သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးပိတ်ဆို့မှု နဲ့ ဦးဝင်းတင် အမြင်


စီးပွားရေးပိတ်ဆို့မှု နဲ့ ဦးဝင်းတင် အမြင်
စီးပွားရေးပိတ်ဆို့မှု နဲ့ ဦးဝင်းတင် အမြင်

ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးသုံးသပ်ခန်းမှာ ဦးကျော်ဇံသာက နှစ်ရှည်လများ ပိတ်ဆို့ထားတဲ့ အနောက်နိုင်ငံ၊ ဒီမိုကရေစီနိုင်ငံများရဲ့ မြန်မာစစ်အစိုးရအပေါ် စီးပွားရေးပိတ်ပင်ထားမှုကို ရုပ်သိမ်း သင့်သလား။ ပြောင်းလဲမှုများအတွက် စီးပွားရေးပိတ်ဆို့မှုက အဟန့်အတားဖြစ်နေသလား စတဲ့ အကြောင်းအရာများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင် ဦးဝင်းတင်နဲ့ ဆွေးနွေး သုံးသပ် တင်ပြထားပါတယ်။

ဦးကျော်ဇံသာ ။ ။ အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး (ASEAN Foreign Minister Summit) ကနေ မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့အရေးယူ ဒဏ်ခတ်မှုတွေကို ပြန်လည်ရုပ်သိမ်းပေးဖို့ တိုက်တွန်းတယ်လို့ ဆိုပါတယ်။ အဲဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ပထမဦးဆုံး မေးချင်တာက ဆရာရဲ့ ပုဂ္ဂိုလ်ရေး သဘောထားထက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ တရားဝင် သဘောထား ထုတ်ပြန်ထားပါ သလား။

ဦးဝင်းတင် ။ ။ တရားဝင်သဘောထားလို့တော့ ပြောလို့မရဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ပြောတဲ့စကားရှိတယ်။ နောက်တခါ ဦးတင်ဦးတို့ပြောတဲ့ စကားတွေရှိတယ်။ လွတ်လပ်ရေးနေ့တုန်းက စီးပွားရေးစာတမ်းတခု တင်ထားတာရှိပါတယ်။ အဲဒီအထဲမှာ sanction နဲ့ ပတ်သက်လို့ စီးပွားရေး ပိတ်ဆို့မှု တွေနဲ့ ပတ်သက်လို့ သဘောထားတွေ ပါပါတယ်။ အဲဒါကဖြင့် ကျနော်တို့ရဲ့ တရားဝင်သဘောထားလို့ ပြောမယ် ဆိုလည်း ပြောလို့ရပါတယ်။ တခုတော့ရှိတယ် - sanction တခုတည်းတော့ မဟုတ်ဘူး။ ကျန်တဲ့ စီးပွားရေးလုပ်ငန်းတခုနဲ့ ပတ်သက်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒီအထဲမှာမှ sanction နဲ့ ပတ်သက်တဲ့အပိုင်းကို ကွက်ပြီးတော့ ပြောပေးပါ။ တရားဝင် သဘောထား ဘယ်လိုလို့ ကျနော်တို့ နားလည်ရမလဲ။

ဦးဝင်းတင် ။ ။ Sanction နဲ့ ပတ်သက်လို့ နားလည်ရမယ့် သဘောထားကတော့ ဒီ sanction တွေ ဆိုတာက အနောက်နိုင်ငံများ၊ ဒီမိုကရေစီနိုင်ငံများအနေနဲ့ နိုင်ငံတနိုင်ငံမှာ လူ့အခွင့်အရေး ချိုးဖောက် မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ ရှိလို့ရှိရင် အဲဒါတွေကို အရေးယူတဲ့အနေနဲ့ ပြည်သူများကို အကာ အကွယ်ပေးတဲ့အနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို လုပ်တဲ့ဟာ လုပ်မြဲအစဉ်အလာအတိုင်း လုပ်တာဖြစ် ပါတယ်။ အဲဒါကြောင့် ဒီဟာက ကျနော်တို့ကနေ ချမှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတွေ မဟုတ်ပါဘူး။ ကျနော်တို့က ဖိတ်ခေါ် ထားတဲ့ အရေးယူပိတ်ဆို့မှုတွေလည်း မဟုတ်ပါဘူး။ ဒါတွေက ကမ္ဘာနိုင်ငံများ ကနေ ထုံးတမ်း အစဉ်အလာ အတိုင်း စစ်အာဏာရှင်နိုင်ငံတွေ၊ အာဏာရှင်နိုင်ငံတွေကို အရေးယူ ဆောင်ရွက်တဲ့ လုပ်ငန်းတခုမျှသာ ဖြစ်တယ်လို့ ကျနော်တို့အနေနဲ့ သတ်မှတ်ချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ အခု အနောက်နိုင်ငံတွေက မြန်မာနိုင်ငံကို sanction ပေးထားတဲ့ကိစ္စနဲ့ ပတ်သက် လို့ ရုပ်သိမ်းပါ၊ ဆက်လက်ကျင့်သုံးပါလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေနဲ့ ဘာမှမပြောဘူးပေါ့။

