၆၄ နှစ်မြောက် လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုပြီး ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပတ်သက်ပြီးတော့ လွတ်ငြိမ်းချမ်းသာခွင့်က ဘာကြောင့် ပေါ့ပေါ့တန်တန်၊ မစို့မပို့ ဖြစ်နေရတာလည်းဆိုတာနဲ့ ပတ်သက်ပြီးတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေးတာဝန်ခံ ဦးစောနိုင်နိုင်၊ စစ်ထောက်လှမ်းရေးဟောင်း ဦးအောင်လင်းထွဋ် တို့နဲ့ ဦးကျော်ဇံသာ က ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတာဟာ စကားလုံးအားဖြင့်လည်း အင်မတန် ကြီးကျယ်တယ်။ အဓိပ္ပါယ်အားဖြင့်လည်း အင်မတန်လေးနက်ပါတယ်။ မြန်မာနိုင်ငံလို နိုင်ငံရေးအကျဉ်းသားတွေအများကြီး ရှိနေတဲ့ တိုင်းပြည်မှာ လွတ်ငြိမ်းချမ်းသာခွင့်ဆိုတဲ့ စကားဟာ လူတိုင်းလိုလားတောင့်တနေတဲ့ စကားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီ စကားသံကြားရပေမယ့် လက်တွေ့ဖြစ်မလာတာတွေကို အများကြီးတွေ့နေရပါတယ်။ အခု ထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဆိုရင်လည်း လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုသောအားဖြင့်၊ တိုင်းရင်းသားစည်းလုံး ညီညွှတ်ရေးအတွက်၊ လူသားချင်းစာနာထောက်ထားမှုကို အလေးပေးသောအားဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ထုတ်တယ်လို့ ဆိုပါတယ်။ ဒါပေမဲ့ တကယ်တော့ အခုထုတ်ပြန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်ဟာ မစို့မပို့လောက်သာ ဖြစ်တာကြောင့် တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးအတွက်လည်း အထောက်အကူ ဖြစ်နိုင်မယ်လို့ မထင်ပါဘူး။ အလားတူ လူ့သားချင်းစာနာထောက်ထားမှုကိုလည်း အလေးအနက်ထားတာလည်း မရောက်ဘူးလို့ ထင်ပါတယ်။ ဆိုတော့ ဒီအစိုးရရဲ့ လွတ်ငြိမ်းချမ်းသာခွင့် ရည်ရွယ်ချက်ဟာ သူတို့ စာထဲမှာရေးထားတဲ့အတိုင်း မဖြစ်နိုင်ဘူး။ စာထဲမှာ ရေးထားတဲ့အတိုင်း တကယ်တမ်း တိုင်းရင်းသားစည်းလုံးညီညွှတ်မှုကို လိုလားတယ်။ လူ့သားချင်း စာနာမှုကို ပြသချင်တယ်ဆိုရင် သူတို့အနေနဲ့ လွှတ်ပေးသင့်တဲ့လူတွေကို၊ ပြည်သူတွေ မျှော်လင့်တောင့်တနေတဲ့ လူတွေ။ လူဆိုးသူဆိုးလည်း မဟုတ်ဘူး။ တိုင်းပြည်ကို တကယ်ချစ်တဲ့လူတွေ အများကြီး ထောင်ထဲမှာ ရှိနေပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေကို မလွှတ်ပေးနိုင်စရာအကြောင်း မရှိဘူးလို့ ထင်ပါတယ်။ ဒါဖြင့် သူတို့ဟာ ဒီမှာ ရေးထားတဲ့အတိုင်း မဟုတ်ဘဲနဲ့ ဘာရည်ရွယ်ချက်ကြောင့် ဒီလိုလွှတ်ပြနေတယ်လို့ ထင်ပါသလဲ။
