သုံးရလွယ်ကူစေသည့် Link များ

လွန်ခဲ့တဲ့ ဇန်နဝါရီလ (၅) ရက်နေ့မှာ သမ္မတဦးသိန်းစိန်က အင်္ဂလိပ်နိုင်ငံခြားရေးဝန်ကြီးကို နေ့လည် (၂) နာရီမှာ တွေ့ဆုံပြီး ညနေ (၄) နာရီမှာ အိန္ဒိယတပ်မတော် ကြည်းတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး V. K. Singh ဦးဆောင်တဲ့ အိန္ဒိယ စစ်ကိုယ်စားလှယ်အဖွဲ့ကို လက်ခံတွေ့ဆုံခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံခြားရေးဝန်ကြီးရဲ့  ခရီးစဉ်ကို ကမ္ဘာ့သတင်းမီဒီယာက အာရုံစိုက်သလောက် အိန္ဒိယ ဗိုလ်ချုပ်ကြီးရဲ့  မြန်မာပြည်ခရီးကို လျစ်လျူရှုထားတာ တွေ့ရပါတယ်။ တွေ့ဆုံဆွေးနွေးတဲ့အကြောင်းအရာကို ထုတ်ပြန်ကြေညာတာမျိုး မလုပ်ဘဲ စစ်ရေးလျှို့ ဝှက်ချက် လုပ်ထားပေမယ့် အိန္ဒိယ စစ်တက္ကသိုလ် တက်ရောက်မယ့် ဗမာဗိုလ်လောင်းဦးရေ တိုးပေးရေးကို ဆွေးနွေးကြောင်း သိရပါတယ်။ နယ်စပ်လမ်းတွေ ပြုပြင်ထိန်းသိမ်းရေးအတွက် ဆောက်လုပ်ရေးပစ္စည်းထောက်ပံ့ဖို့ အိန္ဒိယဘက်က ကမ်းလှမ်းလာတယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နှစ်နိုင်ငံ စစ်ဘက်ဆက်ဆံရေးမှာ အရေးကြီးဆုံးကိစ္စတခုဖြစ်တဲ့ အိန္ဒိယလူမျိုးစု သူပုန် နှိမ်နှင်းရေးကိစ္စကိုတော့ ထုတ်ဖော်ပြောဆိုတာမျိုး မလုပ်ကြပါဘူး။ အိန္ဒိယ ကြည်းတပ်ဦးစီးချုပ်ရဲ့  မြန်မာနိုင်ငံခရီးဟာ နယ်စပ်ဒေသက အိန္ဒိယ တိုင်းရင်းသား လက်နက်ကိုင်လှုပ်ရှားမှု ရှင်သန်နေတာကို မီးမောင်းထိုးပြသလို ဖြစ်နေပါတယ်။ အိန္ဒိယ အရှေ့ မြောက်ဒေသက တိုင်းရင်းသားသူပုန်ကို နှိမ်နှင်းရာမှာ ဗမာအကူအညီ လိုအပ်တာဟာ နှစ်နိုင်ငံ စစ်ရေးပူးတွဲ ဆောင်ရွက်ရတဲ့အကြောင်းရင်းတခု ဖြစ်ပါတယ်။

မြန်မာနယ်စပ်မှာ စခန်းချနေတဲ့ အာသံလွတ်မြောက်ရေးတပ်ဦး၊ မဏိပူရ ပြည်သူ့လွတ်မြောက်ရေးတပ်ဦး၊ နာဂသူပုန်စတဲ့ လူမျိုးစုလက်နက်ကိုင်တွေဟာ အိန္ဒိယရဲ့  အရှေ့ မျှော်လမ်းစဉ် အကောင်အထည်ဖော်ရာမှာ အနှောင့်အယှက် ဖြစ်နေတယ်လို့ အိန္ဒိယအစိုးရက ယူဆပါတယ်။ အိမ်နီးချင်းနိုင်ငံတွေမှာ လူမျိုးစုသူပုန်တွေ မခိုလှုံနိုင်အောင်လည်း အိန္ဒိယအစိုးရက ကြိုးပမ်းပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ခိုလှုံနေတဲ့ အာသံလွတ်မြောက်ရေးတပ်ဦး ခေါင်းဆောင်တွေကို အာဏာပိုင်တွေက ဖမ်းဆီးပြီး အိန္ဒိယကို ပြန်ပို့လိုက်ပါတယ်။ ဒီအတောအတွင်း နာဂသူပုန်တွေကို လက်နက်ဝယ်ပေးနေသူကို နိပေါလ်နိုင်ငံမှာ ဖမ်းဆီးရမိလို့ အိန္ဒိယ အာဏာပိုင်တွေ လက်ထဲရောက်သွားပါတယ်။