ဦးဝင်းတင် ။ ။ မပြောပါဘူး။ ကျနော်တို့ ပြောဖို့ ရည်ရွယ်ချက်မရှိဘူး။ စောစောကပြောသလို ကျနော် တို့က ဖိတ်ခေါ်ထားတာလည်း မဟုတ်ဘူး၊ ပိတ်ဆို့ထားတာလည်း မဟုတ်ဘူး။ အဲဒီအတွက် ကျနော် တို့ အနေနဲ့ ဘာမှပြောစရာ မလိုဘူး။

တကယ်ပြောရမယ့်ဟာကတော့ စစ်အစိုးရက ကျနော်တို့တတွေ ဒီလိုပိတ်ဆို့မှုတွေကို ရပ်ဆိုင်းပေးပါ၊ ရပ်ဖို့ အတွက် လိုအပ်တဲ့ ဒီမိုကရေစီ ရိုက်ချိုးမှုတွေ၊ လူ့အခွင့်အရေး ပိတ်ပင်မှုတွေ၊ ဖောက်ဖျက်မှုတွေ ရှိတယ်ဆိုရင် ကျနော်တို့ ရပ်စဲပေးပါမယ်လို့ သူတို့ကိုယ်တိုင်က ပြောရမယ့်စကားဖြစ်တယ်။ ကျနော်တို့ ဘာမှဝင်ပြောစရာ မရှိဘူးလို့ ယူဆပါတယ်။

ဦးကျော်ဇံသာ ။ ။ အဲဒါက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပိုင်းကို မေးတာပါ။ အခု ဆရာရဲ့ သဘော ထားကို မေးချင်ပါတယ်။ ဆရာအနေနဲ့ စစ်အစိုးရအပေါ်မှာ ပစ်မှတ်ထားပြီးတော့ targeted sanction ပေးထားတဲ့ ဟာတွေကို ဆက်လက်ထားရှိဖို့ လိုလားတယ်လို့ ပြောထားတာကို တွေ့ရပါတယ်။ ဟုတ်ပါသလား။

ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ ပြောပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ပစ်မှတ်ထားပြီး ချမှတ်တဲ့ စီးပွားရေး ပိတ်ဆို့မှုတွေဆိုတာ ဗမာပြည်မှာ ကြီးစိုးနေတဲ့ စစ်ဗိုလ်ကြီးတွေ၊ စစ်ဗိုလ်ကြီးတွေရဲ့ မိသားစုတွေက တခု၊ နောက်တခါ ဒီ စစ်ဗိုလ်ကြီးတွေနဲ့ စစ်အာဏာရှင်တွေနဲ့ ပေါင်းသင်းပြီးတော့ တိုင်းပြည်မှာ လက်ဝါးကြီးအုပ် နေတဲ့ လုပ်ငန်းရှင်တွေကို ပစ်မှတ်ထားတဲ့ စီးပွားရေးပိတ်ဆို့မှုတခု ဖြစ်ပါတယ်။ ဒီဟာတွေတော့ ထားကို ထားရမယ်။ ထားလည်းထားသင့်တယ်။ ထားမှလည်း လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ မတရား ဒီမိုကရေစီ အခွင့်အရေး ပိတ်ဆို့မှုတွေ ရပ်စဲသွားမယ်လို့ မြင်လို့ဖြစ်ပါတယ်။

ဦးကျော်ဇံသာ ။ ။ တချို့ကတော့ အဲဒီလို စစ်ဗိုလ်ကြီးတွေကို target ထားပြီးတော့ သူတို့ရဲ့ လက်ဝေခံ တွေ၊ စီးပွားရေးကို လက်ဝါးကြီးအုပ် လုပ်နေသူတွေကို ပစ်မှတ်ထားပြီးတော့ အရေးယူဒဏ်ခတ်မယ် ဆိုပေမဲ့ သူတို့ကို ထိခိုက်တယ် ထင်ပါသလား။ သူတို့ကို ဒီလို စီးပွားရေးကို ပစ်မှတ်ထား လုပ်လာပေမဲ့ သူတို့က ဆက်လက် ကြီးပွားဆဲ၊ ချမ်းသာနေပြီး သူတို့ရဲ့ မူဝါဒ တစက်ကလေးမှ မပြောင်းလဲ ခဲ့ဘူးဆိုတော့ သူတို့ကို ပစ်မှတ်ထားတာ ပစ်မှတ်ကို ထိပါသလား။

ဦးဝင်းတင် ။ ။ ကျနော်က ဒီလိုပြောချင်တယ်။ ပစ်မှတ်ထိခြင်း၊ မထိခြင်းဆိုတာကတော့ အမဲလိုက်တဲ့ လူတွေ လိုပေါ့။ ပစ်လိုက်တဲ့အခါမှာ လဲသွားရင်တော့ ထိတယ်လို့ ယူဆသလိုပေါ့။ အခုဟာကတော့ စစ်အစိုးရ အနေနဲ့က ဒီဟာ သူတို့ကိုထိတယ်။ သို့မဟုတ် စစ်အစိုးရနဲ့ အပေါင်းအဖော်တွေ ထိတယ် ဆိုတာ ထင်ရှားတဲ့ အကြောင်းကတော့ ဘာလဲဆိုတော့ ကျနော်တို့ သွေးစက်တွေမြင်နေပြီ၊ လဲကျနေ တာတွေ မြင်နေပြီ။ သူတို့ကို ထိခိုက်လို့သာ အော်နေတာပေါ့။ သို့သော် တခုရှိတာကတော့ ဒီဟာတွေ ကို သူတို့ကို ထိခိုက်တာ၊ မထိခိုက်တာထက်။ ဒါတွေကို တောင်းဆိုခြင်းမပြုဘူး၊ ပစ်မှတ်ထားပြီး လုပ်တဲ့ အရေးယူပိတ်ဆို့မှုတွေ မရှိဘူးဆိုရင် သူတို့က ချမ်းသာကြွယ်ဝသွားမယ်။ တိုင်းပြည်ကို ပိုပြီးတော့ ဂုတ်သွေးစုပ်နိုင်မယ့် အနေအထား မျိုး ရှိလာမယ်ဆိုတာကို ကျနော်တို့ နားလည်ရမယ်။ အဲဒါကို ကျနော်တို့ကတော့ ဘာပဲပြောပြော သူတို့တတွေ အော်သံတွေထွက်နေတာ တိုင်းပြည်မှာ ထိခိုက်ပါတယ်၊ နှစ်နာပါတယ်။ တိုင်းပြည်ဖွံ့ဖြိုးမှုတွေကို နှောင့်နှေး ပါတယ်၊ ကြန့်ကြာပါတယ်လို့ ပြော နေခြင်းဟာ သူတို့ကို ထိခိုက်လို့သာ အော်နေတာပေါ့။ နို့မို့ရင် သူတို့ဘာမှ အော်စရာမရှိဘူးလို့ ကျနော်တို့ ယူဆပါတယ်။ အဲဒီလိုပဲ ကျနော်ပြောချင်ပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ တဖတ်ကကြည့်မယ်ဆိုရင် သူတို့ဟာ စီးပွားရေးပိတ်ဆို့မှု လုပ်တယ်ဆိုတာ တိုင်းပြည်ကို ထိခိုက်တယ်၊ တိုင်းသူပြည်သားတွေကို ထိခိုက်ပါတယ်လို့ ပြောနေတဲ့ဟာ သူတို့ရဲ့ စီးမံ ခန့်ခွဲမှု ညံ့ဖျင်းတာ၊ သူတို့ရဲ့ မသမာမှုတွေအတွက် ရမယ်ရှာ အကြောင်းပြနေတာ သူတို့ရဲ့ pretext ပေါ့။ တိုင်းပြည်မှာ ဒီလို မတိုးတက်တာ သူတို့ကြောင့်ဆိုပြီး အကြောင်းပြစရာ ရမယ်ရှာစရာ တခုရနေ တယ်ဆိုရင်ကော။

ဦးဝင်းတင် ။ ။ သူတို့ရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းမှု၊ ဘဏ္ဍာရေးစံနစ် မှားယွင်းမှုတွေကို ကာကွယ်ဖို့အတွက် ဒီ sanction တွေကို အကြောင်းပြနေတဲ့လို့ ဦးကျော်ဇံသာ မေးတာ အဲဒီသဘောလား။

ဦးကျော်ဇံသာ ။ ။ ဟုတ်ပါတယ်။

ဦးဝင်းတင် ။ ။ ကျနော်တို့ ပြောချင်တာက ဘယ်လိုလဲ ဆိုတော့ အခု sanction အကြောင်းကို ပြောတဲ့ အခါမှာ ဒီ sanction ကြောင့် ထိခိုက်တယ် သို့မဟုတ် ပြည်သူလူထုကို ထိခိုက်တယ်၊ သို့မဟုတ် တိုင်းရင်းသားများကို ထိခိုက်တယ်။

သို့မဟုတ် တိုင်းပြည်ရဲ့ ဖွံ့ဖြိုးမှုကို ထိခိုက်တယ်ဆိုတဲ့ အချက်တွေဟာ မမှန်ပါဘူးလို့ ပြောချင်ပါတယ်။ ဘာဖြစ်လို့ မမှန်ဘူးလို့ ပြောချင်သလဲဆိုရင် တိုင်းပြည်တပြည်လုံးကို ကြည့်ပါ။ သူတို့ရဲ့ စီမံခန့်ခွဲမှုတွေ က ညံ့ဖျင်းပါတယ်။ တိုင်းပြည်ကို အုပ်ချုပ်တဲ့နေရာတွေမှာ ညံ့ဖျင်းပါတယ်။ စီးပွားရေးစံနစ်တွေ၊ ဈေးကွက် စီးပွားလို့ပြောပေမယ့် လွတ်လပ်တဲ့ ဈေးကွက်စီးပွားရေးမဟုတ်ဘဲ လူတစုကသာ လက်ဝါးကြီးအုပ် ချယ်လှယ်နေတဲ့ စီးပွားရေးစံနစ်ဖြစ်နေပါတယ်။

နောက်တခုက ဘဏ္ဍာငွေ ခွဲဝေသုံးစွဲမှုနေရာတွေမှာလည်း အများကြီးချို့ယွင်းနေပါတယ်။ နောက်တခါ တိုင်းပြည်အတွင်းမှာလည်း အဂတိလိုက်စားမှုတွေလည်း ကြီးမားစွာပေါ်နေပါတယ်။ အဲဒါတွေကြောင့် လူထုကို ထိခိုက်နေတာ ဖြစ်ပါတယ်။ အဲဒီလိုပဲ ပြောချင်ပါတယ်။ အဲဒီတော့ ဒါတွေက စီးပွားရေး ပိတ်ဆို့မှုကြောင့် ဖြစ်ရတယ်လို့ သက်သေထူစရာထက် ဒါတွေ ထင်ထင်ရှားရှားမြင်နေရတာတော့ အခု ကျနော် ထောက်ပြခဲ့တဲ့ စစ်အစိုးရရဲ့ အုပ်ချုပ်ရေးညံ့ဖျင်းခြင်း အခြေအနေတွေကြောင့် ပေါ်ပေါက်ရ တယ်လို့ ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒါပေမဲ့ စစ်အစိုးရကတော့ သူတို့က အဲဒါကို အသုံးချတာပေါ့။ သူတို့ ညံ့ဖျင်းမှု၊ အသုံးမကျမှု တွေကို ကာကွယ်ဖို့အတွက် sanction ကြောင့် ဖြစ်ပါတယ်လို့ လက်ညှိုးထိုးပြီး အသုံးချနေတယ်လို့ ကျနော်က ပြောချင်တာပါ။

ဦးဝင်းတင် ။ ။ ဟုတ်ပါတယ်။ အသုံးချနေတာပါ။

ဦးကျော်ဇံသာ ။ ။ အဲဒီတော့ သူတို့ကိုလည်း မထိခိုက်တဲ့အပြင် သူတို့က ဒါကို အသုံးချနေတယ် ဆိုတော့ သူတို့အတွက် အဲဒီ sanction ရှိနေတာ အကျိုးရှိနေသလို ဖြစ်နေတာပေါ့။

ဦးဝင်းတင် ။ ။ ဒါ အမှန်ဖြစ်နေတဲ့ဟာပါ။ သူတို့က ဒါကို အကာအကွယ်ယူနေတယ်။ အကြောင်းပြနေ တယ်။ ဒါကို အကြောင်းပြနေတယ်ဆိုတာနဲ့ ပတ်သက်လို့ သိပ်ပြီးထင်ရှားတဲ့အချက် ဖြစ်ပါတယ်။ ဒါပေမဲ့ ဘယ်လောက်ပဲ အကြောင်းပြနေပေမဲ့ ပြည်သူလူထုကို မေးပါ၊ ပြည်သူလူထုကြားမှာ ဝင်ပြီး စုံစမ်းပါ။ ဘယ်လိုပြောမလဲ ပြည်သူလူထုက ဘာပြောမလဲ။ ဒီ စစ်အစိုးရက လုပ်ပုံကိုင်နည်းတွေ မှားနေတယ်။ မတရားတွေ လုပ်နေတယ်။ အခွန်အတုပ်တွေ အများကြီး အကြီးအကျယ် ကောက်နေ တယ်။ ငွေလှယ်နှုန်း မမှန်မကန်လုပ်နေတယ်။ သို့မဟုတ်လည်း အုပ်ချုပ်ရေးစံနစ်တွေ ညံ့နေတယ်။ အဂတိလိုက်စားမှုတွေ များနေတယ် - ဒါတွေပဲ ပြောကြလိမ့်မယ်။

sanction ကြောင့်လို့တော့ ဘယ်သူမှ သိပ်ပြီး ပြောလိမ့်မယ် မထင်ဘူး။ ဘာဖြစ်လို့ ဒီလိုပြောသလဲ ဆိုတော့ တိုင်းပြည်မှာ သူတို့က တိုင်းပြည်မှာ စကားရှိပါတယ် - ထားစရာမရှိတဲ့လူနဲ့ စားစရာမရှိတဲ့လူ နှစ်မျိုးပဲ ရှိတယ်လို့။ ဒီ sanction ကို စားစရာမရှိတဲ့လူက သူတို့ကို ထိခိုက်တယ်လို့ ပြောစရာ အကြောင်းမရှိပါဘူး။ ထိခိုက်နေတာက ထားစရာမရှိတဲ့လူတွေကသာ သူတို့ ပိုပိုပြီး ထားစရာမရှိ လောက်အောင် ပို ချမ်းသာ ကြွယ်ဝခြင်းကို ထိခိုက်စေတဲ့ ဒီ sanction ကိုသာ လက်ညှိုးထိုးနေတာ ဖြစ်တယ်။

ဦးကျော်ဇံသာ ။ ။ နောက်တချို့က ပြောကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံမှာ ပြောင်းလဲသွားတဲ့ကိစ္စကို ကြည့်မယ်ဆိုရင် ဖွဲ့စည်းပုံအရ လွှတ်တော်က ပြောင်းလဲတာ မဟုတ်ဘူး။ စီးပွားရေးအားဖြင့် သူတို့ cronies တွေ သူတို့ရဲ့ လက်ဝေခံတွေ ဒီလိုပဲ စီးပွားရေးလုပ်ရင်နဲ့ စီးပွားရေးကျယ်ပြန့်လာတဲ့အခါ သူတို့ စီးပွားရေး လုပ်ပိုင်ခွင့် ပိုမိုရရှိလာဖို့အတွက် ရုန်းကန်မှုဟာ အဓိကအရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့ ပညာရှင်တွေက ဆိုကြပါတယ်။

ဆိုတော့ မြန်မာနိုင်ငံမှာလည်း စစ်အစိုးရနဲ့ သူတို့ အပေါင်းအပါးတွေဟာ စီးပွားရေးလုပ်တဲ့ လူနည်းစုက ချမ်းသာကြီးပွားသထက်ကြီးပွားခဲ့ရင် သူတို့စီးပွားရေးဘောင်ချယ်ရင် ဒီ cronies တွေရဲ့ စီးပွားရေး ဘောင်ချဲ့တာကတဆင့် ဒီမိုကရေစီပြုပြင်ရေးဖြစ်ဖို့ဘက်ကို အားသာလာစေတဲ့အကြောင်း မဖြစ်လာနိုင်ဘူး လား။

ဦးဝင်းတင် ။ ။ ဒီလိုဆိုရင်တော့ အဲဒါကျယ့်ပြန့်သွားမယ်လို့ ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ စီးပွားရေးသမား ချင်းလည်း နှိုင်းယှဉ်ကြည့်ရမယ်လို့ ထင်ပါတယ်။ အရည်အချင်းလည်း ကွာလိမ့် မယ်လို့ ထင်ပါတယ်။ အင်ဒိုနီးရှားကလူတွေက စီးပွားရေးလုပ်ငန်းလုပ်နေတဲ့လူတွေ ဖြစ်ကောင်း ဖြစ်လိမ့်မယ်။ နောက် လုပ်ငန်း အမြင်နဲ့ ကြည့်ပြီးတော့ ဒို့လုပ်ငန်းတွေ ဘောင်တွေဖြန့်ရင် ကောင်း မယ်ဆိုပြီး ချဲ့ရင်းကနေ ဒီမိုကရေစီ အခွင့်အရေးတွေ မြန်မြန်ပြောင်းလဲလာတဲ့ အနေအထားတွေ ရလာတယ်လို့ တွက်ရလိမ့်မယ်။

အခု ဗမာပြည်မှာရှိတဲ့ သူတို့ရဲ့ အပေါင်းအသင်းလို့ ပြောရမယ့်လူတွေပေါ့ - လက်ချိုးရေတွက်ရင် လေးငါးယောက်ပဲ ရှိပါတယ်။ အဲဒီ လေးငါးယောက်က သူတို့ရဲ့ စေတနာ၊ တိုင်းပြည်အပေါ်မှာ ထား တဲ့ဟာ စီးပွားရေးအမြင်တွေကတော့ အင်ဒိုနီးရှားလူတွေနဲ့ တန်းတူရည်တူရှိလိမ့်မယ်လို့ ကျနော်က သိပ်မထင်ပါဘူး။

အဲဒါကြောင့် သူတို့က သိပ်ပြီးတော့ ဘောင်တွေဘာတွေ ချဲ့ဖို့ဆိုတာထက် သူတို့ sanction တွေ ဘာတွေ ရှိတဲ့ ကာလမှာတောင် သူတို့ ပိုလို့တောင် အကျိုးအမြတ်ရှိတယ်လို့ တွက်ကောင်းတွက် လိမ့်မယ်။ သို့မဟုတ်လည်း လူကြားကောင်းအောင် sanction ကို နိုင်ငံရေးအားဖြင့် အန်အယ်လ်ဒီ တို့ ဘာတို့ကို တိုက်ခိုက်လို့ရအောင် ဒီမိုကရေစီအင်အားစုတွေကို တိုက်ခိုက်လို့ရအောင် ပြောနေတာ ဖြစ်ကောင်း ဖြစ်လိမ့် မယ်လို့ ပြောလို့ရပါတယ်။

ဦးကျော်ဇံသာ ။ ။ ဒီ sanction ကို ဆက်လက်ထားသင့်တယ်၊ မထားသင့်ဘူးဆိုပြီး ဒီမိုကရေစီ လိုလားတဲ့ အင်အားစုတွေအကြားမှာလည်း သဘောကွဲ ငြင်းခုံမှုတွေ ရှိပါတယ်။ ဆိုတော့ ဒီကိစ္စဟာ ဒီမိုကရေစီ အင်အားစုတွေကို အားပျော့စေတယ်လို့ ထင်ပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး တသွေးတသံ သဘောထား ဖြစ်အောင် ဘယ်လိုများ လုပ်နိုင်ပါမလဲ။

ဦးဝင်းတင် ။ ။ လွန်ခဲ့တဲ့ ဆယ့်လေးငါးနှစ်ကို ပြန်ကြည့်မယ်ဆိုရင် sanction တွေ ရုပ်သိမ်းရေးဆိုတာတွေ ပေါ်ပေါက်ခဲ့ဖူးပါတယ်။ သို့သော် အဲဒီလူတွေအများစုဟာ ဒီမိုကရေစီသမားတွေ မဟုတ်ပါဘူး။ ဒီမိုကရေစီအတွက် ပြောတာမဟုတ်ပါဘူး။

စစ်အစိုးရ အလိုကျ၊ စစ်အစိုးရရဲ့ အသံတွေကို လိုက်ပြီးတော့ သံယောင်လိုက်တဲ့ အသံတွေသာ ဖြစ်ပါတယ်။ ဒီမိုကရေစီအသံတွေ မဟုတ်ပါဘူး။ အဲဒါကြောင့် ဒီနေ့ sanction တွေနဲ့ ပတ်သက်ပြီး ရုပ်သိမ်းရေး ပြောတဲ့ ဟာတွေကလည်း ကျနော်အမြင်အရတော့ ဒါတွေက တိုင်းရင်းသားတွေရဲ့ အသံ၊ ဒီမိုကရေစီအင်အားစုတွေရဲ့အသံလို့ ကျနော်က မယူဆဘူး။ အဲဒါကြောင့် sanction ရုပ်သိမ်းရေး ပြဿနာဟာ ဒီမိုကရေစီသမား တွေကြား၊ တိုင်းရင်းသားတွေအကြားမှာ ပြဿနာဖြစ်အောင် ဖန်တီး နေတဲ့ အရာဖြစ်တယ်လို့ မယူဆပါဘူး။ ဒါတွေက ဘာလိုပြောပြော အမျိုးမျိုးသောအကြောင်းများ၊ အကြောင်းကြောင်းကြောင့် စစ်အစိုးရရဲ့ လေသံကို လိုက်ပြီး သံယောင်လိုက်ပြောနေတဲ့ အသံတွေ ဖြစ်တယ်။

နောက်တချက်ပြောချင်တာက ဘာပဲပြောပြော ဒီ ပုဂ္ဂိုလ်များရဲ့ ပြောတဲ့ဆိုတဲ့ အသံတွေကြောင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး လုပ်ငန်းတို့မှာ အဟန့်အတားဖြစ်စေမယ်လို့ ကျနော်တို့က မယူဆ ပါဘူး။ အကောင်းဆုံးက ဒီ ပုဂ္ဂိုလ်များဟာ sanction ရုပ်သိမ်းရေးကို ကြွေးကြော်နေတာနဲ့အတူ လုပ်ဖို့ ကောင်းတဲ့ အလုပ်က ဘာလဲဆိုတော့ စစ်အစိုးရကို အော်ရမှာ - အန်အယ်လ်ဒီ ကို အော်ရမှာ မဟုတ် ဘူး။ ဒီမိုကရေစီ အင်အားစုတွေကို အော်ဖို့မဟုတ်ဘူး။ အနောက်နိုင်ငံတွေက အရေးယူလုပ်ထားတဲ့ နိုင်ငံကြီးတွေကို အော်ဖို့ မဟုတ်ဘူး။ အော်ဖို့လိုတာက စစ်အစိုးရကို အော်ဖို့လိုတာ။

ဒီ sanction တွေ ရှိနေခြင်းဟာ ဗမာပြည်ထဲမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိနေလို့ ဖြစ်နေ တာပါ။ ဒီ လူ့အခွင့်အရေးချိုးဖော်မှုတွေ၊ ဒီမိုကရေစီ ရိုက်ချိုးမှုတွေကို ရုပ်သိမ်းပါ၊ ရုပ်သိမ်းခြင်း အားဖြင့် sanction တွေ လျော့ပါးသွားပါမယ်။ အဲဒီလို လျော့ပါးသွားခြင်းအားဖြင့် အမျိုးသားပြန်လည် သင့်မြတ်ရေး သဘာဝကျကျ ပေါ်လာပါလိမ့်မယ်ဆိုတဲ့ဟာကို ပြောသင့်တယ်လို့ ပြောလိုပါတယ်။

XS
SM
MD
LG