ဦးအောင်လင်းထွဋ် ။ ။ ကျနော် တင်ပြရရင် ကျနော်တို့ ရှိစဉ်တုန်းကတော့ ဒေါ်အောင်ဆန်းစုကြည်၊ ဦးဝင်းတင်၊ မင်းကိုနိုင်၊ ကိုကိုကြီး ဒီပုဂ္ဂိုလ်တွေသည် ကျနော်တို့ အဲဒီတုန်းကတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ရဲ့ ခွင့်ပြုချက်မရဘဲနဲ့ ကျနော်တို့ သတင်းပို့လို့လည်း မရဘူး။ လွှတ်ပေးဖို့ တင်ပြပေမယ့် မရခဲ့တဲ့ အနေအထားတွေ အကြိမ်ကြိမ်ရှိခဲ့ဘူးပါတယ်။ ယခုလည်း လက်ရှိ ဗိုလ်ချုပ်ကြီးသိန်းစိန် အစိုးရအနေနဲ့ ထင်ရှားတဲ့ မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို သူတို့ လွှတ်ရဲတဲ့ အနေအထားမရှိသေးတဲ့အတွက်ကြောင့် ဒါဟာ တဖတ်ကလည်း သူတို့ လိုချင်တဲ့ဥစ္စာ နိုင်ငံတကာက အသိအမှတ်ပြုမှု၊ sanction တွေကို lift လုပ်ဖို့။ ဒါတွေကို သူတို့ မျှော်လင့်ပါတယ်။ ဒီလို မျှော်လင့်နေတဲ့ဟာတွေက မျှော်လင့်ဆဲဖြစ်တယ်။ မရသေးတဲ့အတွက်ကြောင့်မို့ အခုလို မစို့မပို့နဲ့ လုပ်နေတယ်လို့ ကျနော်မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆိုတော့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က မကြိုက်လို့ မလွှတ်ရဲဘူးဆိုတဲ့သဘော စောစောကပါခဲ့ပါတယ်။ အဲဒီတော့ အခုထိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ မျက်နှာကို ငဲ့ကွက်နေရဆဲလား။ ဒီပုဂ္ဂိုလ်က မကြိုက်ဘူးလို့ ထင်နေကြလို့လား။ တကယ်များ ဒီပုဂ္ဂိုလ်က မကြိုက်ကြောင်း ပြောထားလို့ အခုလို ဖြစ်နေရတာလား။
ဦးအောင်လင်းထွဋ် ။ ။ ဦးကျော်ဇံသာ ပြောသလိုပဲ နောက်က မင်းကိုနိုင်၊ ကိုကိုကြီးတို့ကို လွှတ်ဖို့ကိစ္စက ဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့ green light မရသေးတဲ့အတွက်ကြောင့် ဒီလိုဖြစ်နေတယ်။ အကြောင်းပြတာကတော့ ကာလုံ - ကာကွယ်ရေးနဲ့ လုံခြုံရေးက လူတွေက ခွင့်မပြုလို့လည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါ အကြောင်းပြချက် တခုပါ။
ဦးကျော်ဇံသာ ။ ။ ဦးနိုင်နိုင် … အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ အခုတော့ ဗိုလ်ချုပ်ကြီးမဟုတ်တော့ပါဘူး။ ဦးသိန်းစိန် အစိုးရနဲ့ အတော်လေး ဆွေးနွေးပြီးတော့ ပြေလည်မှု့ရတဲ့သဘောတွေ တွေ့ရပါတယ်။ ဆိုတော့ ဦးအောင်လင်းထွဋ် ပြောတဲ့အတိုင်းဆိုရင် အရေးကြီးတဲ့ကိစ္စက နိုင်ငံရေးအကျဉ်းသား လွှတ်ပေးရေး ဘာညာကိစ္စမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ က နောက်ကကြိုးကိုင်နေဆဲလို့ ယူဆနိုင်ဖွယ်တွေ ရှိနေတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ဦးသိန်းစိန်အစိုးရနဲ့ စေ့စပ်တာ နည်းနည်းများ မှားများနေပါသလား။ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ ပြေလည်အောင် ပြန်လည်ကြိုးစားဖို့ သင့်မနေဘူးလား။
ဦးစောနိုင်းနိုင်း။ ။ သဘောအရ ပြောရမယ်ဆိုရင်တော့ ကျနော်တို့က နိုင်ငံရေးပါတီတခုအနေနဲ့ စကားပြောတယ်ဆိုတာက သက်ဆိုင်ရာ incoming government လက်ရှိ အာဏာရှိနေတဲ့ အစိုးရ၊ တရားဝင်ဖြစ်တဲ့ အစိုးရရဲ့ အကြီးအကဲနဲ့ စကားပြောရတာပဲ။ ပြောသင့်ပြောထိုက်တဲ့လူ၊ ပြောသင့်ပြောရမယ့် လူနဲ့ပြောနေတာပဲ။ သူတို့က နောက်ကွယ်မှာ သြဇာ ဘယ်သူ့သြဇာကို ခံနေတယ်ဆိုတာကို ကျနော်တို့ တွေးစရာတော့ မရှိဘူး။ သို့သော်လည်း တွက်ချက်မှုတွေတော့ ထည့်တွက်ရတာပေါ့။ ကျနော်တို့ရဲ့ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ သက်ဆိုင်ရာ လက်ရှိအစိုးရအဖွဲ့အကြီးနဲ့ စကားပြောတဲ့အပေါ်မှာ ကျနော်တို့က ဒါကို တယောက်ကိုတယောက် ယုံကြည်စွာနဲ့ပဲ ပြောရမှာပဲ။ ကျနော်တို့က ဆွေးနွေးမှုတခု၊ ဖြေရှင်းမှုတခုလုပ်တာ she comes to the discussion must come with clean hands ဆိုတဲ့ စကားရှိပါတယ်။ ပြောကြဆိုကြ ဆွေးနွေးကြမယ်ဆိုရင် တဖတ်နဲ့တဖတ် စိတ်သန့်သန့် ကိုယ်သန့်သန့်နဲ့လာပြီး ဆွေးနွေးရမယ်။ ကျနော်တို့ဘက်ကတော့ အဲဒါ အပြည့်အဝရှိတယ်။ ကျနော်တို့က သူတို့ကို လက်ရှိ အစိုးရ၊ တရားဝင်အစိုးရ။ ကမ္ဘာကလည်း သူတို့ကို လက်ရှိ သတ်မှတ်နေတဲ့ အစိုးရကို ကျနော်တို့က လျှော့တွက်ပြီးတော့လည်း လုပ်လို့မရဘူး။
ဦးကျော်ဇံသာ ။ ။ အဲဒီ ဦးနိုင်နိုင်တို့ရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသား ဘယ်လောက်ရှိပါသလဲ။ အဲဒီ အကျဉ်းသားတွေအရေးကိုရော ပါတီရဲ့ မူဝါဒထဲမှာ ဘယ်လောက် အရေးပါတဲ့နေရာမှာ ထားပါသလဲ။
ဦးစောနိုင်းနိုင်း။ ။ ကျနော်တို့ ဒီမိုကရေစီစနစ်အတွက် လုပ်တဲ့ကိစ္စတွေ ပုဂ္ဂိုလ်ရေးအရ သူတပါးကို အနှောက်အယှက် မပေးဘဲနဲ့၊ တိုင်းပြည်အာဏာကို ကျင့်သုံးတဲ့ကိစ္စမှာ မတရားမှုတွေကို မလုပ်အောင်လို့ ပြောပြီးတော့ လုပ်တဲ့လူတွေဟာ နိုင်ငံရေးသမား၊ နိုင်ငံရေးလုပ်ဆောင်ချက်တွေပဲ။ ဒီလူတွေကို ကျနော်တို့က နိုင်ငံရေးသမားလို့ သဘောထားပါတယ်။ တချို့သောကိစ္စတွေမှာ ရွာသူရွာသားတွေရှိတယ်။ သူတို့ခင်များမှာ တောမှာနေပြီးတော့ ၁၃ (၁)၊ ၁၇ (၁) နဲ့ ဟိုဘက်က လက်နက်ရှိတဲ့ အင်အားစုတွေနဲ့ ခိုင်းတာစေတာကိစ္စတွေနဲ့ ထောင်ကျတာလည်း နိုင်ငံရေးကိစ္စနဲ့ ကျတာပဲ။ ဘာမှမသိရှာပါဘူး။ ဒီလို နိုင်ငံရေးနဲ့ ထောင်ကျတဲ့လူတွေကို ကျနော်တို့က အပ်ကျမတ်ကျ ဆက်သွယ်လို့ရတဲ့ အရေအတွက်ကတော့ မနေ့ကအထိ ကျနော်တို့နဲ့ ဆက်သွယ်လို့ရတဲ့ အရေအတွက်က ဘယ်လောက်ရှိသလဲဆိုရင် ၄၆၄ ယောက်လောက် ရှိပါတယ်။ သို့သော်လည်း ကျနော်တို့ အတွေ့အကြုံအရ ကျနော်တို့နဲ့ ဆက်သွယ်လို့မရ လမ်းကြောင်းမရှိတဲ့လူတွေ ဘယ်လောက်ခန့်မှန်းခြေရှိသလဲဆိုရင် နောက်ထပ် ၅၀% လောက်ရှိတယ်။ အဲဒီတော့ ၇၀၀ လောက်တော့ ကျန်မယ်ထင်ပါတယ်။ အဲဒီမှာ ကျနော်တို့က ၇၀၀ လောက်ကတော့ နိုင်ငံရေးကိစ္စနဲ့ ပတ်သက်ပြီးတော့ ရှိနေတယ်လို့ နားလည်းပါတယ်။ သို့သော်လည်း တခြားအဖွဲ့တွေရဲ့ သတ်မှတ်ချက်တွေနဲ့ ကွဲလွဲမှုတွေတော့ ရှိပါတယ်။
ဦးကျော်ဇံသာ ။ ။ အကျဉ်းသားတွေ လွတ်မြောက်ရေးကရော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒမှာ ဘယ်လောက် အရေးပါတဲ့နေရာမှာ ထားပါသလဲ။
ဦးစောနိုင်းနိုင်း။ ။ အလွန် အရေးပါဆုံးနေရာမှာ ရှိပါတယ်။ နိုင်ငံရေး အကျဉ်းသားတွေ၊ နိုင်ငံရေးကြောင့် ဒုက္ခသက်သက် ဖြစ်နေရတဲ့ သာမန် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ လိုသလို။ နိုင်ငံရေးကို တက်ကြွလှုပ်ရှားစွာနဲ့ လုပ်တဲ့ နိုင်ငံရေးသမားတွေ လွတ်မြောက်ဖို့က သိပ်အရေးကြီးပါတယ်။ ဗမာနိုင်ငံမှာ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီစနစ်ကို တည်ဆောက်နိုင်တဲ့အခါမျိုးမှာဆိုရင် နိုင်ငံရေးသမားတွေ ထောင်ထဲမှာမရှိရင် အကောင်းဆုံးပါ။ နိုင်ငံရေးသမားဆိုတာ တိုင်းပြည်ကောင်းစားရေးကို လုပ်နေတဲ့အတွက်ကြောင့် တိုင်းပြည်ကောင်းစားရေးလုပ်တဲ့လူတွေက ဘာဖြစ်လို့ ဒုက္ခဖြစ်နေရမှာလဲ။ ဘာဖြစ်လို့ အနှောင်အဖွဲ့ထဲမှာ နေရမှာလဲ။ အပြင်မှာ တိုင်းပြည်ကောင်းစားရေး၊ ဒီမိုကရေစီရေးကို ဆထက်တပိုး တိုးတက်ဖို့အတွက် ဆောင်ရွက်ဖို့ အရေးကြီးနေတဲ့အတွက်ကြောင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံရေးအကျဉ်းသားတွေ တန်းဖိုးထားပြီးတော့ ကျနော်တို့ အဖွဲ့ချုပ် ၂၀၁၀ ရွေးကောက်ပွဲမှာ မဝင်ခဲ့တဲ့ဥစ္စာကလည်း အဲဒီအကြောင်းတချက် ပါပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးကို အလေးထားသလိုပဲ။ အစိုးရအာဏာပိုင်တွေထဲမှာလည်း သူရဦးရွှေမန်းကဆိုရင် နိုင်ငံအတွက် တကယ် လုပ်နိုင်မယ့်လူတွေကို လွှတ်ပေးမယ်၊ ဘာညာပြောတာတွေလည်း ကြားမိမှာပါ။ တခါ အစိုးရကိုယ်တိုင် ဖွဲ့ပေးတဲ့ လူ့အခွင့်အရေးကော်မရှင်က အခု လွှတ်ငြိမ်းချမ်းသာခွင့်မှာ မစို့မပို့လေးသာ ဖြစ်လာတဲ့အတွက်ကြောင့် အားရကျေနပ်ဖွယ် မရှိဘူးဆိုပြီ ဖော်ထုတ်ပြောလာတဲ့အထိပါ။ ဆိုတော့ အဲဒီ ပြောတဲ့ပုဂ္ဂိုလ်တွေကရော စောစောကပြောခဲ့တဲ့ နောက်ကွယ်ကနေ မလွှတ်ပေးချင်ဘူးဆိုတဲ့ ပုဂ္ဂိုလ်ရဲ့ ဆန္ဒကို ဖိဆန်ပြီး ပြောလာတဲ့သဘောလား။
ဦးအောင်လင်းထွဋ် ။ ။ တပ်မတော် ခေါင်းဆောင်ပိုင်းတွေအနေနဲ့ အထူးသဖြင့် အဲဒီအချိန်တုန်းကတော့ ဗိုလ်ချုပ်ကြီးသန်းရွှေ၊ ဗိုလ်ချုပ်ကြီးမောင်အေး၊ ဗိုလ်ချုပ်ကြီးခင်ညွှန့် တို့အပါအဝင် တွေးကြတာက အခု ဦးနိုင်းနိုင်း ပြောကြတဲ့ နိုင်ငံရေးသမားပဲပြောပြော၊ ဒီမိုကရေစီသမားပဲပြောပြော ဒါတွေနဲ့ ပတ်သက်လို့ရှိရင် တိုင်းပြည်ကို အန္တရာယ်ပေးမယ့်လူလို့ သတ်မှတ်တဲ့အနေအထားတွေ ရှိခဲ့ပါတယ်။ နောက်ပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရထဲမှာပါပြီးတော့မှ သွားမယ်ဆိုတဲ့လမ်းကြောင်းကို တင်တဲ့အနေအထားတွေ ရှိခဲ့ပါတယ်။ အဲဒီတုန်းကတော့ ကြံ့ခိုင်ရေးအဖွဲ့နဲ့ ထောက်လှမ်းရေးအဖွဲ့တို့ ပြဿနာတက်ပြီးနောက်ပိုင်းမှာ ဒီပဲယင်းဆိုတာ ပေါ်လာခဲ့တယ်။ အခုအခြေအနေကို ပြန်ကြည့်ရင် သူတို့ လိုချင်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်တော်ထဲရောက်အောင် သူတို့ ထည့်လို့သွင်းလို့ စည်းရုံးလို့ ရပြီလို့မြင်တယ်။ နောက်ထပ်လိုချင်သေးတဲ့ sanction တို့၊ နိုင်ငံတကာ အသိအမှတ်ပြုရေးတို့ကို သူတို့ နိုင်ငံရေးအရ ကစားနေတယ်လို့ မြင်ပါတယ်။ သူတို့ထဲမှာလည်း အရာရှိကြီးပိုင်းတွေ၊ ဗိုလ်ချုပ်ရွှေမန်းကအစ တော်တော်များများက လွှတ်ချင်တယ်။ ပြည်သူလူထုရဲ့ စကားကို လိုက်လျောချင်တယ်အနေအထားတွေ ရှိနေတာကို အခုအချိန်အထိ သိနေရပါတယ်။
ဦးကျော်ဇံသာ ။ ။ ဦးရွှေမန်းတို့ ဘာတို့က မင်းကိုနိုင်၊ ကိုကိုကြီး၊ ဦးခွန်ထွန်းဦး တို့လို ပုဂ္ဂိုလ်တွေကို တိုင်းပြည်အတွက် အန္တရာယ်ရှိတဲ့လူတွေလို့ သူတို့ မမြင်တော့ဘူးပေါ့။ အရင်တုန်းက မြင်ခဲ့တာရှိကောင်းရှိမယ်။ အခု မမြင်တော့ဘူးပေါ့။ အဲဒီတော့ ဒီလူတွေရဲ့ ဆန္ဒအတိုင်း လွှတ်နိုင်မယ့်အခြေအနေ ရောက်လာနိုင်မယ်အခြေအနေ ရှိပါသလား။ ဘယ်အချိန်မှာ ရောက်လာနိုင်ပါသလဲ။
ဦးအောင်လင်းထွဋ် ။ ။ ဗိုလ်ချုပ်ကြီးရွှေမန်းကိုယ်တိုင် ပြောသွားတာ ကျနော်တို့ရှိပါတယ်။ မပြောင်းချင်တဲ့လူတွေကလည်း အင်အားမနည်းဘူးဆိုတာကို မီဒီယာနဲ့ ပြောတဲ့တခုမှာ ကြားမိပါတယ်။ ဘယ်အချိန်မှာ ဖြစ်နိုင်မလဲဆိုတော့ ကျနော်အနေနဲ့ ပြောရရင်တော့ မြစ်ဆုံဆည်ကိစ္စလိုပဲ ပြည်သူရဲ့ အား လိုပါတယ်။ ပြည်သူရဲ့ အားလိုတယ်။ ပြည်သူရဲ့ အားကို မှန်မှန်ကန်ကန်နဲ့ ကျနော်တို့ အသုံးချသွားနိုင်မယ်ဆိုရင်တော့ နိုင်ငံရေးအကျဉ်းသားတွေအားလုံး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပြန်ပြီး လွတ်လာလိမ့်မယ်လို့ မြင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က ရွေးကောက်ပွဲဝင်မယ်။ ဘာညာလုပ်လာတဲ့အခါမှာ လူတချို့ က ဆန္ဒစောရာကျနေလိမ့်မယ်။ အဓိကအားဖြင့် လွတ်သင့်တဲ့ နိုင်ငံရေးအကျဉ်းသားတွေ မလွတ်သေးဘူး။ ဒါရမှ ရွေးကောက်ပွဲ ဝင်တာတွေ၊ အစိုးရနဲ့ တရားဝင် ပူးပေါင်းဆောင်ရွက်တာတွေ လုပ်သင့်တယ်လို့ ဆန္ဒရှိသူတွေကလည်း ရှိနေပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဘဝင်ကျပါရဲ့လား။
ဦးစောနိုင်းနိုင်း။ ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဘဝင်ကျပါတယ်။ သူတို့ ထင်နိုင်တယ်။ တွေးနိုင်ပါတယ်။ ကျနော်တို့ရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်က အဓိပ္ပါယ်အများကြီး ရှိပါတယ်။ နိုင်ငံရေးအလုပ်ကို နိုင်ငံရေးပါတီလုပ်တဲ့နေရာမှာ လွှတ်တော်လို့ခေါ်တဲ့၊ ရွေးကောက်ပွဲလို့ခေါ်တဲ့ ကိစ္စတွေက နိုင်ငံရေးလုပ်ငန်းတခုက component တခုပါ။ တစိတ်တပိုင်း၊ အခန်းကဏ္ဍတခုဖြစ်တယ်။ နိုင်ငံရေးအလုပ်ကို အလုံးဆုံးလုပ်မယ်ဆိုရင် ဒီကိစ္စကို ဖယ်ပြီးတော့ ဟိုဟာလုပ်ရမယ်ဆိုတာ မရှိဘူး။ နောက်တခုက နိုင်ငံရေးအကျဉ်းသားမရှိမှ လွှတ်တော်ထဲဝင်မယ်။ ရွေးကောက်ခံမယ်ဆိုတာက ဘယ် ဒီမိုကရေစီနိုင်ငံ၊ ဘယ်ပါတီမှ မရှိပါဘူး။ ဒီမိုကရေစီမရှိတဲ့နေရာမှာ နိုင်ငံရေးအကျဉ်းသားများများရှိတာပါ။ ဒါကြောင့် ဒီကိစ္စတခုကို ကြေးကိုင်ပြီးတော့မှ မဝင်ဘဲနေမယ်ဆိုတဲ့ကိစ္စက နိုင်ငံရေးတခုကို မလုပ်တော့ဘူးဆိုတာ။ နိုင်ငံရေးနယ်ပယ်တခုမှာ ဝင်မလုပ်ဘူးဆိုတဲ့အရာလို့ တွေးလိုမရဘူး။ ကျနော်တို့က နိုင်ငံရေးအကျဉ်းသားကို တန်းဖိုးမထားတာလည်း မဟုတ်ဘူး။ နိုင်ငံရေးအကျဉ်းသား ချုပ်ထားတဲ့လူကို သပိတ်မှောက်တာလည်း မဟုတ်ဘူး။ ကျနော်တို့က ဒီမိုကရေစီစနစ်ကို ရရှိအောင်လုပ်တဲ့နေရာမှာ ဒီကိစ္စကလည်း အပါအဝင်နည်းလမ်းတခုဖြစ်တာမို့ လုပ်ရမှာပါ။
ဦးကျော်ဇံသာ ။ ။ ရွေးကောက်ပွဲဝင်ခြင်းအားဖြင့် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးအတွက် ပိုမိုဆောင်ရွက်လာနိုင်မယ်လို့ ထင်ပါသလား။ ဘယ်ပုံဘယ်နည်း ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်ချက်ထားပါသလဲ။
ဦးစောနိုင်းနိုင်း။ ။ လွှတ်တော်ထဲမှာ ကျနော်တို့ ဥပဒေပြုရေးကိစ္စ၊ အုပ်ချုပ်ရေးကိစ္စ၊ တရားစီရင်ရေးကိစ္စကို အာဏာ (၃) ရပ်ကို ကျင့်သုံးမယ့် လူထုကိုယ်စားလှယ် အခန်းကဏ္ဍတခုက သတ်မှတ်ချက်။ ဒီနေရာကို ကျနော်တို့ ဝင်ခြင်းအားဖြင့် အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ဥပဒေလည်း ပြုနိုင်လိမ့်မယ်။ အုပ်ချုပ်ရေးမှာလည်း ဆောင်ရွက်နိုင်မယ့် အခွင့်အလမ်း ရှိပါတယ်။ သို့သော် နည်းသည်များသည်၊ အောင်သည်ရှုံးသည်တော့ ရှိမှာပေါ့။ ဒါပေမဲ့ ဒီလုပ်ရပ်၊ လုပ်ပိုင်ခွင့်ကိုတော့ စွန့်လွှတ်လို့ မရဘူး။ ဒီမိုကရေစီစနစ်နဲ့ သွားမယ်ဆိုရင်တော့ ဒီကိစ္စကို ဆောင်ရွက်ရမှာပါ။
ဦးကျော်ဇံသာ ။ ။ ဦးအောင်လင်းထွဋ် ပြောတာက အစိုးရဖက်ကလည်း ဒေါ်အောင်ဆန်းစုကြည်ကို အစိုးရထဲမှာ ပါအောင်ထည့်ပြီးတော့ နိုင်ငံတကာအတွက် မျက်နာပန်းလှအောင် ဘာညာလုပ်မယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကလည်း လွှတ်တော်ထဲဝင်ပြီးတော့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်အောင်၊ ဒီမိုကရေစီ ထွန်းကားအောင်လုပ်မယ်ဆိုတော့ နှစ်ဖက်ကတော့ အားပြိုင်ပြီးတော့ ဆွဲကြတော့မယ်။ ဒီနှစ်လမ်းဟာ တလမ်းတည်း တညီတညွှတ်တည်း ဖြစ်နေတယ်လို့ ဆိုနိုင်ပါသလား။
ဦးအောင်လင်းထွဋ် ။ ။ ကျနော်အနေနဲ့ ပြောရရင်တော့ တပ်မတော်ထဲမှာ အရာရှိကြီးတွေပိုင်းမှာ ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့လူတွေ ရှိပါတယ်။ ဒီလူတွေကို အန်အယ်လ်ဒီပဲဖြစ်ဖြစ် ဒေါ်အောင်ဆန်းစုကြည်ဖြစ်ဖြစ် ကိုယ်ဘက်ကို သိမ်းသွင်းနိုင်ရင်တော့ နိုင်ငံရေးအကျဉ်းသားတွေလွှတ်ဖို့၊ ဒီမိုကရေစီရရှိဖို့က ဖြစ်နိုင်မယ့်လမ်း အဖြစ်ဆုံးပါ။
ဦးကျော်ဇံသာ ။ ။ ဦးအောင်လင်းထွဋ် အနေနဲ့ တပ်မတော်ထဲကလူတွေက ဒေါ်အောင်ဆန်းစုကြည် ကို လေးစားတဲ့လူတွေ အများကြီးဆိုတော့ ဒီလူတွေကို နိုင်အောင်သိမ်းသွင်းနိုင်ရမယ်ဆိုတော့ ဒီဟာကတော့ ဖြစ်နိုင်ခြေအများကြီး ရှိပါတယ်။ ဆိုတော့ ကျနော်မေးချင်တာက တပ်မတော်ကတော့ ဟုတ်နေပါပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီအနေနဲ့တော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ယှဉ်ပြိုင်ပြိုင်ဘက်ပါတီ ဖြစ်လာမှာပေါ့။ အဲဒီဘက်ကို သိမ်းသွင်းနိုင်မယ့် အခြေအနေရှိပါသလား။
ဦးစောနိုင်းနိုင်း ။ ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဆိုတာက အရင်တုန်းက စစ်အစိုးရဖွဲ့စည်းတဲ့အသင်းကနေ ဗြုန်းကနဲ့ ဖန်တီးလိုက်တဲ့ ပါတီတခုပါ။ သို့သော်လည်း နိုင်ငံရေးပါတီ သဘောတရားအရ ယုံကြည်ချက်ကြောင့် ဖြစ်ပေါ်လာတဲ့ ပါတီအဖွဲ့အစည်းတော့ မဟုတ်ဘူး။ အဲဒီတော့ သူတို့က မွေးဖွါးသန့်စင်တဲ့ မိခင်သဖွယ်ဖြစ်တဲ့ သူတို့ကို ထောက်ခံတယ်။ သူတို့ကို ထိန်းသိမ်းနိုင်တဲ့ လမ်းကြောင်းနေတဲ့ လူတွေအပေါ် အများကြီးမူတည်ပါတယ်။ ဗိုလ်မှူးအောင်လင်းထွဋ် ပြောတာ သဘောကြတယ်။ ဒီဥစ္စာ ဖြစ်နိုင်ပါတယ်။ ဒီပါတီကလူတွေက အကြီးအကဲအချင်းချင်းမှာ သဘောထားတခုကို လက်တွေ့ကျတဲ့ဟာ မှန်ကန်တဲ့ဥစ္စာကို ရောက်လာလို့ရှိရင် ကြံ့ခိုင်ရေးကလူတွေဆိုတာကို သိပ်ထည့်တွက်စရာမလိုပါဘူး။ ခေါင်းဆောင်တဲ့လူတွေပေါ်မှာပဲ မူတည်ပါလိမ့်မယ်။