မြန်မာဘက်မှာ ခိုလှုံနေတဲ့ အိန္ဒိယလူမျိုးစု သူပုန်တိုက်ထုတ်ဖို့ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ၂၀၀၄ အိန္ဒိယခရီးမှာ ကတိပြုခဲ့ပါတယ်။ ၂၀၀၆ ခုနှစ်နောက်ပိုင်းက အိန္ဒိယလေတပ် စစ်ဦးစီးချုပ် နေပြည်တော်ကိုသွားတုန်းကလည်း အိန္ဒိယသူပုန်ကို တိုက်ထုတ်ဖို့ ကတိပေးပါတယ်။ လွန်ခဲ့တဲ့နှစ် ဇွန်လက အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး နေပြည်တော်ရောက်စဉ်ကလည်း အိန္ဒိယသူပုန်တွေကို တိုက်ထုတ်ဖို့ ဗမာဘက်က ကတိပေးပြန်ပါတယ်။ မြန်မာနယ်စပ်မှာ အိန္ဒိယလူမျိုးစုအုပ်စုတွေ ခြေကုတ်စခန်းတွေ ဖွင့်နေတာကြာပြီ ဖြစ်ပေမယ့် ဗမာအစိုးရတပ်နဲ့ ပူးတွဲစစ်ရေးလုပ်တာ သိပ်မကြာသေးပါဘူး။ နှစ်နိုင်ငံ ဆက်ဆံရေးပြန်လည် ကောင်းမွန်လာတော့မှ စစ်ရေးပူးပေါင်းဆောင်ရွက်မှု ရှိလာပါတယ်။ မဏိပူရပြည်နယ် မိုရေးနယ်စပ်မြို့ က တဆင့်ပေးပို့ထားတဲ့ လက်နက်ကြီးတွေနဲ့ ဗမာအစိုးရတပ်က အာသံသူပုန်အခြေစိုက်စခန်းတွေကို မနှစ်က ပစ်ခတ်တိုက်ခိုက်တယ်လို့ သတင်းထွက်ခဲ့ပါတယ်။

ဒါပေမဲ့ သမ္မတဦးသိန်းစိန် အိန္ဒိယကိုမသွားခင် ထွက်လာတဲ့သတင်းဖြစ်လို့ မလုပ်တဲ့ စစ်ဆင်ရေးကို သတင်းလွှင့်တာပဲလို့ သူပုန်အုပ်စုနဲ့ အဆက်အသွယ်ရှိသူ Bertil Lintner က အိန္ဒိယသတင်းစာစောင်တခုကို မနှစ်ကပြောပြပါတယ်။ အိန္ဒိယသူပုန်ကို အန္တရာယ်လို့ ဗမာအစိုးရက မယူဆတဲ့အတွက် ထိထိရောက်ရောက် မတိုက်ဘူးလို့ သုံးသပ်ပါတယ်။ မြန်မာနယ်စပ်မှာ ခြေကုတ်ယူနေတဲ့ အိန္ဒိယ လူမျိုးစုသူပုန်တွေကို ထိုးစစ်ဆင်ရာမှာ မြန်မာဘက်က စိတ်ထက်သန်မှု မရှိဘူးလို့ မြင်ကြပါတယ်။ အိန္ဒိယသူပုန်ကိစ္စဟာ အိန္ဒိယအစိုးရရဲ့  ပြဿနာသာဖြစ်တယ်လို့ ဗမာအစိုးရက မြင်ပုံရပါတယ်။ မူးယစ်ဆေးကို မီးရှို့ ပြပြီး တိုက်ဖျက်ရေးမလုပ်သလို ဟန်ပြပစ်ခတ်ပြီး စစ်ဆင်ရေးမလုပ်ဘူးလို့ ဆိုပါတယ်။

အိန္ဒိယ အရှေ့ မြောက်ပိုင်းပြည်နယ် (၇) ပြည်နယ်မှာ Arunachal, Pradesh, Negaland, မဏိပူရ နဲ့ မီဇိုရမ် ပြည်နယ် (၄) ခုဟာ မြန်မာပြည်နဲ့ နယ်စပ်ချင်း ဆက်နေပါတယ်။ ဒီအထဲမှာ Arunachal, Pradesh ဟာ တရုတ်ပြည်နဲ့ပါ ဆက်စပ်နေပြီး တရုတ်က ပိုင်ဆိုင်ကြောင်း ကြေညာထားတဲ့ ပြည်နယ်တွေ ဖြစ်ပါတယ်။ တောတောင်ထူထပ်တဲ့ နယ်စပ်ဒေသဖြစ်တာကြောင့် လူမျိုးစုလက်နက်ကိုင်တွေ ဝင်ထွက်သွားလာတာကို ပိတ်ပင်ဖို့ ခက်ခဲပါတယ်။ မြန်မာပြည်ဘက်မှာ သူပုန်စခန်း အစိတ်သုံးဆယ်လောက် ရှိမယ်လို့ အိန္ဒိယစစ်တပ်က ခန့်မှန်းပါတယ်။ လိုအပ်တဲ့ လက်နက်ခဲယမ်းကို တရုတ်ပြည်က ရရှိပါတယ်။

အိန္ဒိယသူပုန်တွေဟာ ရွှေလီအထိ သွားရောက်ပြီး လက်နက်ဝယ်ကြပါတယ်။ အိန္ဒိယသူပုန်တွေကို လက်နက်ရောင်းသူတွေထဲမှာ ဝ တပ်ဖွဲ့လည်း ပါဝင်ပါတယ်။ အိန္ဒိယနယ်စပ်မှာ ဖမ်းဆီးရမိတဲ့ လက်နက် (၈၀) ရာခိုင်နှုန်းဟာ တရုတ်ပြည်လုပ်တွေ ဖြစ်နေတယ်လို့ ဆိုပါတယ်။ အိန္ဒိယလူမျိုးစု သူပုန်ပြဿနာကို စစ်ရေးအရ မဖြေရှင်းနိုင်ကြောင်း အနှစ် (၅၀) လက်နက်ကိုင်လှုပ်ရှားမှုက ပြသနေပါတယ်။ ဒေသခံတွေ လူမှုစီးပွားရေး ဘဝကောင်းမွန်လာပြီး မိမိကိုယ်မိမိ အိန္ဒိယပြည်သားတွေလို့ ယုံကြည်လာမှသာ ဒီပြဿနာ ဖြေရှင်းဖို့ အခွင့်အလမ်းပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။

XS
SM
MD
LG