွက်ကြောင်း ဧပြီလ ၂၆ ရက်နေ့ ရက်စွဲနဲ့ တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ကြေညာချက်ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG